သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်ကိစ္စ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ သတိပေးခံရ


ရခိုင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို တရားစွဲတာတွေနဲ့ နိုင်ငံရေးပါတီတွေ ဝင်ရောက် ပတ်သက်ခြင်းမပြုဖို့ တားမြစ်ချက်တွေဟာ ဒီမိုကရေစီနိုင်ငံ တခုဆီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက် မသင့်တော်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ ဝင်မပတ်သက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးခဲ့သလို အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားစွဲဆိုထားတဲ့အပေါ် အခုလို ဝေဖန်ထောက်ပြ လိုက်ကြတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို ဦးတည်သွားနေတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိ အစိုးရ အဖွဲ့တချို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သံသယဖြစ်စရာ အခြေအနေတွေလို့ မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်လိုက်ကြတာပါ။

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အပတ်စဉ်ထုတ် လျှပ်တပြက်ဂျာနယ်ကို အစိုးရက တရားစွဲတာ နိုင်ငံရေးပါတီတွေကိုလည်း ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝင်ရောက် ပြောဆိုတာတွေ မလုပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးချက် ထုတ်ပြန်တဲ့အပေါ်ကို ခုလို ပြန်လည် ထောက်ပြကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ကတိကဝတ်တွေ ပြုထားတဲ့အချိန်နဲ့ တပြိုင်နက် သတင်းမီဒီယာတွေကို တရားစွဲဆိုတာ၊ ခေါ်ယူသတိပေး တားမြစ်နေတာတွေဟာ သတင်းသမားတွေအတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်လို့ နော်ဝေနိုင်ငံက မြန်မာ့သတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က သုံးသပ်ပါတယ်။

“အခုလိုမျိုး သတင်းဂျာနယ်တွေကို အစိုးရက စိတ်မထင်ရင် မထင်သလို မကြာခဏ တရားစွဲတဲ့ ဓလေ့ဟာ ဒီမိုကရေစီ နိုင်ငံတခုကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မသင့်လျော်လှဘူးလို့ ထင်ပါတယ်။ အစိုးရအနေနဲ့ ဒီလကုန်မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ ပြောထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီ လက်တွေ့ အခြေအနေတွေကို မြင်ရတာမှာတော့ အစိုးရဟာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေမယ့်လို့ စာပေစိစစ်ရေးနဲ့ ပတ်သက်တဲ့မူတွေ၊ တင်းကျပ်မှုတွေ၊ ချုပ်ထိန်းမှုတွေကိုတော့ တရားရုံးကို အသုံးပြုပြီးတော့ သတင်းဂျာနယ်တွေကို သူတို့ကို တနည်းတဖုံ ပြန်ပြီးတော့ ထိန်းချုပ်နေတဲ့ သဘောပါပဲခင်ဗျ။”

လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဖော်ပြချက်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ ဇွန်လ ၁၉ ရက်နေ့မှာ သမ္မာန်စာ ပို့ တရားစွဲဆိုထားပြီး ဇွန်လ ၂၅ ရက်နေ့မှာ ရုံးချိန်း ချိန်းထားပါတယ်။ ဒီပုဒ်မဟာ ထောင်ဒဏ်၂ နှစ်နဲ့ ငွေဒဏ်အပြင် ပြစ်ဒဏ် နှစ်ရပ်လုံး ချနိုင်တာဖြစ်ပါတယ်။

လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည် နယ်သတင်းနဲ့ ပတ်သက်လို့ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဖြစ်ခဲ့တဲ့ မသီတာထွေးရဲ့ အမှုနဲ့ ပတ်သက်လို့ ဓာတ်ပုံတချို့ ဖော်ပြခဲ့ပြီး သတင်းစာရဲ့ အသုံးအနှုန်း အမှားတွေကို ဝေဖန် ထောက်ပြတာတွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လျှပ်တပျက် ဂျာနယ်က ဖော်ပြခဲ့တဲ့ မူလ သတင်း အရင်းအမြစ်တွေကိုလည်း ပြန်လည် ဆန်းစစ်ဖို့လိုမယ်လို့လည်း ဦးမောင်မောင်မြင့်က ထောက်ပြပါတယ်။

“တကယ်တမ်းကတော့ အစိုးရအနေနဲ့ ပြန်ပြီး ကြည့်သင့်တဲ့အချက်တွေ ရှိပါတယ်။ ဒီ လျှပ်တပြက်ဂျာနယ်က သုံးစွဲခဲ့တဲ့ သမ္မတရုံး ညွန်ကြားရေးမှူး သူ့ရဲ့ ကိုယ်ပိုင် facebook ပေါ်မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံကိုလည်း လျှပ်တပြက် ဂျာနယ်က သူ့ရဲ့ facebook စာမျက်နှာပေါ်က ယူတယ်ဆိုတဲ့ သတင်းကိုလည်း ကျနော်တို့ ကြားရပါတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလားဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးနှုန်းပြီးတော့ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာကနေ စပြီး ဖန်တီးခဲ့ပါတယ်။ ဆိုတော့ အစိုးရဟာ သူ့ရဲ့ သမ္မတရုံးဝန်ထမ်းကို အရေးမယူဘူး။ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာ ကိုလည်း အရေးမယူဘူး။ ဒါပေမဲ့လို့ ပုဂ္ဂလိကဂျာနယ်တွေကိုမှ ရွေးပြီးတော့ အရေးယူတာဟာ အစိုးရအနေနဲ့ စာပေလွတ်လပ်ခွင့်ကို ဆက်ပြီးတော့ ထိန်းချုပ်ထားချင်တဲ့ သာဓက ပြတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေနဲ့အတူ နေရပ် စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးပါတီတွေဟာ လူထုနဲ့ ထိတွေ့ပြောဆိုတာတွေ၊ သတင်းမီဒီယာတွေနဲ့ ပြောဆိုတာအပြင် ပါတီသဘောထား ထုတ်ပြန်ခြင်းတွေ မလုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဇွန်လ ၁၈ ရက်နေ့မှာ နိုင်ငံရေးပါတီတွေကို သတိပေးစာ ထုတ်ပြန် အကြောင်းကြားပါတယ်။ ဒီအချက်တွေဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်စဉ်က ဥပဒေပုဒ်မ (၆) ကို ချိုးဖောက်တာမျိုး ဖြစ်တာမို့ အရေးယူလို့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ လတ်တလော ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ပြဿနာအပြင် လျှပ်စစ်မီးမရတဲ့ ကိစ္စအတွက် ဆန္ဒဖော်ထုတ်တာတွေ၊ အလုပ်သမား ဆန္ဒပြမှုတွေမှာပါ နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်မှုတွေကိုလည်း သတိပေးထား ပါတယ်။ ဒါပေမဲ့ လူထုအကျိုးအတွက် လုပ်ဆောင်ကြမယ့် နိုင်ငံရေးပါတီ အနေနဲ့ နိုင်ငံသားတွေရဲ့ အရေးကို ပြောဆိုရမှာ ဖြစ်တယ်လို့ လန်ဒန်မြို့ကို အခုရောက်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာကလည်း ထောက်ပြပါတယ်။

“ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီး မရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ထိုနည်းတူ လုပ်ခလစာနည်းပြီးတော့ တနေ့ကိုမှ ဝင်ငွေ ၁,၀၀၀၊ ၁,၅၀၀ ပဲ ရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ဒီနိုင်ငံသားတွေကို ကိုယ်စားပြုနေတဲ့ နိုင်ငံရေးပါတီတွေဆိုတာ နိုင်ငံသားတွေကိစ္စကို ဝင်ပြီး ဖြေရှင်းရမှာပါပဲ။ ဒါကို နိုင်ငံရေးပါတီတွေရဲ့ လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်ပိုင်ခွင့်နဲ့ သူတို့ရဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ကိုတော့ အနှောက်အယှက် မပေးသင့်ဘူးလို့တော့ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဒီလိုပဲ ပြတ်ပြတ်သားသား ပြောချင်တယ်။”

အခု ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၆၂ ဦး ရှိနေပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အခု ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေဟာ စာပေစိစစ်ရေးရဲ့ မူဝါဒအတိုင်း ဖော်ပြဖို့ နဲ့ ဥပဒေ ချိုးဖောက်မှု ရှိတယ်ဆိုရင် အရေးယူမယ်လို့ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေကရော၊ စာပေစိစစ်ရေး အကြီးအကဲကပါ သတင်းသမားတွေကို ခေါ်ယူ သတိပေးထားတာလည်း ရှိပါတယ်။

XS
SM
MD
LG