သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ဒုက္ခသည်များ အကူအညီတွေ အရေးပေါ် လိုအပ်


စစ်တွေမြို့ အောင်မင်္ဂလာအရပ်မှာ စုဝေးနေကြတဲ့ မူစလင်တချို့။ (အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၂)။
စစ်တွေမြို့ အောင်မင်္ဂလာအရပ်မှာ စုဝေးနေကြတဲ့ မူစလင်တချို့။ (အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်တွင်း တကျော့ပြန် လူမျိုးစုပဋိပက္ခတွေကြောင့် သီတင်းတပတ်အတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ရပြီး အိုးအိမ်ထောင်ချီ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ အခုရက်ပိုင်း မှာတော့ ရခိုင်ပြည်နယ်တွင်း အချို့နေရာတွေမှာ အခြေအနေတွေဟာ အနည်းငယ် အေးချမ်း၊ တည်ငြိမ်သွားပြီဖြစ်ပေမဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေ အတွက် ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ အရေးတကြီး လိုအပ်နေပါတယ်။ နောက်ဆုံးရ ရခိုင်ပြည်နယ် သတင်းတွေကို မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။

အခုလက်ရှိ အခြေအနေမှာတော့ ရခိုင်ပြည်နယ် တချို့နေရာတွေမှာ တည်ငြိမ်အေးချမ်းမှု ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီတခေါက် တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်ခြေ ၂,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခရောက်နေသူပေါင်း ၄,၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ပြည်နယ်အစိုးရရဲ့ စာရင်းထုတ်ပြန်ထားပါတယ်။ ဒီလို ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေသလို အဓိကအနေနဲ့ ဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ လူသားချင်းစာနာမှု အထောက်အကူတွေ လိုအပ်နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

“အဓိက လိုအပ်နေတာ ဆေးဝါးရယ်၊ စားစရာ ရယ်။ အဲဒါပါပဲ။ နောက်ပြီးတော့ အဲဒီမှာ ဒီကနေ့ဖြစ်လာတာဟာ ကြာရှည်လာတဲ့အတွက် ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ စားနပ်ရိက္ခာ အားလုံးက ဒီက အလှူအဖွဲ့တွေက တတ်နိုင်သလောက် ပို့ပေးနေပါတယ်ခင်ဗျာ။ အားလုံးကိုတော့ မျှမျှတတ ကူညီဆောင်ရွက် ပေးနေပါတယ်။ ဘာမှခွဲခြားမှု မရှိပါဘူး။ ကျနော်တို့ အားလုံးကို မျှမျှတတ ကူညီပေးနေပါတယ်။”

အခုလက်ရှိ အခြေအနေမှာ ဒုက္ခသည်တွေအတွက် နေရေးထိုင်ရေးနဲ့ စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရလို့ ထွက်ပြေးနေရတဲ့ မင်းပြား ဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က အကူအညီကတော့ အကုန်လုံး လိုပါတယ်။ ကျနော်တို့ အဝတ်အစားတွေ လိုတယ်။ စားစရာတွေ လိုတယ်။ ဆန်မရှိဘူး။ ဆေးဝါး မရှိဘူး။ ဆေးဝါးကုသမှု ဘာမှမရပါ။ အခု ကျနော်တို့ ကျန်ရှိနေတဲ့ ၁,၄၀၀ ကျော် လူတွေလည်း ဘာမှ စားစရာလည်း မရှိ။ အကူအညီလည်း မရသေးပါ။ လိုတာက အကုန်လုံးပဲ။ အဝတ်အစားလည်း မရှိပါဘူး။ အိုးတွေ ခွက်တွေလည်း မရှိပါ။ ကျနော်တို့ ဘာမှ မယူလာနိုင်ခဲ့ပါ။ အကုန်လုံး အဲဒီမှာ ကျန်ခဲ့တယ်။ အဲဒါကြောင့် ကျနော်တို့ ဒုက္ခတွေ ခံနေရတယ်။ ဘယ်နေရာကမှ လာပြီးတော့ ကျနော်တို့ကို မေးတာလည်း မရှိ၊ အဲဒါကြောင့် ကျနော်တို့ တင်ပြတာပါ။”

အခုလက်ရှိမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ်၊ ကျောက်ဖြူမြို့နယ် က ဒုက္ခသည် တော်တော်များများဟာ စက်လှေတွေနဲ့ ထွက်ပြေး တိမ်းရှောင်ပြီး ဘေးကင်းရာကို သွားရောက်နေကြပေမဲ့ လောလောဆယ် အနေအထားအရ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က သူတို့ကို ကူညီကယ်ဆယ် ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု ကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးရွှေမောင်းက ပြောပါတယ်။

“ကျောက်ဖြူနဲ့ ပေါက်တောဘက်ကို ရောက်နေတဲ့၊ စက်လှေတွေနဲ့ မော်တော်တွေနဲ့ လာနေတယ်။ အဲဒီနောက်အပြင် စစ်တွေ တဘက်မှာဆိုရင် အစီး ၄၀ လောက်ရှိတယ်။ မေတ္တာ ရပ်ခံချင်တာကတော့ သက်ဆိုင်ရာ နိုင်ငံတော် အစိုးရကိုရော၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရကိုရော၊ လတ်တလော ပြဿနာတွေကြောင့် ဒုက္ခရောက်ပြီးတော့ စစ်တွေမြို့မှာ ရောက်လာတဲ့သူတွေကို ပထမဆုံး ဦးစားပေးအနေနဲ့ သူတို့ကို ကမ်းပေါ် တက်ခွင့်ပေးပြီးတော့မှ သူတို့ကို ဆေးကုတာတို့၊ နာမကျန်း ဖြစ်နေတဲ့သူကို ဆေးကုတာတို့၊ သေလုမြောပါး ဖြစ်နေတဲ့သူတွေကို အသက်ရှင်နိုင်အောင် လုပ်ပေးတာတို့၊ စားနပ်ရိက္ခာတွေ သူတို့ကို အလုံအလောက် ပေးပြီး စစ်တွေမြို့နားမှာပဲ ကျနော်တို့က၊ အရင်တုန်းကလည်း ကယ်ဆယ်ရေး စခန်းတွေရှိတော့ အဲဒီမှာပဲ နေရာ ယာယီ ချထားပေးပြီးတော့၊ သူတို့ရဲ့ မူလနေရာဖြစ်တဲ့ ပေါက်တော မြို့နယ်တို့၊ အဲဒီမှာပဲ နေရာချထားပြီးတော့ သူတို့ကို စားနပ်ရိက္ခာ ပေးပြီးတော့မှ အရင်ဆုံး စစ်တွေမြို့မှာ ယာယီ နေရာချထားပေးဖို့ ကျနော်တို့က မေတ္တာရပ်ခံချင်တယ်။”

အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း အပြင်းအထန် ဒဏ်ရာရရှိသူ စုစုပေါင်း ၇၀ ကျော်ရှိနေပြီး စစ်တွေဆေးရုံမှာ လူနာတွေအတွက်လည်း အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ပဋိပက္ခတွေအတွင်း မီးလောင်ဒဏ်ရာ အပါအဝင် ဓားဒဏ်ရာ၊ မြှားဒဏ်ရာနဲ့ ကျည်ထိထားတဲ့ ပြင်းထန်သူတွေကို အမြန်ဆုံး ဆေးဝါးကုသခံဖို့ လိုအပ်နေသူတွေကို ရန်ကုန် ဆေးရုံကြီးကိုပို့ပြီး ဒေသခံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဗွီအိုအေ ကို ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၁၁ နာရီမှာ ကျောက်တော်မြို့မှာ သေနတ်ဒဏ်ရာ ရတဲ့လူနာ တယောက် ရောက်လာလို့ ကျနော်တို့ ရန်ကုန်ဆေးရုံကြီးမှာ တင်ပြီးတော့ ဆေးကုသနေပါတယ်။”
အခု အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားရာ နေရာတွေဖြစ်တဲ့ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ် အပါအဝင် ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၆ မြို့နယ်မှာ အရေးပေါ် ဒုက္ခသည်စခန်းတွေ ယာယီ ဖွင့်လှစ်ပေးထားပြီး သက်ဆိုင်ရာ ဒေသခံအာဏာပိုင် တာဝန်ရှိသူတွေနဲ့ လူမှု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒုက္ခသည်တွေ ဆီကို အလှူပစ္စည်းတွေ အမြန်ဆုံး ရောက်အောင် ပို့ဆောင်ပေးနေပါတယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီတခေါက်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းကနေ စတင်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ရတဲ့စာရင်းအရ သေဆုံးသူ ဦးရေမှာ စုစုပေါင်း ၆၄ ဦး (ကျား ၃၃ ဦး၊ မ ၃၁ ဦး) ရှိပြီး လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
XS
SM
MD
LG