သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော လုံခြုံရေး နှစ်ဘက်စလုံး စိုးရိမ်နေ


ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တင်းကျပ်ထား။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တင်းကျပ်ထား။
ဇန်နဝါရီလ ၁၃ ရက်နေ့က မောင်တောမြို့နယ်ထဲမှာရှိတဲ့ ဒုချရားတန်းကျေးရွာ မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့တွေနဲ့ မူဆလင် ရွာသားများက ရုန်းရင်းဆန်ခတ်မူဖြစ်ပြီးနောက် အဲဒီ့ဒေသတဝိုက်က ကျေးရွာတွေထဲ ဆက်မနေထိုင်ရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေသူတွေရှိသလို ရာဂဏန်းလောက် ရှိတဲ့ ကျေးရွာသားတွေဟာ မောင်တောမြို့ကိုပြောင်းရွှေ့ လာသူတွေ ရှိနေတယ်လို့ နှစ်ဖက်အသိုင်းအဝိုင်းကဆိုပါတယ်။ အကြောင်းစုံကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောမြို့နယ် အတွင်းမှာ ဒီရက်ပိုင်း အတွင်း မငြိမ်သက်မူတွေဖြစ်ခဲ့ပြီး ဒေသခံတွေက သူတိုရဲ့ လုံခြုံရေးကို စိုးရိမ် ပူပန်နေကြရတာပါ ။ ဒီအတွက် လုံခြုံရေးကို စိုးရိမ်လို့ ကျေးရွာသား တချို့ဟာ မောင်တောမြို့ပေါ်ကိုရွှေ့ပြောင်းလာကြကြောင်း မောင်တောမြို့နယ် ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်သန်းကပြောပါတယ်။

"လုံခြုံရေးက ကလေးတွေနဲ့ မိန်းမတွေတော့ ထွက်ပြေးလာတာ ရှိတယ်။ ယောကျ်ားတွေတော့ ကျန်ခဲ့တယ်။ ပြဿနာဖြစ်သွားတဲ့နေရာနဲ့ နီးတဲ့နေရာတွေက ရခိုင်ရွာတွေ၊ အဲ့ဒီ့မှာတော့ အာဏာပိုင်တွေက လုံခြုံရေးတော့ ယူထားပါတယ်။ မနေရဲတဲ့ မိန်းမနဲ့ကလေးတွေက ထွက်ပြေးလာတာပေါ့လေ။ မီးလာရှို့မလား၊ ဘာလား။ ဆိုပြီး စိုးရိမ်ပြီးထွက်ပြေးလာကြတာပါ။ အခုလုံခြုံရေးရှိတယ်၊ ရှိတယ်ဆိုပြီး ဒီလို ဖြစ်သွားတာဟာ စိုးရိမ်မှုတွေ၊ သံသယစိတ်တွေ ပိုများလာကြတာပေါ့။ တိုင်းရင်းသားတွေကြားထဲမှာ။ "

ပြီးခဲ့တဲ့ ၁၃ရက်နေ့ဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်သားတွေနဲ့ ဒေသခံ မူဆလင် ရွာသားတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့လည်း သူက ဆက်ပြောသွားပါတယ်။

"၁၃ရက်နေ့ ည ဆယ်နာရီခွဲလောက်မှာ ကျေးရွာမှာ တာဝန်ကျနေတဲ့ အခုသေဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီးရယ်၊ ရဲသားလေးယောက်ရယ် စုစုပေါင်း ၅ယောက်က အဲ့ဒီ့ရွာတွေကို ကင်းလှည့်ကြပါတယ်။ ညကင်းလှည့်တဲ့အချိန်မှာ မီးလှုံနေတဲ့ ဘင်္ဂလီ ၁၀ယောက်လောက်ရှိပါတယ်။ အဲ့ဒီ့မှာ သူတို့က ထပြေးကြတယ်။ ထပြေးပြီးတော့ တယောက်က အော်လိုက်တာနဲ့ လူ ၂၀၀၊ ၃၀၀လောက်က ဝိုင်းဝန်းပြီးတော့ ခဲတွေ၊ တုတ်တွေနဲ့ တိုက်ခိုက်ကြတာပေါ့။ အဲ့ဒီ့ လုံခြုံရေး ဆရာကြီးကိုတော့ ဖမ်းမိသွားတယ်။ နောက်ကပါလာတဲ့ တပ်သားတွေကတော့ ထွက်ပြေးလို့ လွတ်သွားတယ်။"

ဒီ့ပဋိပက္ခတွေ ဖြစ်ပွားပြီးမှာတော့ ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့ ကိစ္စပေါ် မူတည်ပြီး ဒေသခံမူစလင်ကျေးရွာသားတွေကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုပြီး မူဆလင်အသိုင်းအဝိုင်းကဆိုပါတယ်။ လူ့အခွင့်အရေး ပါတီအတွင်းရေးမှူး ဦးကျော်စိုးအောင်ပြောပြတာကတော့-

"ဘာမှမဖြစ်သေးတဲ့ ရွာတွေကတော့ အရမ်းကြောက်လန့်နေတယ်။ တချို့ ရခိုင်လက်နက်ကိုင်တွေက ရွာတွေကိုဝင်ပြီးတော့ ခြိမ်းခြောက်နေတယ်။ "

ပျောက်ဆုံးမူတွေရှိနေတယ်လို့ စွတ်စွဲခံထားရတဲ့ ပြဿနာဖြစ်နေတဲ့ အဲဒီ့နေရာဒေသ ကို ဝင်ရောက်ကြည့်ရူခွင့် ပွင့်လင်းမြင်သာတဲ့ စစ်ဆေး ခွင့်တွေပေးနိုင်ဖို့ အတွက် လိုအပ်တယ်လို မူဆလင်ခေါင်းဆောင်တဦးကလည်း ဆိုပါတယ်။

"ဆိုလိုတာက ရဲတယောက်ကို သတ်လိုက်တယ်ဆိုရင် သတ်လိုက်တဲ့သူ သည် မောင်ဖြူလား၊ မောင်နီလား။ ဥပဒေအရ ဖြေရှင်းရမှာ၊ ဖော်ထုတ်ရမှာ၊ အဖွဲ့အစည်းတော်တော်များများက ဝင်ခွင့်တောင်းနေတယ်။ ရွာကို ကန့်သတ်ချက်နဲ့ လုံးဝကို မဝင်ရဘူးဆိုပြီး အဲ့လိုမျိုး ကိုင်တွယ်နေတယ်ဆိုတော့ ဒါ နည်းနည်းလွဲမှားနေတယ်လို့ မြင်တယ်။ မူဆလင်လွန်တယ်ဆိုရင် မူဆလင်ခေါင်းဆောင်ပိုင်းမှာ ရှိတဲ့ ခေါင်းဆောင်ပိုင်းတွေ အဲ့ဒီ့နေရာကို သွားဖြေရှင်းသင့်တယ်။ ဖြေရှင်းနိုင်ဖို့ကိုလည်း အစိုးရက လမ်းဖွင့်ပေးရမယ်။

မောင်တောမြို့နယ်ထဲမှာ ပဋိပက္ခတွေအတွင်း လူသေဆုံးမူတွေ ရှိတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အေပီသတင်းဌာနက ရေးသားခဲ့ပေမဲ့ အစိုးရကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားတာပါ။ ပြည်နယ်အစိုးရကို
ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စု အနေနဲ့ ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေ ပါဝင်တဲ့ နှိပ်စက် ညှဉ်းပန်း မတရားပြုကျင့်မှု သတင်းတွေနဲ့ပတ်သက်လို့ စိုးရိမ်ရကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး ကကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင်း လူပေါင်း ၂၀၀နီးပါး သေဆုံးခဲ့ရပြီး နေအိမ်ပေါင်း ၈၀၀၀ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားတာပါ။ ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် ဒေသခံတွေ သိန်းနဲ့ ချီ အိုးအိမ်မဲ့ဖြစ်ကာ ဒုက္ခသည်စခန်းတွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။
XS
SM
MD
LG