သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကဖမ်းသွားတဲ့ တင်းမရွာသား ၁၈ ယောက် သတင်းအစအနပျောက်နေ


 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက မြင်ကွင်း။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက မြင်ကွင်း။

{{Zawgyi/Unicode}}

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာက ရွာသား ၁၈ ဦးကို စစ်တပ်ကဖမ်းသွားတာ တနှစ်ကျော်နေပြီဖြစ်ပေမယ့် ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ ဘာသတင်းမှ မသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ လက်ရှိစစ်ကောင်စီက ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးနေပေမယ့် တင်းမကျေးရွာက ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်မပေးသေးတဲ့အတွက် မိသားစုတွေ ပိုပြီးစိုးရိမ်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

တင်းမရွာသား ၁၈ ဦး ဖမ်းဆီးခံရတာ တနှစ်ကျော်သွားပြီး ဖမ်းသွားတဲ့ထဲက အသက် ၄၀ ကျော်အရွယ် ဦးမောင်ဝင်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းမှာ ကုလားတန်မြစ်ထဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရွာသားတွေက တွေ့ခဲ့ကြတာကလွဲလို့ ကျန်သူတို့တွေအကြောင်း အခုချိန်ထိ ဘာမှမသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။


ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာ စစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်နေချိန် ၂၀၂၀ ပြည့်နှစ် မတ်လ ဒုတိယပတ်လောက်က တင်းမကျေးရွာသား ၁၈ ဦးကို AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးသွားတာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ထွန်းထွန်းဝေလည်းပါပြီး သူ့လက်ထဲကနေ သားဖြစ်သူကို ဆွဲခေါ်ဖမ်းဆီးသွားတာလို့ မောင်ထွန်းထွန်းဝေရဲ့မိခင်ဖြစ်သူ ဒေါ်အေးရီက ပြောပါတယ်။

“ကျမသားလေး အဖမ်းခံရတဲ့နေ့က ကျမပါ ရှိတယ်။ အိမ်မှာ မျက်နှာကို သေနတ်ထောက်ပြီးတော့ ကျည်ထိုးတယ်၊ ပြီးတော့ အပြင်ထွက်ခိုင်းတယ်။ ကျမနဲ့အတူ သားလေးလက်ကိုကိုင်ပြီးတော့ သူတို့က အပြင်ကို ထွက်ခိုင်းတယ်။ သားလေးလက်ကိုကိုင်ပြီးတော့ ကျမပါ ထွက်သွားတယ်။ သူတို့သားလေးကို ခေါ်သွားတာကို ကျမမျက်စိနဲ့ တပ်အပ်မြင်လိုက်တယ်။ ကျမလည်း မျက်ရည်ကျပြီးတော့ ကျန်ခဲ့တယ်။”

ရွာသား ၁၈ ဦး ဖမ်းဆီးခံရတာ တနှစ်ကျော်သွားပေမယ့် သူတို့နဲ့ပတ်သက်ပြီး အခုချိန်ထိ ဘာမှမသိရသေးဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ ဖမ်းသွားတဲ့ထဲက အသက် ၄၀ ကျော်အရွယ် ဦးမောင်ဝင်းကိုတော့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းမှာ ကုလားတန်မြစ်ထဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရွာသားတွေက တွေ့ခဲ့ကြပါတယ်။ မောင်ထွန်းထွန်းဝေရဲ့အမေဖြစ်သူ ဒေါ်အေးရီကတော့ သူ့သားနဲ့ အဆက်အသွယ်မရပေမယ့် အသက်ရှင်လျက်ရှိနေတယ်လို့ မျှော်လင့်နေဆဲပါ။

“သားလေးကိစ္စနဲ့ဆိုရင် ဘာမှမသိရဘူး၊ အဆက်အသွယ်လည်းမရ၊ သားလေးကို ရှိတဲ့နေရာက အမြန်ဆုံးပဲ ပြန်လွှတ်ပေးစေချင်တယ်။ အချုပ်ထဲမှာရှိလား၊ သူတို့ ကလေးထောင်ပဲ ခေါ်သွားသလား၊ အဲဒါကိုပဲ စိတ်မှာတွေးနေတယ်။ တနေ့နေ့ သူတို့ပြန်ရောက်မယ်၊ သူတို့လွှတ်မပေးလို့မရောက်တာ။ သူတို့ဖမ်းဆီးထားတာဖြစ်လို့ မရောက်လာတာ။ ကျမသားလေးတော့ သေတယ်လို့ ကျမမထင်ဘူး။ သူတို့ လက်ထဲမှာ အခိုင်းအစေအဖြစ် သူတို့လုပ်သမျှ ခိုင်းသမျှကိုလုပ်ပြီးတော့ သူတို့ အချုပ်ထဲမှာထားလား၊ အကျယ်ချုပ်မှာ ထားလား၊ သူတို့လက်ထဲမှာ ရှိနေသေးတယ်လို့တော့ ကျမယူဆတယ်။ ကျမသားလေးကို သေတယ်လို့ ကျမ မထင်ဘူး။”

တနေ့နေ့ သူတို့ပြန်ရောက်မယ်၊ သူတို့လွှတ်မပေးလို့မရောက်တာ။ သူတို့ဖမ်းဆီးထားတာဖြစ်လို့ မရောက်လာတာ။ ... သူတို့ လက်ထဲမှာ အခိုင်းအစေအဖြစ် သူတို့လုပ်သမျှ ခိုင်းသမျှကိုလုပ်ပြီးတော့ သူတို့ အချုပ်ထဲမှာထားလား၊ အကျယ်ချုပ်မှာ ထားလား၊ သူတို့လက်ထဲမှာ ရှိနေသေးတယ်လို့တော့ ကျမယူဆတယ်။ ကျမသားလေးကို သေတယ်လို့ ကျမ မထင်ဘူး။” (မိခင် ဒေါ်အေးရီ)


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ခဲ့သလို ဖမ်းဆီးထားတဲ့ AA တပ်ဖွဲ့ဝင်တွေ၊ သူတို့နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း တင်းမရွာသားတွေကတော့ တနှစ်ကျော်တဲ့အထိ ပြန်လွတ်မလာကြသေးသလို ဖမ်းထားတဲ့ကိစ္စ တရားဝင် သတင်းထုတ်ပြန်တာလည်း ခုချိန်ထိမရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး မိသားစုဝင်တွေအနေနဲ့ တိတိကျကျသိချင်ရင် မြေပြင်က တပ်ဖွဲ့တွေဆီမှာ သွားမေးသင့်တယ်လို့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တုန်းက အဲဒီအချိန် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကတော့ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတဲ့အကြောင်းကို သက်ဆိုင်ရာ ရဲစခန်းတွေ၊ အာဏာပိုင်တွေတင်မက လူ့အခွင့်အရေးကော်မရှင်အထိ စုံစမ်း တိုင်တန်းခဲ့ပေမဲ့ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ အကြောင်းတစုံတရာ မသိကြရသေးပါဘူး။

NLD အစိုးရလက်ထက်ကတည်းက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်ရဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် တစုံတရာ ထူးခြားလာတာမျိုးမရှိခဲ့သလို လက်ရှိ စစ်ကောင်စီလက်ထက်မှာလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး မိသားစုဝင်တွေအနေနဲ့ သတင်းတစုံတရာ မသိကြရသေးပါဘူး။

တိုက်ရိုက် လင့်ခ်


=========

{Unicode}}


















=========

XS
SM
MD
LG