သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကျွမ်းကျင်သူတွေရဲ့ တိုက်တွန်းချက် မြန်မာအစိုးရတုံ့ပြန်


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပါအဝင် ကုလသမဂ္ဂကျွမ်းကျင်သူ ၇ ဦးက တိုက်တွန်းထားတဲ့ ကြေညာချက်တစောင် ဒီကနေ့ပဲ ပူးတွဲထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာအစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေမယ့် လုပ်ရပ်မျိုးတွေကို ရှောင်ရှားကြဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှ့န်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဗွီအိုအေကို ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဥပဒေမဲ့ သတ်ဖြတ်မှု၊ အင်အားအလွန်အကျွံသုံးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အတင်းအကျပ်ပြောင်းရွှေ့မှုတွေ အပါအဝင် ရိုဟင်ဂျာတွေအပေါ်မှာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေ အခိုင်အမာ ရှိနေကြောင်းနဲ့ ဒါတွေကို အမြန်ဆုံးအဆုံးသတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပါအဝင် ကျွမ်းကျင်သူ ၇ ယောက်က တိုက်တွန်းလိုက်ကြတာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကျေးရွာပေါင်း ၂၀၀ ကျော်၊ အိမ်ခြေပေါင်း ထောင်သောင်းချီပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသလို၊ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဒုက္ခသည်ပေါင်း ၄ သိန်း ၃ သောင်း ထွက်ပြေးကြရတဲ့အထိ ပြဿနာတွေ ကြီးထွားလာနေတာကိုလည်း ထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူ ရိုဟင်ဂျာတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှ့န်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကတော့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေမယ့် လုပ်ရပ်မျိုးတွေ မလုပ်ဖို့ ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ နိုင်ငံရခိုင်ပြဿနာကို ဖြေရှင်း အဖြေရှာပေးချင်တာလား၊ နောက်တချက်က ပိုပြီးတော့ ပြဿနာကြီးထွားအောင်လုပ်ချင်တာလား ဆိုတဲ့အပေါ်မှာ သူ့ဟာသူတော့ ပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေပေါ်မှာလည်း အာရှဒေသက လူ့အခွင့်အရေးအဖွဲ့အစည်းတွေကအစ ထောက်ပြ နေတယ်။ သူ့ရဲ့ ကုလသမဂ္ဂ mandate နဲ့ မညီတဲ့ဟာတွေ၊ သူ့ရဲ့ ကျင့်ဝတ်တွေနဲ့မညီတဲ့ဟာတွေ ထောက်ပြတဲ့ဟာတွေလည်း ကျနော်တို့ တွေ့နေရတယ်ပေါ့နော်။ ကျနော်တို့ကလည်း ယန်ဟီးလီကိုပြောချင်တာက ကိုယ့် mandate ကိုယ်လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ Professional ပီပီသသ လုပ်ဖို့လိုတယ်။ ဘက်လိုက်မှုမရှိ အခြားသော အကျိုးစီးပွားတွေ မရှိပဲ လုပ်ဖို့လိုတယ်။ အဲလိုသမာသမတ်ကျတယ်၊ မျှတတယ် အစီရင်ခံစာ မျိုးကို ကျနော်တို့လိုလာတယ်။ အဲလိုမျိုးမဟုတ်ဘူးဆိုရင်တော့ ဒီဟာတွေသည် တကယ့်ကို ငွေကုန်ကြေးကျ ခံပြီးတော့ လုပ်ပေမယ့်လို့လဲ အချည်းနီးဖြစ်စေမယ့်သဘောလို့ ကျနော်ကတော့ ယူဆတယ်ပေါ့နော်။”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ကြောင်း စွပ်စွဲနေကြတာပါ။ HRW လူ့အခွင့်အရေး အဖွဲ့ကလည်း မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား အရေးယူဖို့နဲ့ လက်နက်တင်ပို့မှုတွေ တားမြစ်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ရေး ကုလသမဂ္ဂကို တိုက်တွန်းကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဦးဇော်ဌေး ကတော့ မြန်မာအစိုးရက ကတိပြုထားတဲ့အတိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်လုံမှုရှိရင် အရေးယူမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ပြောချင်တာက မရှိဘူးလို့ ကျနော်တို့ မငြင်းဘူး ၊ မျက်စိစုံမှိတ်ပြီး မငြင်းဘူး။ အေး..ရှိတယ်ဆိုရင် ခိုင်ခိုင်မာမာအထောက်အထားပြော၊ ပါးစပ်နဲ့ ပြောကြားချက်တွေပေ့ါနော် ၊ ပြောကြားချက်တွေနဲ့ တော့ ဒါကတော့ ခိုင်မာတဲ့အထောက်အထားမဟုတ်ဘူး။ ခိုင်မာတဲ့အထောက်အထားတွေ ကျနော်တို့ကိုမေး ၊ ကျနေ်ာတို့ အရေးယူမယ်။ ဖြစ်လာရင်ကျနော်တို့ ချိုးဖောက်မှုတွေရှိလာရင်အရေးယူမယ်ဆိုတာ ကျနော်တို့ အတိအလင်းပြောထားပြီးပြီဖြစ်တယ်။ နောက်တချက်က လုံခြုံရေးတပ်ဖွဲ့အနေနဲ့ ဘယ်နိုင်ငံမှာမဆို ဒီလိုမျိုး ရဲစခန်းပေါင်း ၃၀ ပေါ့နော်၊ နောက် တပ်စခန်းတခု ၊ ၃၁ နေရာကို တိုက်ခိုက်လာတဲ့အနေအထားမျိုးကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အဲလိုမျိုး မခိုင်မာနဲ့ ထောက်ပြမှုတွေဆိုရင်တော့ ဘာဖြစ်လဲဆိုရင် ကျနော်တို့ ဒီဘက်မှာ လုပ်ရကိုင်ရတာအခက်အခဲတွေဖြစ်ပေါ်စေတယ်ပေါ့နော်။ အဓိကတော့ လူ့အခွင့်အရေးဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်နာဖို့ အထောက်အကူမဖြစ်စေဘူးလို့ကျနေ်ာတို့က မြင်တယ်။ သို့သော် ကျနော်တို့ မူဝါဒသည် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ကုလသမဂ္ဂနဲ့ လည်းကျနော်တို့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားဖို့တော့ ကျနော်တို့က ခံယူထားတယ်။ အဲဒီအတိုင်းပဲဆောင်ရွက်သွားမယ် သို့သော် မြန်မာနိုင်ငံကြုံတွေ့နေရတဲ့အနေအထား လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြုံတွေ့နေရတဲ့အနေအထား ကို နားလည်ဖို့လိုတယ်လို့ ကျနေ်ာပြောချင်တယ်။”

ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ ကြေညာချက်မှာတော့ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်အဖွဲ့က လုံခြုံရေး စခန်းတွေကို တိုက်ခိုက်မှုတွေကြောင့် တကျော့ပြန် ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာ မှန်ပေမဲ့၊ ကျန်လူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတာမျိုး မဖြစ်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှ့န်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကတော့ ရခိုင်ပဋိပက္ခမှာ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။

“ ကျနော်တို့နိုင်ငံကို ပြောမယ်ဆိုရင် စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်စဉ်တွေကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အဲဒီမတိုင်ခင်က အုပ်ချုပ်ရေးမှူးတွေ သတင်းပေးဆိုပြီးတော့ သတ်ဖြတ်တာတွေ တိတ်တဆိတ်နဲ့ သတ်ဖြတ်နေခဲ့တာတွေကတော့ ကြာပြီ။ အဲဒီသတ်ဖြတ်မှုတွေကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ နောက်ဆုံးကျနော်တို့ မျိုးနွယ်စုအငယ်လေးတွေဖြစ်တဲ့ မြို၊ ဒိုင်းနက်၊ သက်ပေါ့နော် အခုနောက်ဆုံး ဟိန္ဒူ community တွေအသတ်ခံရတဲ့ဖြစ်စဉ်တွေ ကြည့်လိုက်ရင် ဘယ်သူက အကြမ်းဖက်တွေလုပ်နေသလဲဆိုတာ ထင်ထင်ရှားရှားပေါ်လွင်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ ကြေညာချက်မှာတော့ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ရာ ဒေသမှာ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် ထောက်ပံ့ခွင့်ပြုဖို့၊ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို ဝင်ခွင့်ပြုဖို့လည်း ထပ်မံတိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG