သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်၊ မြေပုံမြို့ သင်္ဘောနစ်မြုပ်မှု လူ ၃၃ ဦးမနည်း သေဆုံး


ကျောက်ဖြူကနေ စစ်တွေမြို့ဆီ ခုတ်မောင်းလာတဲ့သင်္ဘောနစ်မြုုုပ်မှုက ကယ်ဆယ်ထားတဲ့ အသက်ရှင်ကျန်ရစ်သူများ။ (ဓာတ်ပုံ - သစ်လွင်ဦး)
ကျောက်ဖြူကနေ စစ်တွေမြို့ဆီ ခုတ်မောင်းလာတဲ့သင်္ဘောနစ်မြုုုပ်မှုက ကယ်ဆယ်ထားတဲ့ အသက်ရှင်ကျန်ရစ်သူများ။ (ဓာတ်ပုံ - သစ်လွင်ဦး)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ စစ်တွေကို ခုတ်မောင်းလာတဲ့ခရီးသည် ၂၀၀ ကျော်လိုက်ပါလာတဲ့ နှစ်ထပ်သဘောၤ နစ်မြုပ်မှုကြောင့် လူပေါင်းသုံးဆယ်ကျော် သေဆုံးပြီး တဒါဇင်လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ မြေပုံမြို့အနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ သဘောၤကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညမိုးချုပ်သွားတာကြောင့် ရပ်ဆိုင်းထားပြီး နောက်နေ့မှာ ကယ်ဆယ်ရေး ဆက်လုပ်သွား မယ်လို့ ရခိုင်ပြည်နယ် အစိုးရက ပြောဆိုပါတယ်။ ရခိုင်ပြည်နယ်က သဘောၤနစ်မြုပ်မှု နောက်ဆုံးရ အခြေအနေ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ကနေ စစ်တွေမြို့ဆီကို ခုတ်မောင်းလာတဲ့ပြည်တွင်းရေကြောင်းပိုင် အောင်တံခွန် -၃ နှစ်ထပ် သဘောၤ မြေပုံမြို့ အရှေ့တောင်ဘက် မိုင် ၆၀ ခန့် အကွာက ပင်လယ်ပြင်မှာ သောကြာနေ့ ည ၇ နာရီကျော်မှာ နစ်မြုပ်ခဲ့တာပါ။ နောင်တော်ကြီးကျွန်းနဲ့ မြောက်ကျွန်းအကြား ငပသုန်ကျေးရွာအနီးမှာ သဘောၤနစ်မြုပ်ခဲ့တာကြောင့် လူပေါင်း ၃၃ ဦးသေဆုံးပြီး ၁၂ ဦးပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရခိုင်အစိုးရပြောခွင့်ရ ဦးလှသိန်းက ကယ်ဆယ်ရေးအခြေအနေတွေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ကယ်ဆယ်တဲ့လူက ၁၆၉ ယောက်၊ သေဆုံးတဲ့သူက ၃၃ ယောက်၊ နောက်ဆုံးစာရင်းပြောပါတယ်။ ဆက်ပြီးတော့ ရှာတယ်ဆိုတော့ ကျနော်တို့ ဒီနေ့ မိုးချုပ်တဲ့ အထိ ရှာပြီးပြီပေါ့နော်။ ရှာတဲ့အခါမှာတော့ ဒီနေ့မှာတော့ အလောင်း ၁၃ လောင်းလောက် ရတဲ့သဘောပါ။ အသက်ရှင်လျက်တော့ မတွေ့တော့ပါဘူး။ အဲတော့ အပျောက်ပေါ့ ကျနော်တို့ စိစစ်တဲ့ အခါမှာ အခုလောလောဆယ် ပျောက်တဲ့သူ ဦးရေလည်း တော်တော်လေး နည်းသွားပါတယ်။ ပျောက်တဲ့သူကလည်း အခုလောလောဆယ် ၃ ယောက်လောက်ဘဲ ရှိပါတော့တယ်။ စုစုပေါင်း ခန့်မှန်းခြေကတော့ သဘောၤပေါ်မှာ ပါတဲ့သူက ၂၁၄ ယောက် ပါတယ်လို့ ဒီလိုဘဲ ကျနော်တို့ တွေ့ရှိရပါတယ်။”

အခုချိန်ထိ သဘောၤပေါ်မှာ လိုက်ပါလာသူ ၁၆၉ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ကျောက်ဖြူမြို့ကို ၅၅ ဦး၊ မြေပုံမြို့ကို ၅၃ ဦး၊ အသုတ်မြို့ကို ၂၀ ဦးနဲ့ ကျန်သူများကို စစ်တွေမြို့တွေဆီကို ရေတပ် စက်ရေယာဉ် အမှတ် ၅၅၃ နဲ့ ပို့ဆောင်ပြီး ဖြစ်တယ်လို့လည်း ရခိုင်အစိုးရ ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။သဘောၤပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် အရေအတွက်ကို စာရင်းဇယားအရ သိရှိရတာမဟုတ်ဘဲ အသက်ရှင် လွတ်မြောက်လာကြသူတွေဆီက ပျောက်ဆုံးသူစာရင်းကို ကောက်ယူပြီး သဘောၤပေါ်မှာ ခန့်မှန်းခြေ ၂၁၄ ဦး လိုက်ပါလာတယ်လို့ ခန့်မှန်းရကြောင်းနဲ့ ကုန်တန်ချိန် ရာနဲ့ချီပြီး တင်ဆောင်လာခဲ့တာ ဖြစ်တယ်လို့လည်း ဦးလှသိန်းက ပြောပါတယ်။ အခု စနေနေ့ ညပိုင်းမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်စမှာ ဖြစ်ပါတယ်။ သောကြာနေ့ ညပိုင်း သဘောၤနစ်ချိန်မှာ လိုက်ပါလာသူ အများစုက နီးစပ်ရာ ကျွန်းဆီကို လက်ပစ်ကူးခဲ့ကြရတာ ဖြစ်တယ်လို့လည်း ဦးလှသိန်းက ပြောပါတယ်။

သဘောၤက မြုပ်သွားတဲ့ အခါမှာ သူတို့ သဘောၤနဲ့ဆိုရင် သူက ကုန်းတကုန်းကို ရတဲ့အတွက်ကြောင့် အဲဒီ ကုန်းကို ရေကူးတဲ့အခါမှာ တနာရီ ကျော်ကျော်လောက် ကူးရတဲ့ အခါမှာ ကျွန်း တကျွန်းတွေ့တာပေါ့နော်။ ဖြစ်တဲ့နေရာမှာလည်း ကျွန်းလေးတွေ ရှိပါတယ်။ ညဘက်ကြီး အဲဒီကျွန်းကို ရောက်သွားကြတဲ့ အခါ စက်လှေလေးတွေ ထွက်လာပြီးတော့ ကယ်ကြတယ်ပေါ့ဗျာ။ အဲတော့ လူတော်တော်များများကို အဲဒီည ၉ နာရီ ၉ နာရီခွဲလောက်မှာ ကယ်ပြီး ဖြစ်တယ်လို့ ကျနော်တို့ အဲလိုဘဲ သိရပါတယ်။

အခုအချိန်ထိ သဘောၤနစ်မြုပ်တဲ့ နေရာကနေ ကယ်ဆယ်လာသူတွေကို နေရပ်တွေဆီ ပြန်လည်ပို့ဆောင်ပေးပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုလည်း ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ရခိုင်အစိုးရ ပြောခွင့်ရက ပြောပါတယ်။ နောက်ပိုင်းမှာလည်း အထောက်အကူတွေ ဆက်ပေးသွားဖို့ ရှိတယ်လို့ဆိုပါတယ်။အခု နစ်မြုပ်တဲ့ သဘောၤဟာ ပြည်ထောင်စု အစိုးရ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ပြည်တွင်း ရေကြောင်းပိုင် သဘောၤဖြစ်တာကြောင့် သဘောၤရဲ့ ကြံ့ခိုင်မှု၊ တန်ပိုတင်ဆောင်ခဲ့တာမျိုး ရှိသလားဆိုတာနဲ့ တန်ချိန် ဘယ်လောက် ခွင့်ပြုထားလဲဆိုတာတွေကို ရခိုင်ပြည်နယ် အစိုးရအနေနဲ့ မသိရှိနိုင်ကြောင်းဦးလှသိန်းက ပြောပါတယ်။

မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကတော့ အခု နစ်မြုပ်တဲ့ အောင်တံခွန်-၃ နှစ်ထပ် သဘောၤဟာ ဆိုရင် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက စစ်တွေမှာ ကျင်းတင် ပြင်ဆင်ထားတဲ့ သဘောၤဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ သဘောၤ လုံခြုံ စိတ်ချရမှုကို ဆောင်ရွက်ထားတဲ့ အကြောင်း ဖော်ပြပါတယ်။ ဒီသဘောၤမှောက်ရတာကလည်း ရာသီဥတု မကောင်းတာကြောင့်လို့ ပြည်ထောင်စု အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်ရှင်။

XS
SM
MD
LG