သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး ပါဝင်ကူညီရေး ကုလနဲ့ မြန်မာ မကြာခင် MOU ထိုးမည်


UNHCR မှ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ (Ministry of Foreign Affairs Myanmar Myanmar)
UNHCR မှ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ (Ministry of Foreign Affairs Myanmar Myanmar)

ရခိုင်ပြည်နယ် အကျပ်အတည်းကို ရေတို၊ ရေရှည်လုပ်ငန်းတွေနဲ့ ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကြား မကြာခင်မှာ နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အစီအစဉ် အသေးစိတ်နဲ့ ပတ်သက်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင် ကပြောပြမှာ ဖြစ်ပါတယ်။

တကျော့ပြန် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်အရေး ပူးပေါင်းကူညီဖြေရှင်းနိုင်ရေး အစီအစဉ်တွေအတွက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးများရုံး UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis နဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးမယ့် ကိစ္စကိုလည်း ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက VOAကိုပြောပါတယ်။

"ဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျနော်တို့ ပြန်လည်လက်ခံရေး Repatriation- ဒါတွေနဲ့ ပတ်သက်ပြီးတော့ UNHCR နဲ့ UNDP ပါဝင်ဖို့ ကိစ္စကို ကျနော်တို့ အဓိက ဆွေးနွေးပါတယ်။ မတ်လ ၉ ရက်နေ့မှာ သူတို့ ပို့ထားတဲ့ Concept paper ရယ် ကျနေ်ာတို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၂ နိုင်ငံကြားမှာ လက်မှတ်ရေးထိုးထားတဲ့ Arrangement ဆိုတာရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဝန် ဇန်နဝါရီလတုန်းက လက်မှတ်ရေးထိုးထားတဲ့ Arrangement ဆိုတဲ့ ၂ ဖက်သဘောတူ စာရွက်စာတန်းတွေရှိပါတယ်။ အဲဒီ စာရွက်စာတန်းတွေရယ် သူတို့ဘက်က ၂ ဖက်သဘောတူ ပေးလာတဲ့ Concept Note ကိုအခြေခံပြီးတော့ ကျေျနာ်တို့ Draft MOU နားလည်မှုစာချွန်လွာ မူကြမ်းတခု ကျနော်တို့ ဆွဲနေပါတယ် ဒါကို ကျနော်တို့ မကြာခင်အချိန်အတွင်း မြန်မာနိုင်ငံအစိုးရ ပါမယ် ၊ UNHCR နဲ့ UNDP နဲ့ ဒီအဖွဲ့အစည်း ၃ ခုပါတဲ့ Joint MOU ထိုးဖို့ စီစဉ်နေပါတယ်။ အဲဒီကိစ္စကို ကျနော်တို့ ဆွေးနွေးတာ ဖြစ်ပါတယ်။"

ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာ အဖွဲ့အစည်းတွေကို ပါဝင်လုပ်ကိုင်ခွင့်ပေးဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုနေတာပါ။ ဒီဒုက္ခသည်တွေ လက်ခံရေးကိစ္စမှာ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ UEHRD (ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေးနဲ့ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့)နဲ့ ပူးပေါင်းပြီး UNHCR ရော၊ UNDP (ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်)ကိုပါ ဝင်ရောက် လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ ဦးမြင့်သူက ရှင်းပြပါတယ်။

" အထူးသဖြင့် UNHCR က သူတို့ mandate နဲ့ ကိုက်ညီတဲ့ Repatriation နဲ့ Resettlement မှာပါဝင်ဖို့ သူတို့နဲ့ အဆိုပြုထားပါတယ်။ UNDP ကတော့ Development program ဖြစ်တဲ့အတွက် ပြန်လည် ဝင်ရောက်လာသူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု Socioeconomics development နဲ့ ပတ်သက်လို့ ပါဝင်ကူညီဖို့ ကဏ္ဍလေးတွေ သူတို့ အဆိုပြုထားပါတယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ သူတို့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စံပြ project လေးတွေလည်း စဖို့ အဆိုပြုထားပါတယ်။"

ဒီအတောတွင်း ရိုဟင်ဂျာတွေကို အကူအညီပေးရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ရာမှာ မြန်မာနိုင်ငံဟာ အခက်တွေ့ရဆုံး နိုင်ငံဖြစ်တယ်လို့ Geneva အခြေစိုက် ACAPS သုတေသနအဖွဲ့က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေကို ကူညီရာမှာ အကူအညီပေးရေး လုပ်သားတွေကို အကြမ်းဖက်တာ၊ အကူအညီ မရနိုင်အောင် တားဆီးနှောက်ယှက်တာ အပါအဝင် အချက် ၉ ချက်အပေါ် အခြေခံပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံကို အကဲဖြတ် ပြုစုထားတဲ့ ACAPS အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။

မြန်မာအစိုးရကတော့ UNHCR နဲ့ UNDP လို ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ရခိုင်အရေးကိစ္စမှာ ပါဝင်ပူးပေါင်းခွင့် ပေးခြင်းအားဖြင့် နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေနဲ့ သံသယတွေ လျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်မိကြောင်း ဦးမြင့်သူက ပြောပါတယ်။

"ပြီးခဲ့တဲ့ မနှစ်က နိုဝင်ဘာက စပြီးတော့ World Food Program လို အဖွဲ့အစည်း မျိုးကိုတောင် ကျနော်တို့ ပြန်လည်ခွင့်ပြုထားပြီ ဖြစ်ပါတယ်။ လက်ရှိကျနော်တို့ MOU ထိုးပြီးပြီဆိုရင် ကျနော်တို့ UN ရော၊ UNHCR ရော ဒီ Repatriation process မှာ ပါဝင် ပတ်သက်လာမှာ ဖြစ်ပါတယ်။ ဆိုတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ပါလာမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိမယ်။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက် မှာဖြစ်တဲ့အတွက် ဒီလိုစွပ်စွဲချက်တွေကို ကျနော်တို့ ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။"

ရခိုင်ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ လက်ရှိအခြေအနေမှာ ကုလသမဂ္ဂ အဖွဲ့အစည်းကြီးတွေကိုသာ ပူးပေါင်းပါဝင်ခွင့်ပေးသေးပြီး လာမယ့် ကာလတွေမှာ အခြား နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုလည်း ခွင့်ပြုသွားဖို့ စဉ်းစားထားတယ်လို့ ဦးမြင့်သူက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းဒေသ အရေးကိစ္စမှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်လို့ နိုင်ငံတကာရဲ့ စွပ်စွဲချက် ထွက်ပေါ်ခဲ့ပြီး အဲဒီဒေသကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ရောက်ခွင့်ပေးဖို့ ဖိအားပေးတောင်းဆိုမှု ထွက်ပေါ်နေချိန်မှာ မြန်မာ အစိုးရက UNHCR နဲ့ UNDP တို့ကို ပဋိပက္ခဖြစ်အပြီး ၅ လလောက်အကြာမှာ ပါဝင်လုပ်ကိုင်ခွင့် ပေးလာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေး ပါဝင်ကူညီရေး ကုလနဲ့ မြန်မာ မကြာခင် MOU ထိုးမည်
please wait

No media source currently available

0:00 0:04:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG