သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကမ္ဘာ့သတင်းများဖော်ပြမှု မှားယွင်းမှုရှိဟု ဒေါ်စုတုံ့ပြန်


မြန်မာနိုင်ငံက မတည်မငြိမ်အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ သတင်းမှားတွေ အကြီးအကျယ် ထွက်ပေါ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် ၁၂၅,၀၀၀ လောက်အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ မနေ့တုန်းက တယ်လီဖုန်းဆက် ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာဖြစ်ကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

တူရကီဒုတိယဝန်ကြီးချုပ်က ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ဆက်နွယ်ပြီး တခြားပြည်ပနိုင်ငံက သတင်းဓာတ်ပုံအမှားတွေကို ဖြန့်ဝေခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုခဲ့ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သတင်းအမှားတွေ အတုအယောင်တွေကြောင့် အကြမ်းဖက်သမားတွေ အကျိုးအတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်းလည်း တူရကီသမ္မတကို ပြောဆိုခဲ့တာပါ။

တူရကီသမ္မတကတော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝန်းကြား စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ဦးဆောင်ကြိုးပမ်းခဲ့သူတဦးအဖြစ် အမြော်အမြင်ကြီးကြီးနဲ့ ချဉ်းကပ်ဖြေရှင်းလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းမှာ တုံ့ပြန်မှုတွေ ထွက်ပေါ်နေရာမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က မြန်မာသံရုံးအပြင်ဘက်မှာလည်း လူပေါင်းထောင်နဲ့ချီပြီး ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် Malala Yousafzai ကလည်း တခြားနိုဘဲလ်ဆုရှင်တွေ အနေနဲ့ မြန်မာနိုင်ငံက မူဆလင်ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့အပေါ် ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက Muhammad Yunus ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမြန်ဆုံး အရေးယူ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ကလည်း နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်း ကူညီကြဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG