သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ကြေညာဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တောင်းဆို


TNLA ရှေ့တန်းတပ်များ(TNLA News & Information Department)
TNLA ရှေ့တန်းတပ်များ(TNLA News & Information Department)

ကချင်၊ ကိုးကန့်၊ တအာင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားဒေသအသီးသီးမှာ မြန်မာ့တပ်မတော်က ထိုးစစ်များ ပိုမိုပြင်းထန်စွာပြုလုပ်လာသည့် အတွက် တနိုင်ငံလုံးအပစ်အခပ်ရပ်စဲရေး ကြေညာဖို့အတွက် မြန်မာအစိုးရကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်၄ဖွဲတို့ ရဲ့ စစ်ရေးအခြေအနေက လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်မူတွေနဲ့ အတူနှစ်ဖက်ပိုပြီး တင်းမာမူတွေရှိလာတဲ့အတွက် ဒီအတိုင်းစစ်ရေးနည်းနဲ့ ဖြေရှင်းနေပါက ပြဿနာပြီးဆုံးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအတွက်တနိုင်ငံလုံး အပစ်အခပ်ရပ်စဲရေးကြေညာဖို့ အတွက်တောင်းဆိုခဲ့တာဖြစ်တယ်လို့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲထဲမှာပါတဲ့ တအောင်းပလောင်တပ်ဖွဲက ဗိုလ်မှူး တာအိုက်ကျော်ကဆိုပါတယ်။

“မြန်မာ့တပ်မတော်ကလည်း တောက်လျှောက် ထိုးစစ် တက်လာတယ်။ ဒီ့အတွက် စစ်ရေးနည်းနဲ့ပဲဖြေရှင်းမယ်ဆိုရင် ဒီကိစ္စကတော့ ဘယ်လိုမှ ပြီးနိုင်တဲ့ကိစ္စမဟုတ်ဘူး အဲဒါကြောင့်ကျနော်တို့ ဒီကြေညာချက်ကို ထုတ်ပြန်တာဖြစ်တယ်။”

မြန်မာအစိုးရအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်များ ရပ်တန့်ပြီး တိုင်းရင်းသားနယ်မြေဒေသများမှ ဆုတ်ခွာပေးဖို့လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းစေရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေရှာသည့် နည်းလမ်း အမြန်စတင်ဖို့ လက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာများတွေဟာ တရုတ်-မြန်မာနယ်စပ် ဒေသမှာ အများဆုံးဖြစ်ပွားနေတာကြောင့် တိုက်ပွဲများချုပ်ငြိမ်းရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အမြန်ဆုံးကြားဝင်စေ့စပ် ညှိနှိုင်း ဆောင်ရွက်ပေးဖို့တွေ အပါအဝင် စစ်မှန်ပြီး မျှတတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု အတွက်မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ စစ်ရပ်စဲရန် အဆင်သင့်ဖြစ်ကြောင်း ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ မုံးကိုးအခြေစိုက် တပ်မတော်ရဲ့ ဗျုဟာကုန်းကို မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ဝင်ရောက်သိမ်းယူခဲ့ပြီး တပ်မတော်က ဖမ်းဆီးထားတဲ့ ဓါးစာခံ ၈၀ကျော် ပြန်လည်လွတ်မြောက်ရေးကိုလုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း မှာပဲ လေယာဉ်တွေနဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်ဒေသခံတွေ ဒဏ်ရာရသေဆုံးမူတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။

“အဲဒီမှာ လေယာဉ်ဗုံးတည့်တည့်မှန်ပြီး မိသားစု အကုန်လုံး ဒဏ်ရာရတယ်။ ၃ ဦးသေဆုံးတယ်လို့ သိရတယ်။”

တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ရာမှာ တိုက်ပွဲနယ်မြေထဲကို သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေနဲ့ စစ်ကူ တပ်မတော်စစ်ကြောင်းတွေကို ပို့ဆောင်ခဲ့ရကြောင်း၊ စစ်ကူတပ်မတော်စစ်ကြောင်းတွေ အနေနဲ့ ဒီဇင်ဘာ ၄ ရက် နေ့မှာ မုံးကိုးမြို့ထဲသို့ ရောက်ရှိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖဲ့ွ တွေကြားတိုက်ပွဲတွေကြောင့် အမျိုသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စား လှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ တွေ ဟာပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေဆုံဖို့စီစဉ်ထားပေမယ့် တဖွဲချင်းပဲ တွေ့မယ် ဆိုတဲ့ အခြေအနေတွေကြောင့် ဆွေးနွေပွဲပျက်ခဲ့ရတယ်လို့ဆိုပါတယ်။

“ ဒီတိုက်ပွဲက ကျနော်တို့ဖြစ်နေတာ ၄ ဖွဲ့ ။ အစ က သူတို့ ၁ ဖွဲ့ချင်းတွေ့မယ်လို့ပြောတယ် အဲဒါ ကျနော်တို့ မဖြစ်နိုင်ဘူးလို့ပြောတော့ သုံးဖွဲ့ AA၊ MNDAA၊ TNLA ၃ ဖွဲ့တွေ့မယ်လို့ပြောတယ် KIA ကိုတော့ သူတို့ မပါဘူးလို့ပြောတယ်။ ကျနော်တို့ကတော့ ဒီ ၃ ဖွဲ့နဲ့တော့ မပြီးဘူး၊ ကျနော်တို့ တိုက်ပွဲက ၄ ဖွဲ့ပူးပေါင်းပါဝင်တဲ့ တိုက်ပွဲဖြစ်တယ်။ ၄ ဖွဲ့ ပါမှ ဒီကိစ္စက ပြီးနိုင်တဲ့ ကိစ္စဖြစ်တော့ ၄ ဖွဲ့စလုံးပါမှ တွေ့နိုင်မယ်လို့ပြောတော့ သူတို့ဘက်ကလက်မခံဘူး ။ လက်မခံတော့ ဆွေးနွေးပွဲက ပျက်သွားတယ်ပေါ့ ။ တဖွဲ့ချင်း တဖွဲ့ တွေ့လို့ရှိရင် သူတို့က သွေးခွဲချင်တဲ့ ဆန္ဒရှိလို့ လုပ်တယ်လို့ ယူဆလို့ ရတာပေါ့”

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်တဲ့တိုက်ပွဲတွေရပ်တန့်နိုင်ဖို့အလားအလာနဲပတ်သက်လို့မြန်မာ့တပ်မတော်နဲ့ အစိုးရဘက်ကပြောရေးဆိုခွင့်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဟာ သူတို့တိုင်းရင်းသားနယ်မြေတွေမှာမြန်မာ့တပ်မတော်က ထိုးစစ်ဆင်တာတွေလုပ်ခဲ့တာကြောင့်ဆိုကာနိုဝင်ဘာလ ၂၀ရက်နေ့ကစပြီး မူဆယ် (၁၀၅) မိုင်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်-ပန်ဆိုင်း၊ နမ့်ခမ်း နဲ့ ကွတ်ခိုင်ဒေသအပါအဝင်အခြားသောနေရာတွေမှာ မြန်မာတပ်မတော်နဲ့ပြင်းထန်စွာတိုက်ပွဲတွေဖြစ်နေခဲ့ပါတယ် တိုက်ပွဲတွေအတွင်း အရပ်သားတွေလည်းထိခိုက်ဒဏ်ရာများရခဲ့ကြသလို ဒေသခံတွေဟာ တရုပ်ပြည်ဘက်ကိုလည်းဒုက္ခသည်တွေအဖြစ်တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG