သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ANP ပါတီက ဖြစ်စေဖို့ စစ်တွေမှာ ဆန္ဒပြ


(Credit: Arakan National Party Facebook)
(Credit: Arakan National Party Facebook)

ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရထာတဲ့ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ပေးဖို့အတွက် ထောင်ဂဏန်းလောက်ရှိတဲ့ လူအင်အားက ထောက်ခံဆန္ဒပြပွဲကို စစ်တွေမြို့မှာ လုပ်ဆောင်ခဲ့ကြပါတယ်။ ANP ပါတီကတော့ ဒါဟာ သူတို့ကိုထောက်ခံတဲ့ ဆန္ဒပြပွဲသာဖြစ်ပြီး၊ သူတို့ရဲ့ညွှန်ကြားမှု မပါဝင်ဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပြီးတဲ့နောက် အရပ်သားအစိုးရ ဖြစ်လာစေဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာတပြည်လုံးက မဲပေးခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာကြောင့် လွှတ်တော်မှာ ကိုယ်စားလှယ်အများစု ရရှိထားတာပါ။ အင်အားကြီး ရခိုင်ပါတီ ၂ ခု ပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီဟာလည်း ရခိုင်ပြည်နယ်တွင်းမှာ ကိုယ်စားလှယ်အတော်များများ ရရှိထားပါတယ်။ ဒါပေမဲ့ NLD အစိုးရဖွဲ့စည်းတဲ့အခါမှာ ရခိုင်အမျိုးသားပါတီက ခေါင်းဆောင်ကိုသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပေးဖို့အတွက် ရခိုင်အမျိုးသားပါတီက လိုလားနေတာပါ။ ဒီအတွက် သူတို့ကို ထောက်ခံဆန္ဒပြတဲ့အနေနဲ့ စစ်တွေမြို့မှာ အင်အား ၃၀၀ ခန့်ကနေ စတင် စုဝေးပြီး စတင် ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ စစ်တွေမြို့ခံဖြစ်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ အတွင်းရေးမှူး အဖဲ့ွဝင် ဦးအောင်မြကျော် က ဆိုပါတယ်။

“အဓိကကတော့ ဝန်ကြီးချုပ်ကို ရခိုင်ပါတီက ဖြစ်စေချင်တယ်။ သူတို့ကတော့ အဲ့လို ဆိုင်းဘုတ်တွေ ကိုင်ပြီးရင်တော့ ဆန္ဒပြကြတာပဲ။ အဓိက အချက်ကတော့ အဲ့ဒါလို့ပဲ ထင်ပါတယ်။ အနိုင်ရ မဲအများစုဖြစ်တဲ့ ANP ပါတီ - ဝန်ကြီးချုပ်ကို ANP ပါတီထဲက ဖြစ်စေချင်တယ်ဆိုတဲ့ အဲဒီသဘောထားက အဓိကလို့ ကျနော်ထင်ပါတယ်။ အဓိကတော့ ကျနော်တို့ပါတီက ထုတ်ထားတဲ့ ၁/၂၀၁၆ နဲ့ ပတ်သက်ပြီးရင် အဲ့လိုမျိုး ထောက်ခံဆန္ဒ ထုတ်ဖော်ကြတဲ့သဘောလို့ ကျနော် ထင်တာပေါ့။ ကျနော်တို့ကို ANP ဗဟိုက ညွှန်ကြားထားတဲ့အပိုင်း မဟုတ်ဘူးဆိုတော့ ဘာမှတော့ ကျနော်တို့ အသေးစိတ် တိတိကျကျတော့ မသိပါဘူးခင်ဗျ။”

ဆန္ဒပြတဲ့သူတွေနဲ့အတူ ပူးပေါင်းလိုက်ပါသူတွေကြောင့် အင်အားထောင်ဂဏန်းလောက် ဖြစ်သွားတယ်လို့ မြို့ခံတချို့ကတော့ ဆိုပါတယ်။ ဒါဟာ ရခိုင်ပြည်သူတရပ်လုံးက ဖြစ်စေချင်တဲ့ ဆန္ဒသဘောထားတွေ ဖြစ်ပါသလားလို့ မေးတဲ့အခါမှာတော့ ဦးအောင်မြကျော် က အခုလို ဖြေကြားပါတယ်။

“အဲဒီအပိုင်းတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ရခိုင်တပြည်နယ်လုံးနဲ့ သိပ်သက်ဆိုင်တယ်လို့တော့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီစစ်တွေမြို့ တခုတည်းအနေနဲ့ လူတစုက ပြတဲ့ သဘောမျိုးပါပဲ။”

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ဖွဲ့ ပေါင်းစည်းထားတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ သူတို့ရဲ့ သဘောထားတွေကို ထုတ်ပြန်ရာမှာ တဖဲ့ွနဲ့ တဖွဲ့က ခေါင်းဆောင်တဲ့သူတွေကို အသိပေးတာတွေ မလုပ်ခဲ့ဘူးဆိုပြီး ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ကန့်ကွက်ခဲ့သလို ဒီလို သတင်းစာ ရှင်းလင်းခဲ့တဲ့အတွက်လည်း ANP ပါတီက ခေါင်ဆောင် ၆ ဦးကိုလည်း ထုတ်ပယ်ခဲ့တဲ့အထိ ပါတီတွင်း တင်းမာမှုတွေလည်း ရှိခဲ့တာပါ။

ရခိုင်အမျိုးသားပါတီအနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီကသာ ဦးဆောင်သင့်တယ်လို့ ယူဆမှုတွေမှာလည်း ပါတီတွင်း သဘောထားကွဲလွဲမူတွေ ရှိနေတာပါ။ ရခိုင်လူထုကတော့ ညီညွတ်ရေးအတွက် ရွေးကောက်ပွဲမတိုင်ခင်မှာ ရခိုင်ပါတီ ၂ ခု ပေါင်းစည်းနိုင်ဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ တပြည်လုံးအတိုင်းအတာနဲ့ မဲအပြတ်အသတ်နဲ့ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကိုသာ ထားရှိသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားသလို ရခိုင်အမျိုးသားပါတီကလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟာ ရခိုင်အမျိုးသားပါတီကသာ ဖြစ်သင့်တယ်လို့ ပြောဆိုခဲ့ပြီး ဒီလိုမှမဟုတ်ရင် အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG