သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အရေးပေါ်အကူအညီ ဒေါ်လာ ၄၁ သန်း လိုအပ်


မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်စခန်းတခုတွင် ခိုလှုံနေကြသော ရခိုင်ပဋိပက္ခ ဘေးဒဏ်သင့်သူများ။ အောက်တိုဘာ ၂၈၊ ၂၀၁၂
မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်စခန်းတခုတွင် ခိုလှုံနေကြသော ရခိုင်ပဋိပက္ခ ဘေးဒဏ်သင့်သူများ။ အောက်တိုဘာ ၂၈၊ ၂၀၁၂
ဒီလထဲ ထပ်ပြီးဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အကြမ်းဘက်မှု ဖြစ်စဉ်တွေကြောင့် ရခိုင်ပြည်နယ် အရေး အလှူရှင်နိုင်ငံတွေက နောက်တွန့်ကုန်ကြတယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဂျီနီဗာမြို့က ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေး (UNOCHA) ရုံးချုပ်နဲ့ ရန်ကုန်မြို့က UNOCHA ရုံးခွဲတို့ ရဲ့ "ရခိုင်အရေးတုန့်ပြန်ဆောင်ရွက်မှု အစီအမံ (Rakhine Response Plan)" ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ နယ်စပ်ရေးရာဝန်ကြီးက အဲဒီလို ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်အတွက် အရေးတကြီး အရေးပေါ် ကူညီထောက်ပံ့ရေး အမေရိကန်ဒေါ်လာ ၄၁ သန်း လိုအပ်နေတယ်လို့လည်း အဲဒီအစည်းအဝေးမှာ ရန်ကုန်မြို့ UNOCHA ရုံးခွဲက ပေါင်းစပ် ညှိနှိုင်းရေးမှူးက ပြောဆိုခဲ့ပါတယ်။ ဒီအစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်မြို့ရောက် ဝိုင်းတော်သား ဦးရော်နီညိမ်းက သတင်းပို့ထားပါတယ်။

ရန်ကုန်မြို့က မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်ကြီးများအသင်း (UMFCCI) ရဲ့ အစည်းအဝေးခန်းမမှာ ဂျီနီဗာမြို့နဲ့ ရန်ကုန်မြို့က ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး (UNOCHA) ရုံးချုပ်နဲ့ ရန်ကုန်ရုံးခွဲ ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ခံတို့ကြားမှာ ဗွီဒီယိုကွန်ဖရင့် ပြုလုပ်ခဲ့အပြီး သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာတော့ ရန်ကုန်မြို့ကနေ တက်ရောက် ဆွေးနွေးခဲ့သူဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက အဲဒီ ဗွီဒီယိုကွန်ဖရင့်နဲ့ ပတ်သက်ပြီးတော့ အခုလို သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

“ဒီကနေ့ Rakhine Respone Plan ပေါ့လေ၊ ဒီဟာကို ခုနက UN Coordinator ကနေပြီးတော့ ဦးဆောင်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဘာလို့ ဒီလို ဆောင်ရွက်ရလည်းဆိုတော့ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းကနေ ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုကနေပြီးတော့ ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၇၅,၀၀၀ လောက် ရှိနေတာဖြစ်ပါ တယ်။

“နောက်တခါ ဒီ ၇၅,၀၀၀ ကို နေ့တဓူ၀ ကျွေးမွေးဖို့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ရန်ပုံငွေတွေဟာ တော်တော်လေး လိုအပ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီလိုအခြေအနေ အတွင်းမှာပဲ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ နောက်ထပ်တကြိမ် မငြိမ်မသက်မှုတွေ ဆက် ဖြစ်ပွားတဲ့အတွက်ကြောင့် နောက်ထပ် ဒုက္ခသည်ပေါင်း ၃၆,၀၀၀ လောက် တိုးလာတဲ့ အနေ အထားဖြစ်ပါတယ်။ စုစုပေါင်း ပေါင်းလိုက်မယ်ဆိုရင် ၁၁၁,၀၀၀ လောက် ဒုက္ခသည်တွေ ရှိ လာတဲ့ အနေအထားဖြစ်လာပါတယ်။”

အခုအခါ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်အမျိုးအစား အမျိုးမျိုးပေါင်းလိုက်ရင် ၆၀၀,၀၀၀ လောက် ရှိနေပြီလို့လည်း ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆက်ပြီး ရှင်းပြပါတယ်။

ဒီလ အောက်တိုဘာလမှာ ထပ်ပြီးပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဒီကနေ့ ရန်ကုန်နဲ့ ဂျီနီဗာ ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးကို သူ တက်ရောက် စကားပြောခဲ့ရတာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက အခုလို ရှင်းပြပါတယ်။

“ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးတဲ့ အဖွဲ့တွေက သွားရောက်ပြီးတော့ ထောက်ပံ့ ဖို့အတွက် အခက်အခဲတွေလည်း ဖြစ်ပေါ်လာတဲ့အနေအထား ဖြစ်ပါတယ်။ အလှူရှင်နိုင်ငံတွေ ကလည်း မိမိတို့ ထည့်ဝင်ရမယ့် ငွေကြေးပမာဏပေါ်မှာ တုန့်ဆိုင်းမှုတွေက ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို အထွေထွေ အခြေအနေအရပ်ရပ်သည် ရခိုင်ဒေသအတွင်းမှာ နေထိုင်တဲ့ ဒုက္ခသည် ၆၀၀,၀၀၀ လောက်အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိတဲ့အတွက်ကြောင့် ဒီ အခြေအနေကနေ လွတ်မြောက်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်ဖို့ လိုအပ်လာတာဖြစ်ပါ တယ်။”

UNOCHA ရုံး နှစ်ရုံးရဲ့ ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးကနေ ဒီနေ့ ဘာရလာဒ်တွေ ထွက်ပေါ်ခဲ့ ပါသလည်း သို့မဟုတ် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ပါသလားလို့ ရန်ကုန် OCHA ရုံးက ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ခံ မစ္စတာ အာရှော့ခ် နီဂမ်းမ် (Ashok Nigam) ကို ဗွီအိုအေက မေး ကြည့်ခဲ့ပါတယ်။

“ဒီကနေ့ ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးမှာ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ဖို့ မဟုတ်သလို ရလာဒ်တခုခု ရရှိဖို့လည်း မဟုတ်သေးဘဲနဲ့ ဂျီနီဗာမြို့မှာရှိတဲ့ UN OCHA ရုံးရဲ့အဖွဲ့ဝင် နိုင်ငံ ကိုယ်စားလှယ်တွေ၊ ရန်ကုန်မြို့မှာရှိတဲ့ UN OCHA အဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေ၊ သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ အရေးတကြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်ဆိုတာကို အားလုံး သဘောပေါက် နားလည်စေဖို့နဲ့ အခုအခါ ရေရှည်အတွက် မဟုတ်သေးဘဲ လတ်တလော အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၄၁ သန်း လိုအပ်နေတယ်" လို့ မစ္စတာ အာရှော့ခ် နီဂမ်းမ်က ဗွီအိုအေကို ပြန်ပြီး ရှင်းပြသွားခဲ့တာပါ။

ဒီကနေ့ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးမှာတော့ ရန်ကုန်မြို့ကနေ မစ္စတာ အာရှော့ခ် နီဂမ်းမ်နဲ့ ဂျီနီဗာမြို့ကနေ UN OCHA ရုံးရဲ့ ညွှန်ကြားရေးမှူး မစ္စတာ ရာရှစ်ဒ် ခါလီကော့ဗ်နဲ့ နိုင်ငံတကာစေတနာ့ဝန်ထမ်း အေဂျင်စီများကောင်စီ (ICVA) ရဲ့ ဥက္ကဋ္ဌ မစ္စ မယ်လာနီး ထက်ဖ် တို့က ဦးဆောင် ဆွေးနွေးခဲ့ကြတာဖြစ်ပြီးတော့ တခြားသော အဖွဲ့အစည်းတွေက တက်ရောက် သူတွေပါ ပါဝင် ဆွေးနွေးသွားခဲ့ပါတယ်။
XS
SM
MD
LG