သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမှာ လူမျိုးရေးပဋိပက္ခထပ်မကြုံစေဖို့ ULA/AA သတိပေး


မေ ၁၆၊ ၂၀၂၀ က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ မီးလောင်နေတဲ့မြင်ကွင်း (ယခင်ပုံဟောင်း)
မေ ၁၆၊ ၂၀၂၀ က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ မီးလောင်နေတဲ့မြင်ကွင်း (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့မှာ လူမျိုးရေးပဋိပက္ခကိုဦးတည်စေနိုင်တဲ့ ထူးခြားဖြစ်စဉ်တွေ ဒီလဆန်းပိုင်းကစလို့ ဆက်တိုက်ကြုံလာရတာကြောင့် အများပြည်သူတွေ ဆင်ခြင်သတိထားကြဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ မွတ်ဆလင်ကျေးရွာတွေနဲ့ နီးကပ်တဲ့ ရခိုင်ရွာတချို့မှာ ဒီလိုအဖြစ်အပျက်တွေ ကြုံရသလို မွတ်ဆလင်ရွာတချို့မှာ အလားတူ မီးရှို့ခံရမှုတွေ ကြုံနေရတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စပါး မီးရှို့ခံရတာ၊ စာသင်ကျောင်းတချို့မီးလောင်တာ၊ လူမျိုးရေးပါတဲ့ဖြစ်စဉ်တချို့ ရှိနေတာတွေကို ထောက်ပြပြီး ဒီဖြစ်စဉ်တွေဟာ ဒေသတွင်း လူမျိုးရေးပဋိပက္ခတွေဖြစ်စေဖို့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်စေဖို့ တမင်ဖန်တီးတဲ့လုပ်ရပ်တွေဖြစ်မယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အနေနဲ့ ရှုမြင်သုံးသပ်တယ်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီအတွက် ရပ်ရွာလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ရခိုင်ဒေသခံတွေ သတိကြီးကြီးထားစောင့်ကြည့်သွားကြဖို့ AA က တိုက်တွန်းပါတယ်။ ဖြစ်စဉ်တွေက တပြိုင်နက်တည်း ရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်စွာဖြစ်နေတာမို့ အဖွဲ့အစည်းတခုခုက ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ ယူဆတဲ့အကြောင်း ULA/AA ကြေညာချက်မှာဖော်ပြပေမယ့် ဘယ်အဖွဲ့အစည်းလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

ဒီကနေ့မှာလည်း ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းအုပ်စု ကန္ဒရွာက မွတ်ဆလင် နှစ်ဦးပိုင်တဲ့ ရိတ်သိမ်းထားတဲ့ စပါးကောက်လှိုင်းတွေ မီးလောင်ဆုံးရှုံးသွားတယ် လို့ ဒေသခံတွေကပြောပါတယ်။ စပါးတွေ မီးလောင်သွားတာနဲ့ ပတ်သက်ပြီး စုံစမ်းနေတယ်လို့လည်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျန်အေးကပြောပါတယ်။

“ကျနော်တို့လည်း မီးလောင်သွားတယ်လို့ ကြားပါတယ်ဗျာ။ မများပါဘူး ကောက်လှိုင်းစည်း နှစ်ရာ သုံးရာလောက်လို့ ကြားပါတယ်ခင်ဗျာ။ တာဝန်ရှိသူတွေဘက်ကတော့ လိုက်လံ စုံစမ်းလျက်ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲ၊ ဒီမီးက ဘယ်လိုကြောင့် ဖြစ်တာလဲ..ဆိုပြီး စုံစမ်းနေပါတယ်ဗျာ ဟုတ်ကဲ့။”

ဒါ့အပြင် မနေ့တုန်းကလည်း မြောက်ဦးမြို့နယ် မုချာကျေးရွာက လယ်သမားတဦးပိုင်တဲ့ နွားတွေဓားခုတ်ခံရတယ်လို့ ဆိုပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ ကိုမောင်ကြိုင်ကတော့ သူ့နွားတွေအခုတ်ခံရတာဟာ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိလာခုတ် သွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ခြံထဲမှာ နွားတွေကို ဓားနဲ့ ခုတ်ထားတာကို တွေ့ရတယ်။ နွားအခုတ်ခံရတာက ငါးကောင်။ ကျနော်ထင်တာကတော့ ကျနော်တို့အိမ်နဲ့ ပြဿနာဖြစ်ထားတဲ့ သူတွေလည်းမရှိဘူး။ သူများတွေနဲ့ စကားများ ရန်ဖြစ်တာတွေ ဘာတွေလည်းမရှိဘူး။ တမင်တကာ မနာလိုလို့ ဒီလိုလုပ်တာလို့ပဲ ယူဆတယ်။”

