သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစိုးရိမ်


ဂျကာတာ ပို့စ် (Jakarta Post) သတင်းစာမှာ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အင်ဒိုနီးရှား နိုင်ငံကိုသွားရောက်ပြီး အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေဆီက စစ်ရေးအကူအညီ တောင်းခံခဲ့ကြောင်းနဲ့ ရိုဟင်ဂျာ ၃၀၀ ခန့်ဟာလည်း ရခိုင်ပြည်နယ်တွင်း စစ်ရေးလေ့ကျင့် နေကြတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ တာကြောင့် ရခိုင်ပြည်နယ်က ဒေသခံတွေက စိုးရိမ်ကြတယ်လို့ ပြောနေကြ ပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို မျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကိုလည်း နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ သောကြာနေ့က ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကအစားထိုးတာဝန်ယူမယ် ဆိုတဲ့အတွက် ရခိုင်ဒေသခံတွေက အားတက်မိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုအာင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး က ဂျမားအစ္စလာမ်မီးယား (Jemaah Islamiah) စစ်သွေးကြွအဖွဲ့နဲ့ တွေ့ဆုံပြီး စစ်ရေးအကူအညီတွေ တောင်းခံခဲ့ဲပြီး၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ၃၀၀ ဟာ စစ်ရေးလေ့ကျင်မှုတွေ လုပ်နေတယ်တွေ ဆိုတဲ့သတင်းနဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကြောင့် မောင်တော ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မောင်တော် မြို့နယ် ဥက္ကဋ္ဌ ဦးဘရွှေကပြောပါတယ်။

“စိုးရိမ်တာတော့ ရှိကြတာပေါ့လေ။ မြို့ပေါ်ထက် နယ်ဘက်ကလူတွေကတော့ ပိုပြီးတော့ စိုးရိမ်ကြတာပေါ့။ တိုင်းရင်းသားတွေ ကတော့ ပိုပြီး စိုးရိမ်ကြတာပေါ့လေ။”

လက်ရှိအချိန်မှာတော့ မောင်းတော်မြို့နယ်အတွင်းမှာ လုံခြုံရေး ချထားမှု အခြေအနေကတော့ ပုံမှန် အတိုင်းရှိနေတယ်လို့လည်း ဦးဘရွှေက ပြောပါတယ်။
ဘင်္ဂလားဒေရှေ် နိုင်ငံနယ်နိမိတ်နဲ့ နီးစပ်တဲ့ ဘူးသီးတောင် မြို့နယ်နဲ့ မောင်းတော မြို့နယ်တွေက ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း အခုလို ရိုဟင်ဂျာတွေနဲ့ RSO စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတယ်ဆိုတာ လုပ်ကြံ သတင်းတွေသာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အက်ဒူလာဦးရွှေမောင်း ကသုံးသပ်ပါတယ်။

“မတည်မငြိမ်ဖြစ်အောင် အဲဒါမျိုး မလိုလားအပ်တဲ့ပြဿနာဖြစ်အောင်၊ ဆူပူမှုတွေ တကြော့ပြန် လုပ်လိုတဲ့လူက ဖန်တီးပြီးလုပ်သလို ဖြစ်တယ်ဗျာ။ အမှန်တကယ်က ကျနော်တို့ ဒေသမှာ အားလုံးက အေးအေးချမ်းချမ်းပါပဲ။”

ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အက်ဘူအာရစ် (Abu Arif) နဲ့ အက်ဘူရှာဖီရက် (Abu Shafiyah) တို့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစတဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေးအဖွဲ့ (Rohingya Solidarity Organization – RSO) နဲ့ ဆက်စပ်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ် ဆိုပြီးတော့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေမှာဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကို ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကို အစားထိုးတာဝန်ပေးမှာဖြစ်တဲ့ အတွက် ဒေသခံတွေအကြား အားတက်နေကြတယ်လို့ ဆိုပါတယ်။ RNDP ပါတီ စစ်တွေ မြို့နယ် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကတော့ အခုလို နစက ကို ဖျက်လိုက်တာဟာ ရဲ၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ စစ်တပ် တို့ သုံးခုပေါင်းထားတဲ့ ဒီအဖွဲ့အပေါ်မှာ ကာကွယ်ဦးစီးချုပ်နဲ့ နိုင်ငံတော်သမ္မတ တို့အကြား ရှုပ်ထွေးတဲ့ အုပ်ချုပ်ပုံတွေ ဖြစ်နေတဲ့ အတွက် နစကကို ဖျက်လိုက်တဲ့ သဘောရှိတယ်လို့ သုံးသပ်ပါတယ်။

“အဲဒါပိုင်းကတော့ ဘယ်လိုပြောမလဲ။ နစက ဆိုတာက အဖွဲ့သုံးဖွဲ့ကို ပေါင်းစည်း ထားတဲ့အပိုင်းဆိုတော့ အဲဒီ နစက မှာ အဓိက ပါဝါ အရှိဆုံးက စစ်တပ်ပေါ့။ စစ်တပ်က ပါဝါရှိတယ်ဆိုတော့ အဲဒီနေရာမှာ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းတွေမှာ တခါတခါ သမ္မတရဲ့ ပါဝါ နဲ့ ကာချုပ်ရဲ့ ပါဝါ နှစ်ခုက ထိပ်တိုက်ဖြစ်နေတယ် အဲဒီနေရာမှာ။ အဲဒါကြောင့် နစက ကို ဖျက်သိမ်းလိုက်တဲ့သဘောမျိုးက သမ္မတရဲ့ အာဏာက ပိုပြီး စီမံခန့်ခွဲမှု ပိုပြီးကောင်းအောင် လုပ်တဲ့သဘောမျိုးလို့တော့ ကျနော်တို့အနေနဲ့ သုံးသပ်မိပါတယ်။”

အက်ဒူလာဦးရွှေမောင်းကတော့ မောင်းတောမြို့နယ် အတွင်းမှာ နစက ကို ဖျက်သိမ်းလိုက်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဒီလို နိုင်ငံတော်သမ္မတကြီးက ဖျက်သိမ်းရတယ်လို့ ကျနော် ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမှလည်း နိုင်ငံတော် သမ္မတကြီးကို ကျနော့်အနေနဲ့ အလေးအနက်ထားပြီး ကျေးဇူးတင်တယ်လို့ လည်း ကျနော် ပြောချင်တယ်ခင်ဗျ။”

အင်ဒိုနီးရှားနိုင်ငံက ဂျမားအစ္စလာမ်မီးယား စစ်သွေးကြွအဖွဲ့ဝင် Muhammad Jibril Abdul Rahman က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ပုံတွေကို သူ့ရဲ့ အင်တာနက်ဝက်ဆိုက်မှာ တင်ထားပြီး ရာမန်ဒန် ဥပုသ်လ လက်ဆောင်ဖြစ်ကြောင်းနဲ့၊ ကမ္ဘာတဝန်းက မူဆလင်တွေက ရိုဟင်ဂျာတွေကို အားပေးကူညီဖို့လည်း ဆော်သြထားကြောင်း Jakarta Post သတင်းစာရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ထုတ် သတင်းစာမှာဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံက မြို့တချို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်၊ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့သလို၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာကို ဗုံးဖောက်ခွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
XS
SM
MD
LG