သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ဌာနေကိုယ်စားလှယ် ရခိုင်ဒုက္ခသည်အရေး လေ့လာ


စစ်တွေမြို့ ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ မူစလင် ဒုက္ခသည်တချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
စစ်တွေမြို့ ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ မူစလင် ဒုက္ခသည်တချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်အကြမ်းဖက်မှု ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အတွက် အရေးပေါ် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ကုလသမဂ္ဂ ရန်ကုန်ရုံး သတင်းပြန်ကြားရေးဌာန တာဝန်ခံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း၊ အောက်တိုဘာ ၂၁ ရက်နေ့ ညဦးပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ တကျော့ပြန် ပဋိပက္ခတွေ ဖြစ်ပွားရာ နေရာတွေကို ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ashok Nigam နဲ့ အဖွဲ့ဟာ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနဲ့ အတူ သွားရောက်ခဲ့ပြီးတဲ့နောက် ဒီသတင်းထုတ်ပြန်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့ဟာ လတ်တလော အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူမြို့၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့တွေကို သွားရောက်ဖြစ်ပြီး ဒုက္ခသည်တွေအတွက် လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေး ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဟုတ်ပါတယ်။ ရခိုင်ပြည်နယ်ကို ဒီက ဌာနေ ညှိနှိုင်းရေးမှူး Ashoke Nigam နဲ့ အဖွဲ့ပေါ့။ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့အတူ သွားကြပါတယ်။ သွားကြတော့ အဲဒီမှာ ကျနော်တို့ တွေ့တာက နှစ်သောင်း နှစ်ထောင် ကျော်ကျော်လောက်က သူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီးတော့ ရွှေ့ပြောင်းနေရတဲ့ အခြေအနေပေါ့နော်။ နောက်ပြီးတော့ အိမ်ခြေ လေးထောင့် ခြောက်ရာကျော် မီးလောင် ပျက်စီးခဲ့တာကို သူ တွေ့ခဲ့ပါတယ်။”

အဲ့ဒီအကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ လူမျိုးစုနှစ်ဘက်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း နှစ်သောင်း နှစ်ထောင့် ငါးရာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူနေအိမ်ခြေ လေးထောင့်ခြောက်ရာ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ကျောက်ဖြူမြို့က ဒုက္ခသည်အချို့ဟာ စက်လှေတွေနဲ့ ထွက်ပြေးနေကြရတယ်လို့ ကိုယ်တိုင် ကွင်းဆင်းသွားရောက် လေ့လာခဲ့တဲ့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရဲ့ ထုတ်ပြန် ကြေညာချက်မှာ ပါရှိပါတယ်။

ဒီလိုမျိုး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အဓိက လိုအပ်နေပြီး လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆေးဝါးပစ္စည်းတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ ဒုက္ခသည်တွေ အရေးပေါ် နေထိုင်ဖို့ ကူညီကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ဖို့လည်း အရေးတကြီး လိုအပ်နေပါတယ်။ ကုလသမဂ္ဂ၊ ကြက်ခြေနီအဖွဲ့နဲ့ ဒေသခံလူမှုရေး အဖွဲ့အစည်းတွေ၊ ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေအတွက် အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက် ပေးနိုင်အောင် ကြိုးစားနေကြတယ် လို့လည်း သိရပါတယ်။

“လူမှုရေးဆိုင်ရာ အကူအညီ အဖွဲ့အစည်းတွေပေါ့လေ။ သူတို့က ချက်ချင်း စားနပ်ရိက္ခာတွေ ဝေဖို့အတွက် လုပ်နေပါတယ်။ နောက်ပြီးတော့ အမိုးအကာ ရရှိရေး။ ဒါတွေက အရေးကြီးဆုံးပဲ။ ဒီ့အပြင်ကို တခြား အဓိက လိုအပ်တဲ့ ပစ္စည်း၊ ရေ၊ ကျန်းမာရေးကိစ္စ၊ သန့်ရှင်းရေးကိစ္စ စသည်ဖြင့်ပေါ့။ အဲဒါတွေက အရေးတကြီး လိုအပ်နေပါတယ်။ အဓိက ကတော့ ဒီနေရာတွေ အကုန်လုံးကို လက်လှမ်းမီဖို့က အရေးကြီးတယ်။ အသက်ကယ်နိုင်ဖို့ အတွက်ပေါ့လေ။ အမြန်ဆုံး ဆောင်ရွက်ဖို့က အရေးကြီးပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်ပေါင်း ခုနှစ်သောင်း ငါးထောင်ကျော် ကို ကုလကနေ ကူညီ ကယ်ဆယ်ရေး ပစ္စည်းတွေကို ထောက်ပံ့နေရဆဲဖြစ်ပြီး ကုလသမဂ္ဂ အနေနဲ့ လူမျိုးဘာသာမရွေး ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေဟာ မယုံကြည်မှုတွေ၊ ကြောက်ရွံ့စိုးရိမ်မှုတွေကို ပပျောက်သွားအောင် ယုံကြည်မှု တည်ဆောက်နိုင်အောင် လုပ်ဖို့ဆိုတာ အချိန်ယူပြီး ဆောင်ရွက်ရမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးက ဆိုပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု ပဋိပက္ခတွေ ဖြစ်ပွားနေတာဟာ နိုင်ငံရေး၊ စီးပွားရေး ဘက်စုံ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကို ထိခိုက်စေနိုင်တာမို့ စိုးရိမ်စရာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါရှိပါတယ်။
XS
SM
MD
LG