သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း မြို့နယ်တချို့ သောက်သုံးရေရှားပါးမှုပြဿနာကြုံ


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ ခုံးတိုင်ရွာက မြိုတိုင်းရင်းသားတွေ (မေ ၆၊ ၂၀၂၂)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ ခုံးတိုင်ရွာက မြိုတိုင်းရင်းသားတွေ (မေ ၆၊ ၂၀၂၂)

[[Zawgyi/Unicode]]


ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ နှစ်စဉ်နွေရာသီရောက်တိုင်း သောက် သုံးရေရှားမှုတွေနဲ့ ကြုံတွေ့ရပါတယ်။ ဒီနှစ်မှာလည်း မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မင်းပြားစတဲ့မြို့နယ်က ကျေးရွာတချို့မှာ သောက်သုံးရေ ရှားပါးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ခုံးတိုင် ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကတည်းက သောက်သုံးရေရှားနေတာကြောင့် ချောင်းရေတွေကို သောက်သုံးနေရတယ်လို့ ခုံးတိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦး မောင်မောင်လှက ပြောပါတယ်။

“ရေက တော်တော်အခက်အခဲရှိပါတယ်။ ပဒကားချောင်းဖက်မှာ ကျနော်တို့ လက် နဲ့ တူးပြီးတော့မှ အမျိုးသမီးတွေ သွားပြီးတော့ ခပ်နေကြတယ်၊ အချိန်လည်း ကြာတယ်။ ရေလည်း မသန့်ရှင်းပါဘူး၊ တခြား သုံးရေလည်း ရှားတာပါပဲ။ ဒီမှာက ရေတွင်းရေကန်မရှိလို့ နိုင်ငံတော်က တူးပေးထားတဲ့ အုပ်ရေတွင်း ခြောက်တွင်းရှိတယ်ဗျာ၊ အဲဒီတွင်းတွေလည်း အကုန်ခန်းသွားတာပဲ ရေကြာကြာမခံဘူး။ ရေရှားတာက ကျနော်တို့ ၂ လပိုင်းလောက်ကတည်းက ရှားနေတာဖြစ်ပါတယ်။”

မောင်တောမြို့နယ်တွင်း ကျေးရွာတော်တော်များများမှာ သောက်သုံးရေရှား ပါးနေတာကြောင့် ဒေသခံတွေဟာ ရေထွက်နိုင်တဲ့နေရာမှာ လက်နဲ့တူးပြီး သောက်သုံးရေတွေကို စောင့်ဆိုင်း ခပ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ် မင်္ဂလာညွန့်ကျေးရွာမှာ ဆိုရင်လည်း ကျေးရွာအတွင်း ရေတွင်း ရေကန်တွေမှာ ရေလုံးဝခန်းခြောက်နေတာကြောင့် သောက်သုံးရေ တအိုးရဖို့ အတွက် တမိုင်နီးပါးလောက် လမ်းလျှောက်ပြီး သွားခပ်ရတယ်လို့ ဒေသခံတဦးဖြစ်တဲ့ ဦးမောင်ထွန်းခင်က ပြောပါတယ်။

“သောက်သုံးရေက ကျနော်တို့ရွာမှာ ရှားတာကတော့ ကြာပြီ။ အခုတော့ တော်တော်အခက် အခဲဖြစ်နေပါတယ်၊ ရွာမှာရှိတဲ့ ရေတွင်းရေကန်တွေမှာလည်း ရေလုံးဝမရှိတော့ဘူး။ ရေတော် တော်ချွေတာနေရတယ်။ တအိမ်နဲ့ တအိမ်ရေတောင်းသောက်ဖို့တောင် အခက်အခဲဖြစ်ပါတယ်။”

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ တချို့မှာလည်း သောက်သုံးရေရှားပါးနေပြီး ပုဏ္ဏားကျွန်းမြို့အနီးက စက်မှုဇုန်စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း သောက်သုံးရေရှားပါးနေတာကြောင့် မသန့်ရှင်းတဲ့ ရေတွေကိုသောက်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ ဦးကျော်သန်းကပြောပါတယ်

“သောက်သုံးရေရှားနေတယ်။ အခုက ဆာရာဆိုတဲ့အဖွဲ့တခုက ရေ မီးသတ်ကားနဲ့ ၂ စီး ပေးတယ်ဗျာ။ အဲဒီကားနှစ်စီးပေးတဲ့ ရေဟာလည်း လုံလုံလောက်လောက်မရှိဘူး။ဆိုတော့ ကျနော်တို့ ရေဘုတ်ချောင်းဆိုတဲ့ရွာတရွာရှိတယ်၊ အဲဒီရွာမှာ နွားသောက်နေတဲ့ ကန်တကန်ရှိတယ်၊ အဲဒီကန်မှာ ရေလည်း တအားနောက်တယ်၊ အဲဒီရေနဲ့ မီးသတ်ကားနဲ့ လာပို့တဲ့ ရေကို ရောပြီးတော့ သောက်နေရတယ်ခင်မျာ။”

ဒါ့အပြင် ကျောက်တော် မြောက်ဦးနဲ့ မင်းပြားမြို့နယ်ဘက်က ကျေးရွာ တချို့မှလည်း သောက်သုံးရေရှားပါးမှုတွေကို ကြုံတွေ့နေရပါတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ နွေရာသီရောက်တိုင်း မြို့နယ်တော်တော်များများမှာ သောက်သုံးရေး ရှားပါးမှုကို နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရပေမယ့် ခေတ်အဆက်ဆက်အစိုးရတွေဘက်က ဒီသောက်သုံးရေ ရှားပါးမှု ပြဿနာကို ဒီကနေ့အထိ မဖြေရှင်းနိုင်ခဲ့ပါဘူး။

#Rakhine #RakhineShortageofCleanWater #VOABurmese #မောင်တော #ခုံးတိုင်ကျေးရွာ #မြိုတိုင်းရင်းသား #သောက်သုံးရေးအခက်အခဲ #ဗွီအိုအေ

================

[[Unicode]]













================

XS
SM
MD
LG