သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲအကြို ရခိုင်ပါတီနှစ်ခု ပူးပေါင်း


ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ရုံးတစ်ခုပုံ။ (ဓာတ်ပုံ - RNDP)
ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ရုံးတစ်ခုပုံ။ (ဓာတ်ပုံ - RNDP)
၂၀၁၅ ရွေးကောက်ပွဲကို ရည်ရွယ်ဦးတည်ပြီး ရခိုင်ပြည်နယ်မှာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ တစ်ပါတီတည်း ပေါင်းစည်းဖို့ ဒီကနေ့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ဒီနှစ် အောက်တိုဘာလ မတိုင်ခင် ပေါင်းစည်းရေး လုပ်သွားမယ့်အကြောင်း ရခိုင်ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်စုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုကျော်ထင်က ရန်ကုန်ကနေ သတင်းပို့ထားပါတယ်။

ရခိုင်လူထုတွေ၊ သံဃာအဖွဲ့စည်းတွေနဲ့ လူမှုရေးအသင်းဖွဲ့တွေက လိုလားတဲ့ ALD နဲ့ RNDP ပေါင်းစည်းရေးအတွက် ဒီနေ့မှာ ကနဦးသဘောတူညီချက် ယူနိုင်ခဲ့ပါတယ်။ နှစ်ပါတီပေါင်းစည်းရေးအတွက် ပေါင်းစည်းရေးလုပ်ငန်းကော်မတီကို ပါတီ နှစ်ခုစလုံးက အချိုးညီကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပြီး လာမယ့် ၃ လအတွင်း ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတယ်လို့ ALD ခေါင်းဆောင် ဦးသာဘန်းက ပြောပါတယ်။

"ကနေ့ပဲ ရခိုင် သဟာယအသင်းတည်ရှိတဲ့ ကျိုက္ကဆံလမ်းမှာ ရခိုင်ဒီမိုကရေစီအဖွဲ့က ကိုယ်စားလှယ် ၆ ဦး၊ ရခိုင်တိုးတက်ရေးပါတီက ကိုယ်စားလှယ် ၆ ဦး၊ သူတို့အပါအဝင် ဒေါက်တာအေးထွန်းတို့၊ ဦးမြသိန်းတို့ စတဲ့ပုဂ္ဂိုယ်တွေ ၁၃ ဦးက ပေါင်းစည်းရေး ပြောကြတော့ ပေါင်းစည်းရေး အတွက် နှစ်ဘက်စလုံးက တညီတညွတ်တည်း ဆုံးဖြတ်တယ်။ ပေါင်းစည်းတာနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီလုပ်မယ်။ နှစ်ဖွဲ့မှာရှိတဲ့ မူတွေနဲ့အညီပေါင်းစည်း မယ်။ ပေါင်းစည်းဖို့အတွက် လုပ်ငန်းကော်မတီ ဖွဲ့လိုက်တယ်။ ပေါင်းစည်းရေးကော်မတီမှာ တဘက် ၆ ဦးစီပါတယ်။ သူတို့က ဆုံးဖြတ်ပြီးရင် ဒီနှစ် အောက်တိုဘာ မတိုင်ခင်မှာပေါ့လေ ပေါင်းစည်းရေး၊ တစ်ပါတီတည်းဖြစ်လာအောင် ဆုံးဖြတ်ချက်ကိုချလိုက်တယ်။"

စောစောပိုင်းတုန်းကလည်း ဒီပါတီကြီး နှစ်ခုပူးပေါင်းဖို့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြပါတယ်။ ပေါင်းစည်းရေးကိစ္စ အစောတလျင်မဖြစ်ခဲ့တာဟာ ရခိုင်ပြည်နယ်ထဲဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် နှောင့်နှေးခဲ့ရတယ် လို့ ပြောပါတယ်။ ဒါပေမဲ့ RNDP အထွေထွေအတွင်းရေးမှူး ဦးလှစော ကတော့ နိုင်ငံရေးအခင်းအကျင်းကြောင့် ပူးပေါင်းရေး နှောင့်နှေးတာလို့ ဆိုပါတယ်။

“အရင်တုန်းကတော့ ဒီလိုပါ။ ကျနော်တို့ RNDP က ၂၀၁၀ ရွေးကောက်ပွဲ ဝင်လာတယ်။ လူထုထောက်ခံမှုနဲ့ အနိုင်ရရှိခဲ့တယ်။ ALD ကျတော့ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တယ်။ သူတို့က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဲဒီတော့ ရွေးကောက်ပွဲဝင်တဲ့လူနဲ့ သပိတ်မှောက်တဲ့သူကြားမှာ ယေဘုယျနားလည်မှု လွဲတာတွေရှိတယ်ပေါ့နော်။ ဒါပေမဲ့ ခုချိန်မှာ ALD အနေနဲ့လည်း ပါတီအနေနဲ့ မှတ်ပုံတင်လိုက်ပြီ ဆိုတော့လည်း ကျနော်တို့က လမ်းကြောင်းတစ်ခုတည်း တူတူပါပဲ။”

ရခိုင်ပါတီတွေ ပြည်နယ်မှာ အစိုးရဖွဲ့နိုင်တဲ့အတိုင်းတာနဲ့ အနိုင်ရတာကိုတော့ ရခိုင်လူထုက လိုလားကြပါတယ်။ လာမယ့် ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးနဲ့ NLD အပါဝင် တခြား ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးပါတီတွေရဲ့ စိန်ခေါ်မှုတွေ အတွက်လည်း ရခိုင်အမျိုးသားရေးဝါဒ အခြေခံပါတီတွေက ထည့်သွင်း စဉ်းစားထားကြပါတယ်။ ပါတီကြီး နှစ်ရပ် ပူးပေါင်းနိုင်ရင် လူထုကိုယ်စားပြု ရခိုင်ပြည်နယ်အစိုးရ ဖွဲ့နိုင်မယ်လို့ ဦးလှစောက ယုံကြည်နေပါတယ်။

"ကျနော်တို့ မြင်တာက ဒီ ရခိုင် နှစ်ပါတီပူးပေါင်းတာ ဟာ နှစ်ပါတီစလုံး မှာပေါ့လေ၊ ထောက်ခံတဲ့အင်အားစုတွေ ပါတီခေါင်းဆောင်တွေက ရခိုင်ပြည်သူလူထုကို ကိုယ်စားပြုပြီး စွမ်းရည်ပြည့်ကြတဲ့ လူတွေပါပဲ။ အဲလိုပေါင်းလိုက်မယ်ဆိုရင်တော့ ရခိုင်ပြည်မှာ အများကြီးပဲ ကျနော်တို့ သေချာပေါက် နိုင်မယ်။ နိုင်ရုံတင်မကဘူး၊ ကျနော်တို့ဟာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံက ဘယ်လိုအဟန့်တားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရခိုင်ပြည်မှာ ရခိုင်ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ရခိုင်ပြည်နယ် အစိုးရတရပ်က အခိုင်အမာပေါ်လာနိုင်မယ်လို့ ကျနော် ယုံကြည်နေတယ်။"

ရခိုင်ပြည်နယ်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၁၃ ခုရှိနေတာဖြစ်ပါတယ်။
XS
SM
MD
LG