ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်တွေအပေါ်မှာ ခွဲခြား ဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေတယ်လို့ဆိုပြီး အဲဒါ တွေကို အဆုံးသတ်ဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က မြန်မာအစိုးရ ကို တောင်းဆိုလိုက်ပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ နှစ်ရက်တာကျင်းပခဲ့တဲ့ OIC အဖွဲ့ရဲ့ ၄၁ ကြိမ်မြောက် နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာ အဲဒီလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အစ္စရေး-ပါလက်စတိုင်းအရေးနဲ့ ပတ်သက်လို့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်ဆိုင်းလိုက်ရတာဟာ အစ္စရေးဘက်က အကျဉ်းသား လဲလှယ်ရေး ကိစ္စ အပါအ၀င် သဘောတူညီချက်တွေမှာ ကတိကဝတ် ပျက်ကွက် မှုတွေကြောင့် ဖြစ်တယ်လို့ ဝေဖန် ထားပြီး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ နိုင်ငံရေး၊ လူမှုရေး တာဝန်သိစိတ်နဲ့ ပါလက်စတိုင်းကို ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းထားပါ တယ်။
အီရတ်နိုင်ငံတွင်း ဆိုးရွားလာနေတဲ့ ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သက်လို့ပြီးတော့လည်း OIC ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြ သလို အီရတ်အခြေစိုက် အစ္စလာမ် အစွန်းရောက်အဖွဲ့ ISIL ကို အကြမ်းဖက်အဖွဲ့ တခုအဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ဆီးရီးယားနိုင်ငံကိုလည်း အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ကနေ ယာယီ ရပ်ဆိုင်းကြောင်း OIC ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။