ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်းဖောက်လုပ်မယ့် ရထားလမ်းဟာ ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့် အခြေအနေ ဖြစ်တာမို့ ဒါတွေကို တားဆီးပေးဖို့ ပြည်ပအခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက UNESCO ကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
မြောက်ဦးမြို့နယ်ကို ဖြတ်သန်းမယ့် မင်းဘူး၊ အမ်း၊ စစ်တွေ ရထားလမ်းဟာ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့် အခြေအနေ ရှိနေတာမို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဒါတွေကို တားဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက ပြီးခဲ့တဲ့ သောကြာနေ့မှာ မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက မြောက်ဦးမြို့ခံတွေက ရှေးဟောင်းသုတေသန ဦးစီးဌာနကို တင်ပြ တောင်းဆိုမှုကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်း အမွေအနှစ် တချို့ကို ပြန်လည်ပြင်ဆင်ပေးဖို့၊ ရထားလမ်းကို လမ်းကြောင်း အနည်းငယ်ပြောင်းဖို့ သဘောတူခဲ့တာကြောင့် ယာယီ ပြေလည်မှု ရခဲ့ပါတယ်။
လမ်းကြောင်းပြောင်းတယ် ဆိုပေမဲ့ ဒီလလယ်ပိုင်းမှာ ရခိုင်ရှေးဟောင်းမြို့တော် ဓညဝတီမြို့ဟောင်းကို ဖြတ်ပြီး ဖောက်လုပ်နေတာကြောင့် ဒေသခံတွေက ဆက်လက် ကန့်ကွက်နေကြတာပါ။
နန်းမြို့ရိုး၊ အုတ်တံတိုင်းတွေ ရှိနေဆဲဖြစ်တဲ့ ဓညဝတီနဲ့ ဝေသာလီ မြို့ဟောင်းတွေကို ဖြတ်ပြီးဖောက်မှာမို့ ဒါတွေကို တားဆီးပေးဖို့ UNESCO သို့ မေတ္တာရပ်ခံတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဟာ လူမျိုးတမျိုး တာရှည်တည်တံ့ဖို့ရာအတွက် အင်မတန် အရေးကြီးတဲ့ အရာတွေ ဖြစ်တယ်။ ဒီအဆောက်အဦးတွေကို ဖျက်ဆီးနေတယ်၊ ဆက်တိုက်လည်း ဖျက်ဆီးနေတယ်။ အခုဆို ဓညဝတီမြို့ဟောင်းကို ရောက်လာပြီ။ နောက်ဆို ဝေသာလီကို ရောက်တော့မယ်၊ စသည်အားဖြင့် လုပ်နေတာကို အတတ်နိုင်ဆုံး တားဆီး ကာကွယ်ပေးပါ ဆိုပြီး ကျမတို့အနေနဲ့ မေတ္တာရပ်ခံထားပါတယ်။”
မကြာသေးခင်နှစ်တွေက နိုင်ငံအနှံ့ ကြက်ဆူပင်တွေ စိုက်စဉ်ကလည်း မြောက်ဦးက နန်းတော်ရာဟောင်းမှာ ကြက်ဆူပင်တွေ စိုက်တာကြောင့် ကန့်ကွက်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဟာ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို မထိပါးဖို့ လိုတယ်လို့ ဒေါ်စောမြရာဇာလင်းက ဆက်ပြောပါတယ်။
“ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်မယ် ဆိုရင်လည်း မြို့ဟောင်းနေရာတွေကို ဖြတ်ပြီးတော့မှ၊ ဘုရားစေတီရှိတဲ့ နေရာတွေကို ဖြတ်ပြီး လုပ်ဖို့ မသင့်ပါဘူး။ တခြားနေရာတွေ အများကြီး ရှိပါတယ်။ လွန်ခဲ့တဲ့ မကြာသေးခင်ကလည်း မင်းပြားမြို့နယ်မှာ စေတီတွေကို ဖျက်ပြီး လမ်းဖောက်တာတွေ ရှိတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးတွေကို မလုပ်သင့်ဘူး။
“သူတို့ ပုဂံမှာဆိုရင် ရှေးဟောင်း အမွေအနှစ်တွေကို ကာကွယ်နေတာ အများကြီးပဲ။ ဒါပေမဲ့ ရခိုင်ပြည်မှာကျတော့ ဒီလို ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးလာတယ် ဆိုတာကျတော့ ကျမတို့ရင်ထဲမှာ ခံစားချက် မကောင်းဘူး။ ကျမတို့ လူထုတွေ တရပ်လုံးကတော့ အသက်နဲ့ရင်းပြီး ဒီဟာတွေကို ကာကွယ်ရလိမ့်မယ်လို့ ပြောချင်ပါတယ်။”
ဒီလဆန်းပိုင်းကလည်း အမေရိကန် အခြေစိုက် နိုင်ငံတကာ ရခိုင်အသင်းက ဒီကိစ္စအပေါ် UNESCO က ကြားဝင်ပေးဖို့ အကြောင်းကြားခဲ့ပါသေးတယ်။ အလားတူပဲ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီကလည်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ရှောင်ကွင်းပြီး ဖောက်လုပ်ဖို့ အာဏာပိုင်တွေကို တင်ပြခဲ့ပါတယ်။
UNESCO ဟာ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်ပယ်ကို ကမ္ဘာ့အမွေနှစ်များ စာရင်းထဲမှာ ၁၉၉၆ ခုနှစ်က ထည့်သွင်းခဲ့တာကြောင့် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်အရ အကာအကွယ် ပေးသင့်တယ်လို့လည်း ရခိုင်လူမျိုးတွေက ယုံကြည်နေကြပါတယ်။