သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အခြေအနေ စိတ်မချရသေး


အကြမ်းဖက် အဓိကရုဏ်းတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်လာပြီဆိုပေမဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းနိုင်လောက်တဲ့အထိတော့ စိတ်မချရသေးဘူးလို့ ဒေသဆိုင်ရာ တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်တွေမြို့ကို ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာသလို - အကူအညီတွေဟာလည်း မလုံလောက်ဘူးလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေဟာ နေရေး၊ ထိုင်ရေးအခက်အခဲကြောင့် ဝမ်းလျှောရောဂါ ဖြစ်တာတွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရကနေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာ အခုဆိုရင် ၈ ရက် ရှိသွားပြီဖြစ်ပါတယ်။ ဒီလို ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဆူပူအကြမ်းဖက်မှုတွေဟာ အတော်လေး တည်ငြိမ်မှု ရှိလာပြီဖြစ်ပေမဲ့ အခြေအနေက စိတ်မချရသေးတာမို့ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းနိုင်လောက်တဲ့အဆင့်တော့ မဟုတ်သေးဘူးလို့ စစ်တွေ ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင် က ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။

“အဲဒါကတော့ လုံခြုံရေးဝန်ကြီးနဲ့ ဒီကနေအခြေအနေတွေ ညှိပြီးလုပ်ကြရင်တော့ ချက်ချင်းကြီး ရုပ်တာထက်စာရင် တစတစပေါ့။ ဖြည်းဖြည်းချင်း ရုပ်တာက ပိုကောင်းမယ်လို့တော့ ကျနော်တို့ ထင်တယ်လေ။ ဘာလို့လဲ ဆိုတော့ ရုတ်တရက်ကြီး ရုပ်လိုက်ပြန်တော့လည်း ဆူပူလိုတဲ့သူတွေက တခါတည်း ဝင်လာမှာစိုးလို့။ ဟိုးအရင်တုန်းကလည်း အဲဒီလိုပေါ့။ ပထမတုန်းကတော့ ည ၆ နာရီ၊ နောက် ၆ နာရီကနေ ၁၀ နာရီ။ ၁၀ နာရီကနေ ၁၂ နာရီ။ နောက်ပိုင်းကျတော့ ရုပ်သွားတယ်လို့ သိရပါတယ်။”

ဒါ့အပြင် အခုအချိန်မှာ မြန်မာနိုင်ငံမှာ ကျောင်းပြန်ဖွင့်နေတဲ့ရာသီ ဖြစ်ပေမဲ့ စစ်တွေမြို့ပေါ်မှာတော့ အဓိကရုဏ်း အကြမ်းဖက်မှုတွေ ဆိုးလာပြီး နောက်ပိုင်းကတည်းက စာသင်ကျောင်းတွေကို ပိတ်ထားရတာဟာ အခုဆိုရင် သီတင်းတပတ် ကျော်သွားပါပြီ။ တချို့နေရာတွေမှာ အခြေအနေတွေ စိတ်မချရသေးတဲ့အတွက် လာမယ့်တပတ်ထဲအထိတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ မရှိသေးဘူးလို့ ဦးဝင်းမြိုင် က ပြောပါတယ်။ တခါ စစ်တွေမြို့မှာရှိတဲ့ RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော် ကလည်း - စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ကျောင်းတွေကတော့ လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကနေ အကုန်လုံး ပိတ်ထားကြတာပါပဲ။ မိဘတွေကလည်း ကလေးတွေကို အပြင်ကို မလွှတ်ရဲဘူးပေါ့။ အဲဒီလိုမျိုး ရှိနေတယ်ဆိုတော့ ဆရာမတွေလည်း ကျောင်းမသွားရဲဘူး၊ မလာရဲဘူး။ မြို့ပေါ်မှာ အဲဒီလို အခြေအနေမျိုး ရှိနေတယ်။ မနက်ဖြန်လည်း အဲဒီလိုမျိုး ပြန်ဖွင့်နိုင်တဲ့ အတိုင်းအတာ ရှိမှာမဟုတ်ပါဘူး။ ဖွင့်ရင်လည်း ကျောင်းသားတွေက လာရဲမှာမဟုတ်ဘူး။ တော်တော်များများ ကလေးတွေက ဒုက္ခသည်စခန်းမှာ ရောက်နေတော့ ကျောင်းဘက်ကို လှည့်နိုင်မယ်မထင်ပါဘူး။”

တခါ စစ်တွေမြို့ပေါ်မှာ အခုဆိုရင် ဒုက္ခသည်စခန်းတွေဟာ အရင်က ရှိနေတာထက်ကို ထပ်တိုးလာပြီး အသစ်ထပ်ရောက်လာကြတဲ့ ဒုက္ခသည်တွေလည်းရှိသလို ပြန်သွားကြသူတချို့လည်း ရှိတယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။ ဒါပေမဲ့လည်း ပြန်သွားတဲ့ အရေအတွက်ထက် အသစ်ရောက်လာကြတဲ့ ဒုက္ခသည်အရေအတွက် ပိုများနေတာကြောင့် နေရာထိုင်ခင်း မလုံလောက်တဲ့ပြဿနာ၊ အမိုးအကာတဲ မရှိတာနဲ့ အိမ်သာ အလုံအလောက် မရှိတာတွေကြောင့် အညစ်အကြေးတွေကို ကြုံသလို စွန့်ပစ်နေကြတဲ့အတွက် အခုဆိုရင် ဝမ်းလျှောရောဂါ ဖြစ်တဲ့သူတွေ ရှိလာနေတယ်လို့ ဦးအောင်မြတ်ကျော် က ဆက်ပြောပြပါတယ်။

“ကျန်းမာရေး အခြေအနေကတော့ ကျနော်တို့ ဘယ်လိုပြောမလဲ၊ မိုးတွေကလည်းရွာ၊ အခန်းတခုမှာဆိုရင် လူက ၅၀၀ နဲ့ ၁,၀၀၀ ကြားမှာ ရှိတော့ အဲဒီ ၅၀၀၊ ၁,၀၀၀ ရဲ့ အလေးအပေါ့တွေကို နေရာစုံမှာ စွန့်ပစ်ကြတယ်။ အဲဒီအချိန်မှာ မိုးက တအားရွာလိုက်တော့ မိုးရေတွေရော မစင်တွေရော အကုန်လုံး အဲဒါတွေက ဝမ်းရောဂါတွေနဲ့ ကလေးတွေအနေနဲ့ ဆိုရင် မိုးအရမ်းရွာတော့ နမိုးနီးယား တို့၊ အအေးမိ၊ ချောင်းဆိုး အဲဒါတွေ တော်တော်ကို ဖြစ်နေတဲ့သဘောမျိုး ရှိပါတယ်။”

ဒီဒုက္ခသည်တွေအတွက် RNDP က တတ်နိုင်တဲ့အတိုင်းအတာနဲ့ ဆေးခန်း ၂ ခု ဖွင့်လှစ်ထားပေးသလို နယ်မြေ အာဏာပိုင်တွေကလည်း ရပ်ရွာသန့်ရှင်းရေးနဲ့ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း တဲတချို့ ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အပြင်က အကူအညီတွေ မလာတဲ့ အတွက် ဒီဒုက္ခသည်တွေကို ကူညီဖို့ ဒုက္ခအများကြီးဖြစ်ရတယ်လို့ RNDP ကရော နယ်မြေဒေသခံတာဝန်ရှိသူတွေကပါ ပြောဆိုပါတယ်။ လောလောဆယ် ဒီဒုက္ခသည်တွေကို ကူညီပေးနေတာ WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တခုပဲ ရှိတယ်လို့လည်း စစ်တွေ ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင် က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ်အသီးသီးမှာ ဒုက္ခသည်တွေအတွက် ယာယီစခန်း ၃၇ ခု ဖွင့်ထားပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ ၃ သောင်းကျော် ရှိသွားပြီလို့ ပြည်နယ်အစိုးရကရော UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကရော ပြောဆိုထားတာပါ။

ရခိုင်ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းရဲ့ အဆိုအရ ဇွန်လ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ် တဝှမ်း သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၃၈ ဦး ရှိပြီး မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်ပေါင်း ၂,၅၂၈ လုံး၊ ဗလီဝတ်ကျောင်း ၇ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတကျောင်းတို့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တရားရေးဝန်ကြီး ဦးလှသိန်းကလည်း ပြန်လည်ထူထောင်ရေးအတွက် ဘယ်လို စီမံဆောင်ရွက်မယ်ဆိုတာ အခုအချိန်မှာ ပြောဖို့ရာ သိပ်စောနေသေးပြီး ခန့်မှန်းထားတာထက်ကို ဆုံးရှုံးမှု ပမာဏက သိပ်များနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ကိုလည်း စစ်တပ်နဲ့ ရဲလုံခြုံရေးကလည်း လုံလုံလောက်လောက် မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဇွန်လ ၁၈ ရက် တနင်္လာနေ့ကျရင်တော့ ကျောက်ဖြူမြို့တရားရုံးမှာ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာသူ မသီတာထွေး အသတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူတွေကို စီရင်ချက် ချမှတ်မှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG