သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလစိုးရိမ်ဆဲ


မောင်တောဒေသ မွတ်စလင်ကျေးရွာတရွာက မိသားစု (အောက်တိုဘာလ ၂၇၊ ၂၀၁၆ခုနှစ်)
မောင်တောဒေသ မွတ်စလင်ကျေးရွာတရွာက မိသားစု (အောက်တိုဘာလ ၂၇၊ ၂၀၁၆ခုနှစ်)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လက်ရှိဖြစ်ထွန်းနေတဲ့ သောင်းကျန်တိုက်ခိုက်မှုတွေကို အာဏာပိုင်တွေဘက်က လုံခြုံရေးအရ စီစဉ်ဆောင်ရွက်မှုတွေရှိနေသလို တဘက်မှာလည်း ဒေသခံအရပ်သားတွေကို လူမျိုးရေး၊ ဘာသာရေးမခွဲခြားပဲ လုံခြုံမှုပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာက မနေ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် ပဋိပက္ခကို ဒေသတွင်းပြဿနာဖြစ်မလာစေဖို့ အင်ဒိုနီးရှားအစိုးရ က မြန်မာအစိုးရကို ကူညီပူးပေါင်းဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောကြားခဲ့ပါတယ်။အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဗီဂျေးနမ်ဘီယာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မနေ့ ကြာသာပတေးနေ့က ထုတ်ပြန်ချက်မှာ သူ့အနေနဲ့ ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ရဲ့ ရခိုင်အခြေအနေပေါ် တွေ့ရှိချက်နဲ့ သုံးသပ်ချက်တွေကို သဘောတူကြောင်း ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တဲ့ ကိုဖီအာနန်ရဲ့ သုံးသပ်ချက်မှာ မြန်မာအာဏာပိုင်တွေဘက်က လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ပင်တားဆီးတာမျိုးမလုပ်ဖို့နဲ့ သတင်းယူခွင့်ပြုဖို့ အပြင် တင်းမာနေတဲ့ အခြေအနေကို ထိန်းချုပ်ဖို့နဲ့ သဟဇာတဖြစ်မှုကို မြှင့်တင်ဖို့ အတွက် ကြိုးစားအားထုတ်ဖို့ တိုက်တွန်းထားကြောင်း မစ္စတာ နမ်ဘီယာရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေတွေကို အထူးစိုးရိမ်မိကြောင်း မစ္စတာ နမ်ဘီယာက ပြောကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ အမျိူးသမီးက အခုလို ဗီအိုအေကိုပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက လက်ရှိဖြစ်ထွန်းနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က အလေးအနက် စိုးရိမ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ရခိုင်ဒေသမှာ လတ်တလောဖြစ်ထွန်းနေတဲ့ သောင်းကျန်တိုက်ခိုက်မှုတွေကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ လုံခြုံရေးအစီအစဉ်တွေကို ဆောင်ရွက်နေချိန်မှာပဲ ဒေသခံပြည်သူတွေရဲ့ ကြားထဲမှာ ယုံကြည်မှုနဲ့ စိတ်ချရတဲ့ အာမခံချက်တွေ တည်ဆောက်ဖို့ အဆင့်တွေကို မြန်မာအာဏာပိုင်တွေက မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သူတို့အတွက် လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ ကောင်းမွန်တဲ့ အခြေအနေဖြစ်အောင် အကာအကွယ်ပေးရမှာဖြစ်ပါတယ်။”

ဒါအပြင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသူတွေကိုလည်း သူတို့နေအိမ်တွေပြန်ပြီး နေထိုင်ခွင့်ပြုသင့်ကြောင်း မစ္စတာနမ်ဘီယာကပြောကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရအမျိူးသမီးက ဆိုပါတယ်။

“သူတို့ရဲ့ လူမျိုးစု၊ ဘာသာရေး၊ ယောကျ်ား၊ မိန်းမ ဒါမှမဟုတ် အဆင့်အတန်း စတာတွေအားလုံးကို ခွဲခြားမှုမရှိပဲ ဒေသခံအားလုံးကို အကာအကွယ်ပေးဖို့ အစိုးရ အဆင့်မြင့်ခေါင်းဆောင်တွေဘက်က အခိုင်အမာဆုံးဖြတ်ထားကြောင်း အမှာစကား ခိုင်ခိုင်မာမာ ထုတ်ပြန်ဖို့လိုအပ်ပါတယ်။ အခုလို ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အခြေအနေမှာ စွပ်စွဲချက်တွေနဲ့ မဟုတ်မမှန်လုပ်ကြံတဲ့စကားတွေကို အထူးဂရုပြုပြီး ကိုင်တွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း မောင်တော၊ ဘူးသီးတောင် ဒေသကို သွားပြီး အရပ်သားတွေကို အစိုးရက အကာအကွယ်ပေးမှာဖြစ်တယ်ဆိုတာ သေချာအောင်ပြုလုပ်ဖို့ မစ္စတာ နမ်ဘီယာက တောင်းဆိုကြောင်း အခုလိုသူက တဆက်တည်း ပြောပါတယ်။

“အရင်က ဖြစ်ရပ်အတော်များများမှာ သူ့အနေနဲ့ ဆောင်ရွက်ခဲ့ သလိုမျိုး နှလုံးသားထဲကလာတဲ့ အသံကို နားထောင်ဖို့အပြင် ဒေသခံပြည်သူတွေနဲ့ တိုက်ရိုက် စကားပြောဖို့၊ ပြီးတော့ သူတို့ရဲ့ လူမျိုးစု၊ ကိုးကွယ်ရာဘာသာနဲ့ အခြားမတူညီကွဲပြားမှုတွေကနေ ရုန်းထွက်ဖို့၊ အသိုင်းအဝိုင်းတွေအားလုံးကြားမှာ လူ့ဂုဏ်သိက္ခာနဲ့အတူ သဟဇာတဖြစ်ဖို့နဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာစေဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို တိုက်တွန်းသင့်ကြောင်း မစ္စတာ နမ်ဘီယာက ပြောသွားတာပါ။”

ဒေသခံပြည်သူတွေရဲ့ အခြေခံပြသနာအကြောင်းရင်းတွေဖြစ်တဲ့ နိုင်ငံသားကိစ္စကို ဖြေရှင်းပေးမယ်ဆိုတာရယ်၊ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို သက်တောင့်သက်သာနေခွင့်ရရှိအောင် ကူညီပေးဖို့လဲ ဗီဂျေးနမ်ဘီယာက ထပ်မံတောင်း ဆိုပါတယ်။ ဒါအပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာတပ်မတော်ကြား တိုက်ပွဲတွေဖြစ်နေပြီး တင်းမာနေတဲ့အပေါ် သူ့အနေနဲ့ အလွန်စိတ်ပျက်မိကြောင်းနဲ့ အခြေအနေတွေကို အမြန်ဆုံးထိန်းချုပ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပြန်ပြီးသွားကြဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို သူ့အနေနဲ့ တိုက်တွန်းကြောင်းလည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခအခြေအနေနဲ့ပတ်သက်ပြီး ဒေသတွင်း တည်ငြိမ်ရေးထိခိုက်လာနိုင်ခြေနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံက မြန်မာအစိုးရကို ကူညီပူးပေါင်းဆောင်ရွက်နေ တယ်လို့လည်း အင်ဒိုနီးရှားသမ္မတ Joko Widodo က မနေ့က ပြောကြားခဲ့ပါတယ်။

ဘာလီကျွန်းမှာ ၂ ရက်တာ ကျင်းပနေတဲ့ ဒီမိုကရေစီ ဖိုရမ်ကို တက်ရောက်လာတဲ့ ရခိုင်အရေး အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ကို မနေ့က သမ္မတ Widodo ကတွေ့ဆုံပြီး ရခိုင်ပဋိပက္ခကို ဝိုင်းဝန်းကူညီဖြေရှင်းတဲ့နေရာမှာ လိုအပ်တဲ့ အဆင့်တွေကို ဆွေးနွေးခဲ့ကြကြောင်း သမ္မတက သတင်းထောက်တွေကို ဆွေးနွေးပွဲအပြီး ပြောသွားပါတယ်။

“ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်နဲ့ တွေ့ဆုံပြီးတော့ အလေးအနက်ဆွေးနွေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေကို ဖြေရှင်းဖို့ အကူအညီပေးရာမှာ လိုအပ်တဲ့ အဆင့်တွေကို သူက ဆွေးနွေးပွဲမှာ ပြောပြခဲ့ပါတယ်။”

ဒါအပြင် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွက် ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ သိရဖို့ လွန်ခဲ့တဲ့နှစ်ရက်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှားသမ္မတကပြောပါတယ်။ အခုတော့ ရခိုင်ပြည်နယ်ကို အစားသောက်နဲ့ စောင်တွေကို ပို့ဖို့သူညွန်ကြားထားလို့ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ အလွန်ကို လိုအပ်နေတဲ့ အစားအစာတွေနဲ့ စောင်တွေ စတဲ့ အကူအညီပစ္စည်းတွေကို အမြန်ဆုံးပို့ဖို့ ကျနော်ရဲ့ ဝန်ကြီးတွေကို ညွန်ကြားထားပါတယ်။”

အင်ဒိုနီးရှား နိုင်ငံဘက်က ကမ်းလှမ်းထားတဲ့ အကူအညီတွေဟာ ရခိုင်လူမှု အသိုင်းအဝိုင်း နှစ်ဘက်ကကြား မျှတတဲ့ အကူအညီတွေ ဖြစ်ရင် ပူးပေါင်းဆောင်ရွက်မယ်လို့ မြန်မာဘက်က တုံ့ပြန်ထားပါတယ်။

ရခိုင်အရေး ကုလစိုးရိမ်ဆဲ
please wait

No media source currently available

0:00 0:05:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG