သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသစစ်ဒုက္ခသည်များ စားဝတ်နေရေးနဲ့ လုံခြုံရေး ပူပင်ခက်ခဲ


အထက်မြတ်လှဲ စခန်း
အထက်မြတ်လှဲ စခန်း

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရတပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် စစ်ရှောင်ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအဖို့ စားနပ်ရိက္ခာ၊ နေထိုင်ရေးအခက်အခဲအပြင် စစ်တပ်ဘက်က သံသယတွေနဲ့ လိုက်လံဖမ်းဆီးနေတာကြောင့် ဘေးကင်းလုံခြုံရေးအတွက်ပါ ကြောက်လန့် စိုးရိမ်နေကြရတယ်လို့ ဒုက္ခသည်ကူညီပေးနေသူတွေက ပြောပါတယ်။ အခုလို စစ်ရှောင်ပြေးရင်း တပူပေါ်နှစ်ပူဆင့်ဖြစ်နေကြရတဲ့ ဒုက္ခသည်တွေအရေး ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးအနက် စဉ်းစားဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။ မဆုမွန် တင်ပြပေးထားပါတယ်။

တပ်မတော်ဘက်က တိုင်းရင်းသားဒေသတွေမှာ လေးလတာ တဘက်သတ်အပစ်ရမယ်လို့ ကြေညာပြီးချိန်မှာပဲ တိုင်းရင်းဒေသတွေထဲ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား ရင်ဆိုင်တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တာပါ။ အခုလိုမျိုး စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားတွေအပါအဝင် ချင်းတိုင်းရင်းသားတွေနဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီးတော့ စစ်ရှောင် ဒုက္ခသည်တွေထဲက တချို့ကို လက်နက်ကိုင်တပ်နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်တပ်ဘက်က ဖမ်းဆီးထိန်းသိမ်းတာတွေရှိနေတဲ့အတွက် သူတို့ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေကြရတဲ့အနေအထားဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။

ဒီအပေါ်မှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရဘက်က ဒုက္ခသည်တွေ ပိုပြီး ဒုက္ခမရောက်ရအောင် အလေးအနက်ထား ဖြေရှင်းကိုင်တွယ်ဖို့လိုတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းက အခုလိုအကြံပြုပါတယ်။

"ဒီရခိုင်အရေးကို မဖြေရှင်းပဲနဲ့ အဲလိုမျိုးပြင်းအထန်လုပ်ရင် ဒေသခံတွေက ပိုပြီးတော့မှ ဒုက္ခရောက်ကြပါလိမ့်မယ်။ ဦးလေးပြောချင်တာကတော့ ဒီအနေအထားမှာ အစိုးရကနေပြီးတော့ ပါဝင်ပြီးတော့ ဖြေရှင်းပေးဖို့သင့်တယ်လို့ ကျနော်တို့ အဲလိုမျိုးမြင်ပါတယ်။ အခုကျတော့ ကျနော်တို့က ဒီအုပ်ချုပ်ရေးပိုင်းက ရှောင်နေသလိုဖြစ်ပြီးတော့မှ စစ်တပ်ကပဲ ဦးဆောင်ပြီးတော့ သူတို့ သံသယရှိတဲ့လူတွေ၊ ရွာတွေကို ဖမ်းဆီးစစ်ဆေးနေတာတွေကို လုပ်နေတာတွေဖြစ်တယ်။ ဒီလိုဆိုရင် အနေအထားက တဖက်လူတွေပေါ်မှာ တဘူပေါ် နှစ်ဘူတင်နေပါလိမ့်မယ်။"

လောလောဆယ်မှာတော့ ထောင်ချီတဲ့ စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေအရေး ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေဘက်က ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးနေကြတယ်လို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။ ဒုက္ခသည်တွေ လတ်တလောလိုအပ်နေတဲ့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အနေအထားတွေကိုလည်း လွှတ်တော်နားချိန်တုန်းက ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက အခုလိုရှင်းပြပါတယ်။

"စစ်ဘေးရှောင်တွေပေါ့နော် သစ်တတူမှာတော့ ခမီးလူမျိုးတွေ တော်တော်များတယ်။ သူတို့ကို အိမ်ဆောက်ပေးထားတယ်၊ သူတို့ နေဖို့ထိုင်ဖို့ကို အဆင်ပြေအောင်လုပ်ပေးထားတယ်။ ဒါပေမယ့် သူတို့ မိုးရာသီဆိုရင်တော့ ဒီလိုဆောက်ပေးထားတဲ့ အိမ်တွေနဲ့တော့မလုံလောက်ဘူး။ နောက်တခါ သူတို့ စားဝတ်နေရေးမှာဆိုရင် ဆန်တွေပေ့ါနော် သူတို့ စားသောက်ဖို့ ဆန်တွေအဓိကလိုတယ်။ နောက်တခါ ရေသန့်တွေ လိုတာပေါ့နော်။ အဲဒါကိုတော့ ကျမတို့ မေယူဖွံ့ဖြိုးဒေသရေးအသင်းနဲ့ ပူးပေါင်းပြီးတော့ စစ်ဘေးရှောင်တွေကို အလှူပေးတာပေါ့နော်။ နောက်တခုကတော့ စေတောင်မှာ အရင်တုန်းကတော့ စစ်ဘေးရှောင်နေတဲ့လူတွေအတွက်ကို ကျမတို့ ဆန်တွေပေါ့နော် စားဖို့သောက်ဖို့ကို ကျမတို့ပေးပါတယ် ဆိုတော့ ဒီအချိန်က ကျမသွားတဲ့ ၃-၄ ရက်မှာလည်း တော်တော်အေးပါတယ်။ တော်တော်အေးတဲ့အခါသူတို့ရဲ့ ဆောက်ပေးထားတဲ့ ပုံစံအတိုင်းဆိုရင် မြေက တော်တော်လေးအေးတဲ့အခြေအနေဖြစ်နေပါတယ်။ နောက်ပြီးတော့ သူတို့အတွက်နောင်ဆိုရင် စားဝတ်နေရေးတွေ အခက်အခဲရှိမယ်ဆိုတဲ့အကြောင်း ကျမတို့ တွေ့ခဲ့ရပါတယ်။"

ဒုက္ခသည်တွေအတွက် ယာယီနေထိုင်ရေးစီစဉ်ပေးထားပေမဲ့လို့ ရာသီဥတုဒဏ်နဲ့ နေထိုင်စားသောက်ရေးနဲ့ဘေးကင်းလုံခြုံရေးအတွက်တော့ အခက်ခဲတွေရှိနေတုန်းပဲလို့ ကိုဇော်ဇော်ထွန်းကပြောပြပါတယ်။

" အခုက ဆောင်းကုန်ခါနီးလာပြီပေါ့နော်။ ဒီအပင်အရိပ်တွေမရှိဘူး။ပြီးတဲ့အခါမှာ အရွက်ပူတာပေါ့နော်။ နောက်တခုကတော့ ရေအခက်အခဲကြုံမှာကို ကြောက်နေကြပါတယ်။ ရေလိုတာက လောလောဆည် စစ်ဘေးဒုက္ခသည်တွေ ယာယီရွှေ့ပြောင်းနေထိုင်ကြတဲ့ နေရာကိုက နွေရာသီရောက်ရင် ရေရှားပါးလေ့ရှိတယ်ပေါ့နော်။ ဆိုတော့ နွေရာသီရောက်ရင် ရေအခက်အခဲကြုံမှာကို သူတို့ စိုးရိမ်နေပါတယ်။ နောက်တခုကတော့ စားနပ်ရိပ်က္ခာဆိုရင်လည်း နေမြေအနေအထားအရ အခက်အခဲကြုံမှာကို စိုးရိမ်နေပါတယ်။"

အခုလိုချင်းနဲ့ရခိုင်ပြည်နယ်တွေမှာ မြန်မာတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေ တိုးလာတာနဲ့အမျှ ပြည်တွင်းမှာရော၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကိုပါ ထွက်ပြေးသူတွေ ရှိနေတာကြောင့် စိုးရိမ်စိတ်ပူကြောင်း ္ဂ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးUNHCR က ပြီးခဲ့တဲ့သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG