သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်တွင်း မွတ်ဆလင်များ စိုးရိမ်ထိတ်လန့်ဆဲဟု ကုလအဖွဲ့တွေ သုံးသပ်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ကြောက်ရွံ့မှု၊ မယုံကြည်မှုတွေနဲ့ နေထိုင်နေကြရပြီး ရခိုင်ပြည်နယ်တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်လည်း မရဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက အစီရင်ခံ တင်ပြကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနဲ့ ကုလ ဖွံ့ဖြိုးရေး အစီအစဉ်တွေရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အတွင်း ပထမဆုံး ကောက်ယူတဲ့ ဆန်းစစ်ချက်မှာ အခုလို ဖော်ပြတာ ဖြစ်ပါတယ်။ လူတွေ နေထိုင်နေရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အဓိကထားပြီး ဆောင်ရွက်ခဲ့တာလို့ UNHCR ပြောခွင့်ရ Andrej Mahecic က ပြောပါတယ်။

"ကြောက်ရွံ့မှုတွေနဲ့ မယုံကြည်မှုတွေက ပညာရေး၊ ကျန်းမာရေးနဲ့ တခြား အခြေခံ ဝန်ဆောင်မှုတွေ ရယူရေး အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းတွေကြား အပြန်အလှန် ဆက်ဆံမှုက အကန့်အသတ်နဲ့သာ ရှိနေပြီး လူမှုရေး သဟဇာတဖြစ်မှုနဲ့ ယုံကြည်မှုတည်ဆောက်ရေး အလားအလာတွေ နှောင့်နှေးနေပါတယ်။ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ လူမှုအသိုင်းအသိုင်းအဝိုင်းတွေထဲမှာတော့ ကျန်းမာရေး စောင့်ရှောက်မှု မရ ဖြစ်နေတာတွေကို ပြောဆိုကြသလို ပညာသင်ကြားခွင့်မှာ မူဆလင်တွေကို ကန့်သတ်တားမြစ်ချက်တွေကိုလည်း ပြောဆိုကြကြောင်း" UNHCR ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

UNHCR နဲ့ UNDP အဖွဲ့တွေက ရခိုင်ပြည်နယ်တွင်းက ကျေးရွာတွေကို ကွင်းဆင်းခဲ့ကြတာပါ။ သူတို့ သွားလိုတဲ့ နေရာတိုင်း၊ တွေ့လိုသူတိုင်းကို သွားခွင့် တွေ့ခွင့် ရခဲ့တယ်လို့လည်း ကုလ အဖွဲ့အစည်း နှစ်ခုက ပြောဆိုထားပါတယ်။ ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရသူတွေ ဘေးကင်းလုံခြုံမှုရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆန္ဒ အလျောက် ဌာနေပြန်နိုင်ရေး အခြေအနေ တရပ်ကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာ အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း နှစ်ခုကြား သဘောတူထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့၂ ခုရဲ့ ကနဦး ဆန်းစစ်ချက် အရတော့ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုး မရှိသေးဘူးလို့လည်း UNHCR ပြောခွင့်ရက ပြောဆိုထားပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။ ဒါပေမယ့် မြန်မာဘက်က ထွက်ပြေးရသူ အားလုံးကို စိစစ်ပြီး လက်သင့်ခံမယ်၊ လက်ခံဖို့လည်း အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုထားတာပါ။

XS
SM
MD
LG