ဒါ့အပြင် ဒီဇင်ဘာလ ၉ ရက်နေ့က စတင်ပြီးကျောက်ဖြူ၊ မြောက်ဦး၊ ဘူးသီးတောင်နဲ့ ဂွမြို့နယ်တွေမှာ စပါးတွေ မီးရှို့ခံရတာ၊ နွားတွေကို ဓားနဲ့ခုတ်တာတွေအပြင် ဂွမြို့နယ်အတွင်းက စာသင်ကျောင်းတခု မီးရှို့ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဆိုသလို တွေ့နေတယ်လို့ရခိုင် လက်နက်ကိုင်AA အဖွဲ့ဘက်ကထုတ်ပြန်ထားပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာတာဟာ လူမျိုးတခုနဲ့ တခုကြား ပြဿနာဖြစ်အောင် တမင်ဖန်တီးနေသလို ဖြစ်နေတယ်လို့ ရခိုင်နိုင်ငံရေး ကျွမ်းကျင်သူ ဦးဖေသန်း ကပြောပါတယ်။

“ဒါကတော့ ကျနော်တို့ ကြိုပြီးတော့ သတိထားရမယ့် ကိစ္စမျိုးပေါ့နော်။ ULA/AA က ဟိုတလောကပဲ ကြေညာချက် ထုတ်ခဲ့တာရှိတယ်။ ဒါက တိုက်ဆိုင်မှုပဲ ဖြစ်ဖြစ် တမင်ရည်ရွယ်ချက်နဲ့ပဲ လုပ်သည်ဖြစ်စေ ဒါဟာ လူမျိုး တမျိုးနဲ့ တမျိုးကြားမှာ ပဋိပက္ခ အသွင်ဆောင်သွားနိုင်ပါတယ်။ အရင်ကလည်း အဲလို ခဏခဏ ဖြစ်ဖူးတယ် ဆိုတော့ အခုလည်း တဦးတယောက်တည်း အကျိုးအတွက်မဟုတ်ဘဲ။ နွားတွေကို ခြေထောက်တွေ ခုတ်တာတို့ စပါးတွေကို မီးရှို့တာတို့ ကောက်ရိတ်စက်တွေကို မီးရှို့တာတို့ အဲလိုမျိုး လုပ်တာတွေကတော့ တကယ့်နော်။ ရည်ရွယ်ချက်ကတော့ ဒါ ပဋိပက္ခတခုကို တစုံတယောက် သို့မဟုတ် တစုတဖွဲ့၊ အဖွဲ့အစည်းတခုကများ ကြိုးပမ်းနေသလားပေါ့နော်။ အဲလို သံသယတွေ အကုန်လုံးဖြစ်လာကြတယ်။”

ဒါ့ကြောင့် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့သူတွေအနေနဲ့ ဒီလိုမျိုးဖြစ်စဉ်တွေကို ရာဇဝတ်မှု တခုလိုမြင်ပြီး လူမျိုးရေး ပြဿနာတွေမဖြစ်စေဖို့ အားလုံးသတိထား ဆောင် ရွက်ကြဖို့ လိုအပ်တယ်လို့လည်း ဦးဖေသန်းကပြောပါတယ်။

“အကုန်လုံးကတော့ တွေးတောနိုင်တဲ့သူတွေမဟုတ်ဘူးလေ။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ဒါ-ရခိုင်တွေလုပ်တာ၊ ဒါ-မွတ်ဆလင်တွေလုပ်တာ... ဆိုပြီးတော့ မြင် ကောင်းမြင်နိုင်တယ်။ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါကို ပဋိပက္ခတခုအသွင် ဖြစ်မသွားနိုင်အောင်တော့ ကျနော်တို့ ထိန်းထားဖို့လိုတယ်။ ရာဇဝတ် မှု၊ ရာဇဝတ်မှု ဆိုတဲ့သဘောမျိုးနဲ့ ကြည့်ရှုပြီးတော့ အကုန်လုံးပေါ့နော်။ အခုလို ULA/AAရဲ့ ထုတ်ပြန်ချက်နောက်ပိုင်း ကျနော်တို့ဘက်ကလည်း ဒီအပေါ်မှာ အကဲမဆတ်ကြဖို့ပေါ့နော်။ အဲလိုမျိုး ကျနော်တို့ဘက်က သတိထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ရခိုင်ပြည်နယ်သူတွေအားလုံးကလည်း ဒီအပေါ် နားလည်မှုရှိရှိနဲ့ သတိထားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ်တုန်းကလည်း ရခိုင်နဲ့ မွတ်ဆလင်တွေကြား လူမျိုးရေးအသွင်ပဋိပက္ခဖြစ်ပွားခဲ့သလို ၂၀၁၇ ခုနှစ်တုန်းကလည်း နယ်ခြားစောင့် ရဲစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက် ရခိုင်ဒေသမှာ မတည်ငြိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။ မြန်မာလုံခြုံရေးတပ်က နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါတယ်။ အဲဒီနောက် NLD အစိုးရလက်ထက်မှာ ရခိုင်အခြေစိုက် AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ရခိုင်ဒေသမှာ မတည်မငြိမ်ကြုံခဲ့ရပြန်ပါတယ်။ လက်ရှိအားဖြင့် AA နဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးယူထားတဲ့အတွက် ရခိုင်ဒေသမှာ လတ်တလောတည်ငြိမ်မှုရှိနေတယ်လို့ ပြောရမှာပါ။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]













#MyanmarViolence #RakhineConflict #VOABurmese


=========

XS
SM
MD
LG