သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်စခန်းတွေ မီးဘေးရန် ဘယ်လိုကာကွယ်သင့်


စစ်တွေမြို့နယ်၊ အုန်းတောချေ ဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေစဉ်။ (ဓာတ်ပုံ MOI)
စစ်တွေမြို့နယ်၊ အုန်းတောချေ ဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေစဉ်။ (ဓာတ်ပုံ MOI)

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မီးဘေးသင့်ခဲ့တဲ့ ဒုက္ခသည်စခန်းအတွက် ပြန်လည်နေရာချထားရေးနဲ့ ထူထောင် ရေးတွေကို ရခိုင်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးက ပြောပါတယ်။ လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့အပြင် အိမ်ထောင်စု ရာကျော်ရဲ့ နေအိမ်ခန်းတွေ မီးထဲပါသွားရတာက ပေါ့ဆမီးကြောင့်လို့ မီးသတ်ကပြောပြီး ဒုက္ခသည်တွေကတော့ ဒီစခန်းမှာ လူဦးရေ ထူထပ် လွန်းတာနဲ့ အဆောင်တွေနေရာချထားတဲ့ ပုံစံကြောင့်လည်း ဒီလိုဖြစ်ရတဲ့အတွက် သူတို့ဘေးကင်းလုံခြုံစွာ နေထိုင်ရေးကို တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ ဆောင်ရွက်ပေးဖို့ ဒုက္ခသည်တွေက တောင်းဆိုပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင်းက အုန်းတောချေဒုက္ခသည်စခန်းတွင်း အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၁ နာရီခွဲလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဒုက္ခသည်ခြောက်ဦးသေဆုံး၊ ဒုက္ခသည်အဆောင် (၁၅) လုံး ပျက်စီး-အိမ်ထောင်စုပေါင်း (၁၄၁) စုက ဒုက္ခသည် စုစုပေါင်း (၈၂၂) ဦး မီးဘေးဒဏ်သင့်ခဲ့ကြရပါတယ်။ မီးဘေးသင့်ခဲ့ရတဲ့ ဒုက္ခသည်စခန်းနေ ဒုက္ခသည်တွေကိုတော့ လတ်တလောမှာ အုန်းတောကြီးအခြေခံ ပညာ မူလတန်းကျောင်းမှာ ယာယီနေရာချထားပေးထားပါတယ်။ မီးလောင်သေဆုံးရသူတွေနဲ့ မီးဘေးဒဏ် သင့်ပြည်သူတွေကို ရခိုင်ပြည်နယ်အစိုးရနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ လူကယ်ပြန်ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"လူသေဆုံးတယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရံပုံငွေကနေ တယောက်ကို သုံးသိန်း ထောက်ပံ့ပါတယ်။ နောက် အိမ်ထောင်စုတွေ မီးလောင်သွားတယ်ဆိုရင် အိမ်ထောင်စု အသုံးအဆောင် ပစ္စည်းတွေကို သေတ္တာအလိုက် သတ်မှတ်ထားတာတွေရှိတယ်။ ၁၁ မျိုးပေါ့။ အမျိုးအမည်တွေနဲ့ပေါ့နော်။ အဲ့တာ မျိုးတွေကို Box တွေနဲ့ပံ့ပိုးပေးတာရှိပါတယ်။ နောက် ဆန်၊ ဆီ၊ ဆား လူဦးရေနဲ့တွက်ပြီးတော့ တလစာ ထောက်ပံ့ တယ် ခင်ဗျ။ အဲ့တော့ ကျနော်တို့ ဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ထောက်ပံ့တယ်။ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကလည်း သွားပြီး ထောက်ပံ့ပြီးပြီလို့သိရပါတယ်။ ဒီလိုမျိုး မီးဘေးမဖြစ်အောင် ပုံမှန် မီးဘေးကာကွယ်တဲ့ပညာပေးမှုတွေနဲ့ နည်းလမ်းတွေကို ပြည်နယ်အစိုးရကလည်း အဆင်သင့် ဆောင်ရွက် လုပ်ကိုင်နေပါတယ်။"

ဒုက္ခသည်စခန်းတွင်း အဆောင်နေ အခန်းတွဲတွေထဲ အိမ်ထောင်စုတွေဟာ များပြားစွာ စုဝေးနေထိုင်ကြရပြီး အခုလို မီးဘေးနဲ့သဘာဝဘေး မတော်တဆမှုတွေကြုံကြိုက်လာရချိန်မှာ ဘေးကင်းလုံခြုံမှု ရှိအောင် ထိ ရောက်တဲ့ ကာကွယ်မှုတွေ မစီစဉ်ပေးထားတဲ့အတွက် အခုလို လူခြောက်ဦးအထိ သေဆုံးခဲ့တဲ့ အဖြစ်နဲ့ ကြုံခဲ့ရ တာလို့လည်း စစ်တွေ ဒုက္ခသည်စခန်းနေ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးခင်မောင်ထွန်းက ပြောပြပါတယ်။ ဒုက္ခသည် စခန်းတွင်း စနစ်တကျနေရာချထားမှုတွေ ဆောင်ရွက်ပေးသင့်သလို လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေး ရေး ထောက်ပံ့မှုတွေကလည်း အရေးတကြီးလိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။

"လူခြောက်ယောက်တောင် အသက်ဆုံးရှုံးသွားတယ်။ နောက်ပြီးတော့ ၈ ခန်းတွဲထားတဲ့ အဆောင်ကြီး တွေ လောင်ကျွမ်းသွားတယ်။ ဒါတွေက တည့်တည့်ပြောမယ်ဆိုရင် Shelters ဒီဇိုင်းတွေကို ကျနော်တို့ အရင် ဆုံး ပြောင်းဖို့လိုတယ်။ Shelter တခုကနေ နောက် Shelter တခုကို မပြောင်းဖို့ မကူးစက်ဖို့အတွက် လုပ်ပေး စေချင်တယ် ဒီ IDP တွေက ကျနေ်ာတို့အပါအဝင်ပေါ့နော်။ တကယ်တော့ ဒီ IDP စခန်းထဲမှာ နေထိုင်နေ ရတယ်ဆိုတာက လူတွေရဲ့ အသက်အန္တရာယ်နဲ့ရင်ဆိုင်နေကြရတာ အသက်အန္တရာယ်ကို ဒီလူတွေက ခံနေကြ ရတာ။ ဒါကြောင့် အစိုးရရဲ့ ဒီ Shelters စီမံကိန်းတွေကို သူတို့ စနစ်တကျပေါ့နော် လုပ်သင့်တယ်။ နောက် တခုက ဒီ IDP စခန်းထဲမှာ ကန်တွေ ဘာတွေလည်း မရှိဘူး။ ဒီလူတွေ ရေအားကိုးရတဲ့နေရာလည်း မရှိဘူး။ ဒီလိုအကြောင်းအမျိုးမျိုးကြောင့်မို့လို့ ဒီလူတွေက ကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ပြီး နေထိုင်နေကြရတာ ဖြစ်တယ်။"

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း လူမျိုးရေး-ဘာသာရေးအသွင်ဆောင် အကြမ်းဖက်ပဋိပက္ခနောက်ပိုင်း မူဆလင်ဒုက္ခသည်တွေဟာ စစ်တွေ အုန်းတောချေဒုက္ခသည်စခန်းအပါအဝင် စခန်းတွေမှာ ခိုလှုံနေထိုင်ခဲ့ ကြရတာဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွင်း လူဦးရေထူထပ်စွာနေထိုင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ တွေနဲ့လည်း ရင်ဆိုင်နေကြရတာမို့ ဒုက္ခသည်တွေ သူတို့ရဲ့နေရပ်ရင်းတွေကို ပြန်လည်နေထိုင်ခွင့်ရပြီး နေ့စဉ် လူနေမှုဘဝတွေ ပုံမှန် လည်ပတ်လုပ်ကိုင်ခွင့် ရဖို့ အစိုးရတာဝန်ရှိသူတွေဘက်က အရေးတကြီး ဆောင်ရွက် ပေးသင့်ပါပြီလို့လည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်က မြို့သူကြီးကျေးရွာသား မူဆလင်တဦးဖြစ်တဲ့ ဦးလှထွန်းကလည်း အကြံပြုပါတယ်။

"ဒီဒုက္ခသည်စခန်းတွေ တည်ဆောက်ထားတာကလည်း ၂၀၁၂ ခုနှစ်ကတည်းကဆို ကြာလှပြီ။ တကယ်ဆို စစ်တွေဘက်မှာကလည်း အခြေအနေက သိပ်ဆိုးတော့တာမဟုတ်ဘူး။ သူတို့ကို သူတို့ရဲ့ မူလနေရာ တွေ မှာ ပြန်ပြီးတော့ ကိုယ့်အိမ်ကိုယ့်ယာနဲ့ ပြန်နေခွင့်ပေးမယ်ဆိုရင် ဒီလိုမတော်တဆ ဖြစ်စရာအကြောင်းလည်း မရှိဘူး။ အိမ်တွေက ပြွတ်သိပ်နေတော့ တကယ်ဆို အိမ်ကတအိမ်ချင်းပဲလောင်မှာ ဒီလို အများကြီး လောင်စရာ မရှိဘူး။ ဒီစစ်တွေကမ့်မှာ ဆောက်ထားတဲ့ စခန်းတွေက တသားတည်း ဆောက်ထားတာဆိုတော့ စခန်း တခုခု မှာ မီးလောင်တယ်ဆိုရင် တဆက်တည်း လောင်ကုန်တာပေါ့။ သီးခြားအိမ်တွေသာဖြစ်ခဲ့ရင် တအိမ် နှစ်အိမ် လောက်ပဲ လောင်မှာလေ။ အခုက စခန်းတွေက တသားတည်းဆိုတော့ အများကြီး လောင်ကုန်တာပေါ့။ အိမ် တွေက ကြပ်ညပ်နေတော့ လူတွေကလည်း မလှုပ်နိုင်ဘူးဖြစ်သွားတော့ အဲ့တော့ လူတွေပါ သေကုန်တာပေါ့။"

လတ်တလောမှာတော့ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ဲ့ စစ်တွေ အုန်းတောချေဒုက္ခသည်စခန်းက မီးလောင်ကျွမ်းမှုကို စစ်တွေမီးသတ်ဌာနက ပေါ့ဆမီးလို့ သတ်မှတ်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ခဲ့တဲ့နေရာက ဦးနော်ဇူမျကို “ပေါ့ဆ မီး- ပုဒ်မ ၂၈၅၊ လူသေမှု- ၃၀၄ (က) နဲ့ စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့် တရားစွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG