သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွတ်ဆလင်တွေပေါ် အကြမ်းဖက်မှုရပ်ဖို့ ကုလတိုက်တွန်း


လူ့အခွင့်ရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ်။
လူ့အခွင့်ရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပါအဝင် မွတ်ဆလင်လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်မကင်းဖြစ်ရတယ်ဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့နဲ့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာအဖြေရှာကြဖို့ကိုလည်း မြန်မာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို တိုက်တွန်းသွားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ ဒီအကြောင်း ဆွေးနွေးခဲ့တာကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။


မြန်မာနိုင်ငံတွင်း လူနည်းစုမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်သွားစေဖို့ မြန်မာအစိုးရအနေနဲ့ အရေးယူကိုင်တွယ်မှုတွေ ချက်ခြင်းဆောင်ရွက်ဖို့ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌရဲ့ကြေညာချက်ကို လူ့အခွင့်အရေးကောင်စီကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကနေ အတည်ပြုပေးလိုက်တာပါ။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီမှာ သုံးသပ်ဆွေးနွေးကြရာမှာ လူနည်းစု မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေက အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီ မူကြမ်းနဲ့ အဆိုတင်သွင်းတဲ့ OIC ကမ္ဘာမွတ်ဆလင်ပူးပေါင်းဆောင်ရွက်အဖွဲ့ကိုယ်စား ပါကစ္စတန်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကို သဘောပေါက် နားလည်ပေမယ့် မွတ်ဆလင်တွေရဲ့ အခက်အခဲ အခြေအနေကိုတော့ လျစ်လျူမပြုထားလိုဘူးလို့ ပြောပါတယ်။ တချိန်တည်းမှာ ဒီပြဿနာကိုင်တွယ်ဖြေရှင်းရေးအတွက် မြန်မာဖက်ကနေ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကျေးဇူးတင်ကြောင်း OIC က ပြောပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ် ဦးမောင်ဝေကတော့ ကြေညာချက်ပါ စာသားအချို့ကို လက်မခံကြောင်း ပြောပါတယ်။ အထူးသဖြင့်တော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာပြည်သူတွေ အနေနဲ့ သဘောမတူနိုင်ဘူးလို့ ပြောသွားပါတယ်။

“ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာပြည်သူတွေအနေနဲ့ သဘောမတူနိုင်ပါဘူး။ ဒါပေမယ့်လည်း နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကျနော်တို့ရဲ့ နိုင်ငံသားဥပဒေနဲ့အညီ သုံးသပ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီပြဿနာကို အတော်လေးကို လေးလေးနက်နက်ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ရှိသူတိုင်းအတွက် ငြိမ်းချမ်းပြီး သဟာဇာတရှိတဲ့လူ့အဖွဲ့အစည်းဖြစ်လာဖို့ ကိုင်တွယ်ဆောင်ရွက်နေပါတယ်။”

အမေရိကန်ပြည်ထောင်စုကိုယ်စားလှယ်ဖြစ်တဲ့ Ms.Elleen Chamberlain Donhoe ကတော့ မြန်မာနိုင်ငံအနေနဲ့ အခုလို အပြောင်းအလဲကာလမှာ ဗဟုသဘောဆောင်တဲ့ လူမှုအဖွဲ့အစည်းတရပ်ဖြစ်လာဖို့ မြန်မာအစိုးရအနေနဲ့ ကိုင်တွယ်ဆောင်ရွက်သွားရေးကို တိုက်တွန်းသွားပါတယ်။

“မြန်မာနိုင်ငံမှာ ဗဟုသဘောဆောင်တဲ့ လူ့အဖွဲ့အစည်း သီးခံနားလည်မှုရှိတဲ့ လူအဖွဲ့အစည်းတရပ်ဖြစ်လာဖို့ ဆောင်ရွက်ရေးအတွက် မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး တိုက်တွန်းပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်နဲ့ မြန်မာနိုင်ငံတွင်းက လူတိုင်းလူတိုင်း နိုင်ငံသားဖြစ်ပိုင်ခွင့်အပါအဝင် လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ အခုလို အကြမ်းဖက်မှုတွေအပေါ်မှာ အလွန်အမင်းလည်း စိုးရိမ်ပူပင်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ အီးယူ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ဖြစ်တဲ့ အန်ယာလန်နိုင်ငံက Mr.Gerard Corr ကတော့ မြန်မာနိုင်ငံအခြေအနေကို အနီးကပ် စောင့်ကြည့်နိုင်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးရုံးထားရှိဖို့ကို တိုက်တွန်းသွားပါတယ်။

“မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေတွေကို အပြည့်အဝအကာအကွယ်ပေးနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး OHCHR ရုံးထားဖို့ အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာအစိုးရကို ထပ်မံ တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် တိုင်းပြည်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်စုံစမ်းဖို့ OHCHR ရုံးထားရှိရေးက အခရာ ကျပါတယ်။ ”

မြန်မာ့အိမ်နီးချင်းလည်းဖြစ် အာဆီယံအဖွဲ့ဝင်လည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေကို အရေးတကြီးတုံ့ပြန်ဖို့လိုမယ်လို့ အင်ဒိုနီးရှားကိုယ်စားလှယ် Mr.Triyono Wibowo က ပြောပါတယ်။

“နိုင်ငံတကာရဲ့စိုးရိမ်ချက်တွေအပေါ်မှာ အရေးတကြီးတုံ့ပြန်ကိုင်တွယ်ဖို့ မြန်မာအစိုးရကို အင်ဒိုနီးရှားက ပြောလိုပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းစံထားတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စံနှုန်းစံထားတွေ ကိုက်ညီအောင် တုန့်ပြန်ဖို့ တိုက်တွန်းပါတယ်။ ဒီ စိန်ခေါ်ချက်အပေါ်မှာ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရမှာ နိုင်ငံရေးအရ ပိုင်းဖြတ်ချက်ရှိမယ်လို့ ကျနော်တို့လည်း ယုံကြည်ပါတယ်။”

မြန်မာအစိုးရကိုယ်စားလှယ် ဦးမောင်ဝေကတော့ အခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က တိတိကျကျ အရေးယူမယ်လို့ ဂတိပေးထားပြီးဖြစ်တဲ့အကြောင်း ပြောပါတယ်။ လက်တွေ့အားဖြင့်လည်း ရခိုင်အရေး စုံစမ်းရေးကော်မတီဖွဲ့စည်း ဆောင်ရွက်ခဲ့သလို အခြား အရေးယူမှုတွေကိုလည်း ပြုလုပ်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အခု နိုင်ငံတကာက ပြောနေသလို လူနည်းစု မွတ်ဆလင်တွေကို ဗုဒဘာသာဝင်တွေက တဖက်သက် တိုက်ခိုက်နေတဲ့ သဘောမျိုးတော့ မဟုတ်ဘဲ လက်တွေ့မှာ ဒီ ပဋိပက္ခကြောင့် လူမှုအဖွဲ့အစည်းနှစ်ဖက်လုံး နစ်နာခံစားရတယ်ဆိုတာကို သဘောပေါက်လိုမယ်လို့ ပြောသွားပါတယ်။

“အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကို ပြန်လည်သုံးသပ်တဲ့အခါမှာ အထောက်အထားတွေအရ ဒီ အကြမ်းဖက်မှုတွေဟာ အပြန်အလှန်ဖြစ်ကြတယ်ဆိုတာ တွေ့ရပါတယ်။ မျှျမျှတတ ပြောရမယ်ဆိုရင် ဗုဒ္ဒဘာသာဝင်တွေက မွတ်ဆလင်တွေကို ဆန့်ကျင်တယ်ဆိုတာ မမှန်ကန်ပါဘူး။ ဒီအကြမ်းဖက်မှုတွေကြောင့် နှစ်ဖက်စလုံးမှာ လူ့အသက်တွေ ဆုံးရှုံးပြီး၊ အိုးအိမ်ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးကြရတာဟာ ဝမ်းနည်းစရာပါ။ ဒီအကြမ်းဖက်မှုကို လူ့အဖွဲ့အစည်းနှစ်ဖက်မှာ တဖက်ကပဲ ခံစားကြရတာမဟုတ်ပါဘူး။ နှစ်ဖက်စလုံးက နစ်နာခံစားကြရပါတယ်။”

မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်အပါအဝင် မြို့အချို့မှာဖြစ်ခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တာနားရဲ့ အစီရင်ခံစာမှာလည်း မြန်မာ အစိုးရရဲ့ ကိုင်တွယ်မှုအားနည်းတာတွေကို ဝေဖန်ထားပါတယ်။ အထူးသဖြင့်တော့ ဒီ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ အာဏာပိုင်တွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးဖို့ မစ္စတာကင်တာနားက တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG