သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်ဒုက္ခသည်တွေအတွက် ကုလ အကူအညီထပ်လွှတ်


ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးတဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရသူတွေအတွက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က အကူညီပေးဖို့ အဖွဲ့တဖွဲ့ ထပ်မံစေလွှတ်လိုက်သလို၊ အကူအညီတွေစပြီး ပေးနေပြီလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တချို့နေရာတွေမှာ အခြေနေတွေ ငြိမ်သက်နေပြီလို့ ဆိုနိုင်ပေမယ့် အခြေနေတွေဟာ အခုထိ ပုံမှန်ပြန်မဖြစ် သေးတဲ့အတွက် ကုလသမဂ္ဂက စိုးရိမ်နေဆဲဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်းလည်း ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က ဆက်ပြီးတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဆူပူမှုကြီးကြီးမားမား မတွေ့ရတော့ပေမယ့် မနေ့ကအထိ မီးရှို့မှုတွေရှိနေဆဲဖြစ်ပြီး အခြေနေဟာ ပုံမှန်မဖြစ်သေးတဲ့အတွက် အိုးအိမ်ပစ်ပြီး စိတ်ချလုံခြုံမယ် ထင်တဲ့နေရာတွေမှာ သွားနေသူတွေ၊ ဒုက္ခသည်စခန်းတွေကနေ မပြန်ရဲသူတွေ အများအပြား ရှိနေဆဲပါ။ ဒီဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအဖွဲ့က အကူညီပေးရေးအဖွဲ့တဖွဲ့ စစ်တွေကို သွားရောက်ပြီး အကူညီတွေ စပေးနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Faren Haq ကပြောပါတယ်။

ကုသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့က နောက်ထပ်စေလွှတ်လိုက်တဲ့ အကူအညီပေးရေးအဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်သွားပြီမို့ အဲဒီမှာ အရေးအခင်းဖြစ်နေချိန်တလျှောက်လုံး တာဝန်ထမ်းဆောင်နေသူတွေနဲ့ ပူးပေါင်းပြီး အကူညီတွေပေးနေပါပြီ။ သူတို့ဟာ အဲဒီက ဒုက္ခသည်တွေကို အကူညီပေးဖို့ ၊ အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူတွေရဲ့ အခက်အခဲတွေကို ကူညီဖို့ လူ ၉ ထောင်စာ အကူညီပေးရေး ပစ္စည်းတွေကို ထရပ်ကားတွေနဲ့ ပို့ပေးနေပါတယ်။

ရာသီဥတု ဆိုးလာတဲ့အပြင် ဒုက္ခသည်တွေ အထူးသဖြင့် သက်ကြီး ရွယ်အိုတွေနဲ့ ကလေးငယ်တွေ မြေပြင်မှာ အိပ်စက်နေရပြီး စောင်နဲ့ ခြင်ထောင် ကောင်းကောင်းမရှိတဲ့အတွက် ကုလသမဂ္ဂအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးကို အထူးစိုးရိမ်ကြောင်းလည်း ပြောပါတယ်

ကုလသမဂ္ဂအနေနဲ့ ဒီဒုက္ခသည်တွေအတွက် တခြားကူးစက်ရောဂါတွေ ဖြစ်မှာကို စိုးရိမ်နေပါတယ်။ ဒီဒေသထဲမှာ မိုးအရမ်းရွာနေတဲ့အပြင်၊ သန့်ရှင်းမှုမရှိဘဲ သောက်ရေသုံးရေ လုံလုံလောက်လောက် မရတဲ့အတွက် ကျန်းမာရေးဆိုင်ရာ အထူးစိုးရိမ်ရပါတယ်။ အခုအချိန်မှာ အိုးအိမ်ရွှေ့ပြောင်း နေထိုင်သူတွေအတွက် ဒုက္ခသည်စခန်းက ၇၀ ကျော် ရှိနေပါတယ်။ အခု UNHCR က စစ်တွေမှာ ရှိတဲ့ ဒီဒုက္ခသည် စခန်းတွေဆီသွားပြီး တတ်နိုင်သမျှ အကူညီတွေ ပေးနေတာပါ။

UNHCR အနေနဲ့ ဘူးသီးတောင်မောင်တောဒေသက ဒုက္ခသည် ၄၅၀၀ အတွက် စောင်၊ ခြင်ထောင်၊ ပလပ်စတစ်အခင်း အမိုးအကာနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပေးဝေခဲ့ပါတယ်။ အခု နောက်ထပ် လူပေါင်း ၉ ထောင်အတွက် ပစ္စည်းတွေ ကို ထရပ်ကားတွေနဲ့ ပို့ပေးနေပြီဖြစ်ပြီး ပထမဆုံး ထရပ်ကားဟာ တနင်္ဂနွေနေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

အခုလို ကုလသမဂ္ဂက ပြည်တွင်းမှာအကူအညီတွေ ပေးနေသလို တဖက် အိမ်နီးချင်း Bangladesh နိုင်ငံဘက် ထွက်ပြေးခိုလှုံသူတွေ အတွက်လည်း Bangladesh အစိုးရက ပြန်လည်နှင်ထုတ်နေမှုတွေ ရှိနေသေးတာမို့ သူတို့အတွက် စိုးရိမ်မှုတွေရှိတဲ့အပြင် သူတို့ကို တရားသဖြင့် ဆက်ဆံဖို့ပါ အစိုးရပိုင်းနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

မန်မာနိုင်ငံထဲကနေ အဓိကရုန်းတွေရဲ့ ရန်ကိုကြောက်လို့ ထွက်ပြေးခိုလှုံလာသူတွေကို မျှမျှတတ တရားသဖြင့် ဆက်ဆံဖို့ ကုလသမဂ္ဂက Bangladesh အစိုးရနဲ့ ဆွေးနွေးပြောဆိုနေတာလည်း ရှိပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရက ပြောသွားတာပါ။ ကုလသမဂ္ဂက လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့ OCHA အပြင် WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကလည်း ဒုက္ခသည် ၈ သောင်းကျော်အတွက် စားနပ်ရိက္ခာ ကူညီမှုတွေနဲ့ ကုလသမဂ္ဂလူဦးရေနဲ့ ကလေးများ ရန်ပုံငွေအဖွဲ့တွေက ဆေးဘက်ကူညီမှုတွေကိုပါ ပေးအပ်ခဲ့ပါတယ်။

အခုလို ကုလသမဂ္ဂက အကူအညီတွေပေးနေသလို အစိုးရပိုင်းကရော လူမှုကူညီရေးအဖွဲ့တွေကပါ ကူညီမှုတွေပေးနေပေမယ့် လက်ရှိ အခြေနေမှာ ဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေစဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

XS
SM
MD
LG