သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်


စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့အတော်များများမှာ ဆူပူမှုတွေ ဖြစ်ပွားနေတာမို့ ရခိုင်ပြည်နယ် အတွက် အရေးပေါ်အခြေနေ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကတော့ စစ်တပ်က လုံခြုံရေးတွေပေးထားတဲ့ ကြားကပဲ အခြေအနေတွေ ဆိုးဝါးလာခဲ့တာမို့ စစ်တွေအတွက် နေ့လယ်မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားချိန်မှာပဲ ဆူပူမှုတွေ ဆက်ပြီးဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို သိရအောင် ကျမတို့ရဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ RNDP ပါတီက ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က အခုလို စပြောပြပါတယ်။

“နောက်ဆုံး အခြေအနေတော့ အခုကတော့ martial law စာထုတ်ထားပါပြီ။ အဲဒီတော့ ဒီဥပဒေကြောင့် လူတွေက ကိုယ့်နေရာကိုယ်၊ ကိုယ့်အိမ်ကိုယ် နေကြတော့ နည်းနည်း တည်တည်ငြိမ်ငြိမ် ဖြစ်လာပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာဖြစ်နေတဲ့ နေရာတွေမှာတော့ သူတင်ကိုယ်တင် အခြေအနေမျိုးတော့ ရှိနေပါသေးတယ်။”

မီးရှို့တာတွေ၊ မီးလောင်တာတွေ တော်တော်လေး ဖြစ်သွားတယ်လေ။ အဲဒါတွေရော ဦးအောင်မြတ်ကျော် သိလား၊ ဘယ်နေရာတွေမှာ ဖြစ်တာလဲ။ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ဖြစ်သွားလဲ။ -

“ရွာတွေကတော့ အဲဒီလိုမျိုး သူရှို့ကိုယ်ရှို့ အတိုင်းအတာမျိုးတော့ ဖြစ်ပါတယ်။ မီးတွေကို လိုက်ငြိမ်းသက်လို့တော့ အခု မီးတော့ ငြိမ်းသွားတဲ့သဘောမျိုး ရှိပါတယ်။”

အခု ဒီနေ့ဖြစ်သွားတဲ့ အနေအထားအရ ကတော့ စစ်တွေမှာ ထိခိုက်ဒဏ်ရာ ရတဲ့သူတို့၊ အသေအပျောက်တို့ရော ကြားမိပါသလားခင်ဗျ။ -

“ထိခိုက် ဒဏ်ရာရတဲ့သူတွေ နည်းနည်းလောက်တော့ ရှိပါတယ်။ ရခိုင်ဘက်က ထိခိုက်ဒဏ်ရာရတဲ့ သူက များပါတယ်။ ဆေးရုံမှာတော့ ၁၅ ယောက်လောက် ရှိပါတယ်။ အဲဒီမှာ အသည်းအသန်က တယောက်၊ တယောက်ကတော့ ဆုံးသွားပြီလို့ ကြားရပါတယ်။”

ဒီနေ့ဖြစ်တဲ့ အဖြစ်အပျက်ကြောင့် ဆုံးသွားတာပေါ့နော်။ -

“ဟုတ်ကဲ့ပါ။ ဒီနေ့ မနက်ပိုင်းက ဖြစ်တဲ့ကိစ္စမှာ အဲဒီလိုမျိုး ဖြစ်သွားတာပါ။”

စစ်တွေမြို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော် ပြောပြခဲ့တာပါ။

အခုလို မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ မဖြစ်ရအောင် အာဏာပိုင်တွေဘက်က လုံခြုံရေးကို အသေအချာ လုပ်ဆောင်ပေးဖို့ လိုတယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘရှင်က ပြောပါတယ်။

“ကျနော်တို့ကတော့ လုံခြုံရေးကို မြန်မြန်ထက်ထက် လုပ်ပေးစေချင်တယ်။ လုံခြုံရေးကို အလေးထားပြီးတော့ လုပ်ပေးဖို့ အန်ကယ်ကတော့ တိုက်တွန်းပြောဆိုခဲ့တာတွေ ရှိတယ်။ လူ သေဆုံးတာတွေလည်း ရှိတယ်လေ။ ဒီ အန္တရာယ်တွေကို မဖြစ်အောင် လုံခြုံရေးအရ အကာအကွယ်ပေးရမယ် သူတွေက ကြိုကြိုတင်တင် မလုပ်ဖြစ်ခဲ့ဘူးဗျ။ ကျနော်တို့ ဒီ လုံခြုံရေးတွေကို ကိုင်တွယ်နိုင်အောင် ပြည်နယ်အစိုးရက ဘာ အာဏာမှ မရှိဘူးလို့ အန်ကယ်ကတော့ အဲဒီလိုပြောရင် မမှားဘူးလို့ ထင်တယ်။ အဲဒီတော့ ပြည်နယ်အစိုးရမှာ ဒီလို လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အာဏာတွေ လုပ်ပိုင်ခွင့်တွေ။”

အခုဖြစ်နေတာက သီတင်းနှစ်ပတ်လောက် ရှိနေပြီ တဖြည်းဖြည်းနဲ့။ အခုထက်ထိကို ဒီကိစ္စကို တည်ငြိမ်အောင် မကိုင်တွယ်နိုင်သေးဘူး ဆိုတာက။ -

“ဟုတ်ကဲ့။ ကျနော်တို့ ဖြစ်နေတာက ရခိုင်သားတွေဗျ။ ရခိုင်မှာ ရခိုင်တွေသေတယ်။ ရခိုင်ရွာတွေ မီးရှို့ခံ ရတယ်။ အဲဒီတော့ ဒီဟာတွေကို မြန်မြန်သွက်သွက် လုပ်ဖို့က ရခိုင်ပြည်နယ်အစိုးရမှာ တုံ့နှေးတုံ့နှေး ဖြစ်နေတယ်လို့ အဲဒီလိုပဲ ပြောရမှာ။”

RNDP ပါတီက ကျောက်ဖြူမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ဦးဘရှင် ပြောပြခဲ့တာပါ။

ဒါနဲ့ တဆက်တည်းပဲ ပြောရမယ်ဆိုရင်တော့ ကျောက်နီမော်ရွာသူ မသီတာထွေးကို မတရားပြုကျင့်ပြီး သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရားခံ ၃ ဦးထဲက တဦးဟာ အချုပ်ခန်းထဲမှာပဲ ကိုယ့်ကိုယ်ကို ဆွဲကြိုးချပြီး အဆုံးစီရင် သွားတာကြောင့် ဒီကနေ့ နေ့တွင်းချင်း သင်္ဂြိုလ်ပြီးသွားပြီလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်တွေအတွင်း အခြေအနေ အတင်းမာဆုံးဖြစ်ခဲ့တဲ့ မောင်တောမြို့မှာတော့ မနေ့ကတည်းက ပုဒ်မ (၁၄၄) ထုတ်ပြန်ထားတာကြောင့် အခြေအနေတွေဟာ ဒီကနေ့အထိ တည်ငြိမ်နေတုန်းပဲလို့ သိရပါတယ်။ စစ်တွေအပြင် သံတွဲ ရမ်းဗြဲနဲ့ ကျောက်ဖြူဒေသတွေမှာလည်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေက ပုဒ်မ (၁၄၄) အသီးသီး ထုတ်ပြန်ထားကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း အခုဖြစ်ပွားနေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကြောင့် လူ ၈ ဦးထက် မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

XS
SM
MD
LG