သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကမ်းလွန် မီးပြတိုက်အနီး သဘောၤနစ်မြုပ် လူ ၁၀ ဦး သေ ၉ဦး ပျောက်ဆုံး


Sin Pyaung Ship Wreck ( Photo Credit Myanmar Port Authority)
Sin Pyaung Ship Wreck ( Photo Credit Myanmar Port Authority)

ရခိုင်ကမ်းလွန်ပိုင်း၊ ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၊ ဇီးတောကမ်းခြေနဲ့ လေးမိုင်ရှိ မီးပြတိုက်ကို ပြုပြင်ဖို့အသွား “ဆင်ပြောင်” အမည်ရှိတဲ့ မြန်မာဆိပ်ကမ်း ပိုင် သင်္ဘောတစီးဖေဖော်ဝါရီလ ၁၁ ရက်နေ့က နစ်မြုပ်သွားခဲ့ပါတယ်။ သင်္ဘောပေါ်လိုက်ပါသွားတဲ့ အမှုထမ်း ၂၅ ဦးအနက် ၇ ဦးခန့်သာ ကယ်ဆယ်နိုင်ခဲ့ပြီး အလောင်းဆယ်လောင်းကို ရှာဖွေ တွေ့ရှိထားတယ်လို့ ရခိုင်မြို့နယ် မီးသတ်ဌာနက အတည်ပြုပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ တနင်္လာနေ့မနက် ၄ နာရီခွဲက ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ဇီးတောကမ်းခြေနဲ့ လေးမိုင်အကွာမှာရှိတဲ့ လက်ဖက်ကျွန်း မီးပြတိုက်ကို မွမ်းမံပြုပြင်ဖို့ သွားရောက်ခဲ့တဲ့ ဆင်ပြောင်အမည်ရှိသင်္ဘောဟာ မီးပြတိုက်အနီး ကျောက်ချဖို့ ကြိုးစားရင်း တဘက်ယိမ်းကာ မှောက်သွားခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆင်ပြောင်သင်္ဘောပေါ်မှာ လိုက်ပါ သွားတဲ့ အမှုထမ်း ၂၅ ဦးရှိရာမှာ ယနေ့အထိ ကယ်ဆယ်နိုင်ခဲ့သူ ၇ ဦးရှိပြီး အလောင်း ၁၀ လောင်း တွေ့ရှိကာ ပျောက်ဆုံးနေသူပေါင်း ကနဦး ၈ ဦးရှိခဲ့ရာက နောက်ထပ်တဦး စာရင်းမှာထပ်တိုးခဲ့တာကြောင့် ပျောက်ဆုံးသူစုစုပေါင်းဟာ အခု ၉ ဦးရှိပါပြီ။ သေဆုံးသူ ဆယ်ဦးအနက် ရေယာဉ်မှူး ဦးထွန်းထွန်းဦးနဲ့ ဒုရေယာဉ်မှူး ဦးထွန်းအောင်တို့လည်း ပါဝင်ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပျောက်ဆုံးနေတဲ့ကိုးဦးကို ရှာဖွေကယ်တင်နိုင်ဖို့ မာန်အောင်မီးသတ်တပ်ဖွဲ့က ဦးစီးပြီး ရှာကယ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရေတပ် တပ်ဖွဲ့ဝင်တွေနဲ့ တခြား ငါးဖမ်းသင်္ဘောတွေက လိုက်လံကြိုးစား ရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ရခိုင်နဲ့တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ မီးပြတိုက်ပေါင်း ၂၆ ခုရှိရာမှာ အခု နစ်မြုပ်သွားတဲ့ ဆင်ပြောင်နဲ့ ဆန္ဒန်အမည်ရှိ သင်္ဘောနှစ်စင်းတို့ဟာ မီးပြတိုက်တွေမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လိုက်လံ လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

အခုလို ဆင်ပြောင်သင်္ဘော ရုတ်တရက်မှောက်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ အလားအလာကို ရန်ကုန်ဆိပ်ကမ်းမှာ လုပ်သက်ရင့် ရေကြောင်းပြတဦးလည်းဖြစ်၊ ရေကြောင်းဦးစီးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ကပ္ပတိန်ဦးနီကို မေးကြည့်ခဲ့ပါတယ်။

“Weather ကြောင့်ဆိုလို့ရှိရင်လည်း ဒိမတိုင်ခင်ကတည်းက စောင်းနေမှာပေါ့။ ကျနော်ထင်တာပြောတာပေါ့လေ။ Probably, rock တွေ ဘာတွေ သွားထိသလား မသိဘူး။ ဒါလည်း ဖြစ်နိုင်တာပေါ့။ နောက်ပြီးတော့ သာမန် weather ဆိုးနေရင် သင်္ဘောက အမြဲစောင်းနေမှာ ပဲလေ။ သင်္ဘောက ဟိုဘက်စောင်းလိုက်၊ ဒီဘက်စောင်းလိုက် roll ဖြစ်နေမှာပေါ့။ Berth လုပ်ခါနီးမှာ သုံးမိနစ်စောင်းပြီးတော့ တခါတည်း မှောက်သွားတယ်ဆိုတော့ rock တို့ဘာတို့နဲ့ ထိပြီးတော့ တခါတည်း အဲဒီလိုပဲ ဖြစ်ဖို့က များမယ်။ အထူးသဖြင့် lighthouse တွေက ကျောက်ဆောင်တွေပေါ်မှာ ဆောက်တာ များတာဆိုတော့ ကပ်လို့တော့ မရဘူး။ ဆင်ပြောင် (သင်္ဘော) အနေနဲ့ ကပ်လို့တော့ မရဘူး။ အဲဒီ lighthouse ကလည်း ကျနော်သိတဲ့ lighthouse တိုင်းကတော့ အဲလောက်သင်္ဘောကြီးသွားပြီး ကပ်နိုင်တဲ့နေရာ မရှိပါဘူး။ ကျနော်တို့ မြန်မာကမ်းရိုးတန်းမှာ lighthouse ကို ကပ်ပြီးတော့ ဆင်ပြောင်လိုသင်္ဘောမျိုး ကပ်နိုင်တာမျိုး မရှိဘူး။”

မေး။ ။ ကျောက်ချဖို့လုပ်နေတုန်း စောင်းပြီးတော့…..

ဖြေ။ ။ အင်း…အင်း။ ကျောက်ချဖို့လုပ်တာ ဖြစ်နိုင်တယ်။ ကျနော် နားလည်တာပေါ့လေ။

မေး။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဆင်ပြောင်နဲ့ပတ်သက်ပြီးတော့ရော ဦးနီ မှတ်မိသလောက် ပြောပြပေးပါလား။ ဦးနီ။

ဖြေ။ ။ ဆိပ်ကမ်းအတွင်းမှာ Buoy တွေဘာတွေ ချတာ ၊ နေရာရွှေ့တာ အဲဒါတွေလုပ်တယ်၊ သင်္ဘောပေါ်က ။ ကျနော်တို့ ရန်ကုန်မြစ်မှာလေ-မြစ်လယ်မှာရော။ နောက်ပြီးတော့ မြစ်ထဲမှာရှိတဲ့ မီးပြတဲ့ buoy လေးတွေချတာလည်း သူတို့ အသုံးချတယ်။ အဲဒီသဘောနဲ့ လုပ်ရတာပေါ့လေ။ နောက်ပြီးတော့ သင်္ဘောကြီးတွေချည်တဲ့ မြစ်အလယ်မှာ - မြစ်ထဲမှာရှိတဲ့ Buoy တွေကို ချတာ၊ ရွှေ့တာ၊ မတာ၊ အဲဒါတွေ လုပ်တဲ့သင်္ဘောပေါ့။ maintenance လုပ်ရတဲ့သင်္ဘောပေါ့။ နောက်ပြီးတော့ အဲဒီ Buoy တွေကို moor လုပ်ရတဲ့ mooring vessel လို့ ခေါ်တယ်။ ဗမာလိုပြောမယ်ဆိုရင်တော့ ကျောက်ချတဲ့သင်္ဘောပေါ့။ ရေလယ် buoy များ ကျောက်ချတဲ့သင်္ဘောပေါ့။

မေး။ ။ အဲဒီတော့ သင်္ဘောက ဘယ်လောက်ကြီးလဲ။

ဖြေ။ ။ တန်ချိန် ၂၀၀ ပတ်ဝန်းကျင်၊ အဲလောက်ပဲ။ ကျနော် သေချာ မမှတ်မိဘူး။

မေး။ ။ အဲဒီတော့ သူက ဘယ်နှစ်နှစ်တောင် ကြာသွားပြီလဲ။ ဦးနီတို့ ခေတ်ကတည်းကဆိုတော့။

ဖြေ။ ။ အနည်းဆုံး နှစ်လေးဆယ်တော့ ကျော်ပြီ။ ၄၀ နဲ့ ၅၀ ကြားလောက်ပေါ့။ Maintain လုပ်ထားတယ်ဆိုရင်တော့ seaworthy ဖြစ်မှာပေါ့။ ကျနော်တို့ Port မှာလည်း ဒီလိုပဲ သင်္ဘောတွေ maintain လုပ်ပြီး ဒီလိုပဲ သုံးလာခဲ့ရတာ။ ကျနော်တို့ရှိတုန်းကလည်း အဲလိုပါပဲ။

မေး။ ။ မီးပြတိုက်တွေအကြောင်းကော ဦးနီသိလား၊ ဦးနီက ဆိပ်ကမ်းမှာလုပ်ခဲ့တယ်ဆိုတော့-

ဖြေ။ ။ မီးပြတိုက်တွေက ဟိုးအစဉ်အလာကတော့ ကျနော်တို့ ရေကြောင်းဦးစီးဌာနကနေပြီးတော့ မီးပြတိုက်ဌာနဆိုပြီး သက်သက်ဆိုပြီး သူက ရှိတယ်။ နောက်ပိုင်း ၆၄-၆၅ လောက်ဖြစ်မယ်-အဲလောက်မှာကျတော့ မီးပြတိုက်ကို ကျနော်တို့က လွှဲယူလိုက်ပြီးတော့ maintain ဆက်ပြီးလုပ်ပါတယ်။ ကျနော်တို့ပဲ ဆက်ပြီး ကိုင်သွားတာပေါ့။

မေး။ ။ မီးပြတိုက်ကို Maintain လုပ်ရတယ်ဆိုတာ ဘာတွေလုပ်ရပါလဲ။

ဖြေ။ ။ မီးပြတိုက်မှာ Construction ဘက်မှာဆို မီးပြတိုက်ကြီးတွေကို ထိန်းသိမ်းတာ၊ အဆောက်အဦးတွေကို ထိန်းသိမ်းတာ။ ဒါ့အပြင် lighting လိုဟာတွေကလည်း အခါအားလျှော်စွာ Gas ဖြည့်ရတာ။ လျှပ်စစ်ဆိုလို့ရှိရင်လည်း လျှပ်စစ်နဲ့ပတ်သက်တာတွေ ဖြည့်ရတာ၊ လဲရတာ။ Maintain လုပ်ရတာတွေ ရှိတာပေါ့နော်။ ပြောင်းရတာ။ နှစ်စဉ် အဲဒါလုပ်နေကျပါ။ ရာသီဥတုကောင်းတဲ့အချိန်မှာ သွားပြီး သူတို့လုပ်နေကျပဲ။ အခုလည်း သာမန် ရာသီဥတုကောင်းတယ်ဆိုပြီး သူတို့ လုပ်တာဖြစ်မှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG