သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့မှာ ရဲဖမ်းဆီးမှုများကြောင့် ဒေသခံတွေ စိုးရိမ်


လွန်ခဲ့တဲ့ နှစ်နှစ်က ရခိုင်ပြည်နယ်အတွင်းမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေဖြစ်ခဲ့ပြီး အခု တည်ငြိမ်အေးချမ်းနေချိန်ကျမှ ကျောက်တော်မြို့နယ် အတွင်းမှာ သံသယရှိသူတွေကို ရာဂဏန်းနဲ့ချီပြီး လာရောက်ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ဒေသခံလူထုက တည်ငြိမ်အောင်ကြိုးစားနေတဲ့ကြားက မကြာခနဆိုသလို တင်းမာမှုတွေဖြစ်နေရတာပါ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း ရွာသားတွေကို ပဋိပက္ခမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ လိုက်လံဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာတယ်လို့ စစ်တွေမြို့က ရခိုင် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောပါတယ်။

“ဒီလိုဗျ၊ ၂၀၁၂ ခုနှစ်တုန်းက ဘင်္ဂလီတွေနဲ့ ရခိုင်တွေ ပဋိပက္ခဖြစ်ခဲ့တယ်လေ၊ အဲဒီမှာ နှစ်ဘက် အသေအပျောက်တွေ ရှိကြတယ်ခင်ဗျ။ အခုဆိုရင် နှစ်နှစ်လည်းကျော်လာပြီခင်ဗျ။ နှစ်နှစ်လည်းကျော်လာပြီဆိုတော့ အခုတော့ ဘာဖြစ်နေသလဲဆိုတော့ ရွာတရွာကိုသွားလိုက်၊ ရဲက မင်း ပဋိပက္ခထဲ ပါတယ်ဆိုပြီး ဖမ်းသွားလိုက်၊ နောက်တခါ မသင်္ကာမှုနဲ့ဖမ်းသွားလိုက်။ ဖမ်းသွားပြီး နည်းနည်းအကြံအဖန်လေးလုပ်ပြီး ငွေပေးပြီးထုတ်လိုက်၊ အဲလိုဖြစ်နေတော့ အဲဒီဟာကို အမှီပြုပြီးတော့ ရဲက အကြံအဖန်လုပ်သလိုဖြစ်နေလို့ ရွာသူရွာသားတွေက တော်တော်လေး မကျေမနပ်ဖြစ်နေတယ်ခင်ဗျ။ အကုန်လုံးက ကိုယ်တရားခံလား၊ သူတရားခံလား ဘာမှန်းမသိဘဲဖြစ်နေတယ်။ အခုက ဘာမှမဆိုင်တဲ့လူလည်း အဖမ်းခံနေရ၊ အဲလိုဖြစ်နေတယ်။ နှစ်နှစ်ကျော်လာပြီဗျာ၊ ကိုယ့်ဖာသာကိုယ် လုပ်ကိုင်စားသောက်နေတုန်း ဘာမှန်းညာမှန်းမသိ ဖမ်းသွား၊ အဲဒီအမှုမှာပါတယ်ဆိုပြီးတော့- အဲလိုဟာမျိုးတွေ ရှိရှိနေတော့ ရွာသားတွေက အမြဲတမ်း ရဲလာရင်စိုးရိမ် ထိတ်လန့်နေရတဲ့အနေအထားတွေ ရှိနေတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ တည်ငြိမ်စပြုလာချိန်မှာ အခုလိုမျိုး ဒေသခံတချို့ကို ဖမ်းဆီးတဲ့လုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာ နိုင်တယ်လို့လည်း ဆိုပါတယ်။

“အခု ကျနော်တို့ဆီမှာက ငြိမ်သက်တဲ့အဆင့်ရောက်နေပြီခင်ဗျ။ ဘင်္ဂလီ-ရခိုင်ကိစ္စက နည်းနည်းငြိမ်သက်တဲ့အဆင့်ရောက်နေပြီ။ ငြိမ်သက်တဲ့အဆင့် ရောက်နေတဲ့အချိန်ရောက်ကာမှ ဒီလိုဖြစ်လာတော့- ရခိုင်တွေက ဘာဖြစ်လာလဲဆိုတော့ အဲဒီဘင်္ဂလီတွေထက် ရဲအပေါ်မှာ မကြည်လင်မှုတွေ အများကြီးဖြစ်လာတယ်။ ကောင်းကျိုးမဟုတ်ဘူး၊ ဒါ ဆိုးကျိုးပေါ့။ အဲဒီတော့ လုံခြုံရေးကို တာဝန်ယူရတဲ့ ဥပဒေဘက်တော်သားတွေနဲ့ ဥပဒေဘောင်အတွင်း နေထိုင်တဲ့သူတွေကြားမှာ ဒီလို မယုံသင်္ကာမှုတွေများလာတာဟာ ဥပဒေစိုးမိုးရေးကို နည်းနည်း အားနည်းစေတယ်ဗျ။”

တချို့လည်းအဖမ်းဆီးခံရပြီး တချို့ကလည်း လာဖမ်းမယ်ဆိုတဲ့သတင်းကြားတဲ့အတွက် ထွက်ပြေး တိမ်ရှောင်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရွာသားတွေဟာ သူတို့တွေကို တရားခံအဖြစ် စွပ်စွဲထားခြင်း ရှိမရှိကိုတောင် မသိကြဘူးလို့ မြို့မိမြို့ဖတွေက ဆိုပါတယ်။ ဒီလို ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ ကျောက်တော်မြို့က ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ ရပ်မိရပ်ဖတွေက ရခိုင်ပြည်နယ်အစိုးရထံ တိုင်ကြားနေတယ်လို့ ဆိုပါတယ်။ ကျောက်တော်မြို့နယ်ထဲက ကျေးရွာတွေမှာ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ ရဲအာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူးရှင်။

XS
SM
MD
LG