သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တိမ်းရှောင်သူ အရေအတွက်တိုး


စစ်တွေမြို့က ဒုက္ခသည်စခန်းကို ရောက်လာကြတဲ့ မူစလင် ဒုက္ခသည်တချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
စစ်တွေမြို့က ဒုက္ခသည်စခန်းကို ရောက်လာကြတဲ့ မူစလင် ဒုက္ခသည်တချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်တွင်း သီတင်းတပတ်ကြာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၆၀ ကျော် ရှိသွားပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာအစိုးရက ကြေညာခဲ့သလို လူပေါင်း ၂ သောင်းကျော် အိုးအိမ်မဲ့ အတိ ဒုက္ခရောက်နေ ကြတဲ့အကြောင်း ကုလသမဂ္ဂ ကလည်း ပြောဆိုထားပါတယ်။ ဒုက္ခသည်စခန်းတွေ ရှိရာကို နောက်ထပ် လူတွေ အများအပြား ထွက်ပြေး တိန်းရှောင်လာနေတုန်းပဲလို့လည်း ဆိုပါတယ်။ ခုလို ရခိုင်ပြည်နယ်မှာ တကြော့ပြန် ပြန်လည်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က အခြေအနေတွေကို အမြန်ဆုံး ထိန်းသိမ်း ဆောင်ရွက်ဖို့ ဒီမိုကရေစီ မိတ်ဆွေ မဟာမိတ် ပါတီတွေကလည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဟုတ်ကဲ့ပါ။ ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့က ပြန်လည်း စတင်ခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်း တွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်နေကြရသူပေါင်း ၂၄,၅၈၇ ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ သေဆုံးသူ ဦးရေဟာလည်း ၆၀ ကျော် ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ စစ်တွေမြို့က ဒုက္ခသည်စခန်းတွေ ရှိရာကို မူစလင် ဒုက္ခသည်တွေ မနေ့တုန်းကအထိ ရောက်လာနေတုန်း ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းမှာ ခိုလုံဖို့ အတွက် ရောက်လာကြသူတွေ ကတော့ အာဏာပိုင်တွေက သူတို့ကို ကောင်းကောင်းမွန်မွန် အကူအညီ ပေးထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီမှာက အားလုံးကိုတော့၊ ဒုက္ခသည်အားလုံးကို၊ ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ထားတယ်။ နောက်ပြီးတော့ ပါတဲ့ရောဂါသည်တွေကို ကောင်းကောင်းမွန်မွန် တတ်နိုင်သလောက်ပေါ့၊ ဆေးဝါးတွေဘာတွေ ကုပေးတယ်။”

ဒုက္ခသည်တဦး ပြောသွားတာပါ။ ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ဆူပူမှုတွေ ပထမအကြိမ် ဖြစ်ပွားခဲ့တဲ့ အချိန်ကစလို့ စစ်တွေမြို့ပြင်မှာ ဒုက္ခသည်စခန်းတွေဖွင့်ပြီး ဒုက္ခသည်ပေါင်း ၇၀,၀၀၀ ကျော်ကို အကူအညီ ပေးနေတာ ဖြစ်ပါတယ်။ နဂိုကတည်းက လူတွေ အများအပြား ပြည့်ကျပ်နေတဲ့ အဲဒီ ဒုက္ခသည်စခန်းမှာ နောက်ထပ် ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေကို ကူညီလက်ခံဖို့ နေရာထိုင်ခင်း အလုံအလောက် ရှိမနေပါဘူး။ ဒါပေမဲ့လည်း ကလေးငယ်တွေ၊ တနိုင်တပိုင် အထုပ်အပိုးတွေနဲ့ နောက်ထပ် ရောက်လာကြတဲ့ ဒုက္ခသည်တွေ အများအပြား ရှိနေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပေးတဲ့ ဆန်အိတ်တွေရဲ့ အိတ်ခွံတွေကို အိပ်ယာခင်းအဖြစ် သုံးနေရသလို သစ်ပင်တွေအောက်မှာ အခင်းမပါ လဲလျောင်းနေရသူတွေလည်း ရှိနေတာပါ။

ဒီဒုက္ခသည်စခန်းကို ရောက်လာသူတွေထဲမှာ အများစုကတော့ အကြမ်းဖက်မှုတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ ကျောက်ဖြူမြို့နယ်ထဲက မူစလင်တွေ ဖြစ်ပါတယ်။ လေးခွတွေ၊ ဓားတွေ၊ တုတ်တွေ သုံးပြီး ရခိုင်တွေနဲ့ မူစလင်တွေ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတယ်လို့ ကျောက်ဖြူမြို့က ဗုဒ္ဓဘာသာ ရခိုင်တွေက ပြောပေမဲ့ မူစလင်တွေကတော့ သူတို့ဟာ တိုက်ခိုက်ခံရတာလို့ ပြောဆိုနေကြပါတယ်။

“ကျမတို့ရွာကို မီးရှို့ဖြစ်တယ်။ ဗလီရော ဘာရော တခုမှ မကျန်ဘူး။ တခုမှ မပါဘူး။ အင်္ကျီလည်း မပါဘူး။ စီးဖို့ ဖိနပ်တောင် မပါဘူး။”

မူစလင် ဒုက္ခသည် အမျိုးသမီးတဦး ပြောသွားတာပါ။

အကြမ်းဖက်မှုတွေအတွင်း သေဆုံးခဲ့သူတွေရဲ့ ရခိုင်လူမျိုးတွေရဲ့ အလောင်းတွေကို ဗုဒ္ဓဘာသာ ရခိုင်တွေက လိုက်လံ ရှာဖွေနေတာတွေ ရှိပါတယ်။ မီးလောင် ပျက်စီးခဲ့တဲ့ နေအိမ်တွေ အနီးအနားမှာတော့ စစ်သားတွေက လုံခြုံရေး ယူထားပါတယ်။ အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့နေရာတွေမှာ ညမထွက်ရအမိန့်နဲ့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပြီး နောက်တရက် စနေနေ့မှာတော့ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်တဲ့ အခြေအနေတွေ မရှိခဲ့ပါဘူး။
စစ်တွေမြို့မှာ ရဲတွေ အများအပြား နေရာချထားတာကို သိသိသာသာ တွေ့ရပြီး စီးပွားရေးလုပ်ငန်းတွေကတော့ ပုံမှန် လည်ပတ်နေပါတယ်။ လမ်းထောင့်တွေမှာ လက်နက်ကိုင် အစောင့်တွေနဲ့ ဒေသခံရဲဝန်ထမ်းတွေက စောင့်ကြပ် နေကြတာပါ။ ခုလို ပဋိပက္ခ အခြေအနေမျိုးကို မလိုလားပါဘူးလို့ မူစလင် ဒုက္ခသည် တဦးကပြောပါတယ်။

“ပြဿနာတွေ မလိုချင်ဘူး။ ကျနော်တို့ အေးအေးချမ်းချမ်း နေချင်တယ်။ ကျနော်တို့ တိုင်းရင်းသား ဖြစ်ချင်တယ်။ ရိုဟင်ဂျာ ဖြစ်ချင်တယ်။”

အမည်မဖော်လိုတဲ့ ရခိုင်လူမျိုးတဦးကတော့ ခုလို ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေအကြား စေ့စပ် ညှိနှိုင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“သူတို့ကို တနေရာကို ထားလိုက်ပြီး ကျနော်တို့ကို တနေရာကို ထား။ ဒီလိုမျိုး ပိုပြီးတော့ နိုင်ငံတော်အစိုးရက လုပ်ပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ် ထင်ပါတယ်။”

အောက်တိုဘာလ ၂၁ ရက်နေ့က ပြန်လည် စတင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ဘယ်ကနေ ဘယ်လို စဖြစ်ခဲ့တယ်ဆိုတာ ကတော့ ခုထိ သေသေချာချာ မသိရသေးပါဘူး။
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော်အမတ်တွေရဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီကတော့ အစိုးရအနေနဲ့ လူပေါင်း ၆၇ ယောက်ထက် မနည်း သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ဖို့နဲ့ အကြမ်းဖက်ဒေသမှာ လုံခြုံရေး တိုးမြင့် ချထားဖို့ ပြီးခဲ့တဲ့ သောကြာနေ့ က တောင်းဆိုထားပါတယ်။

အလားတူပဲ ပြည်တွင်း နိုင်ငံရေးပါတီများ အင်အားစု အဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေကလည်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ အရပ်ဘက် အုပ်ချုပ်ရေးကို ပံ့ပိုးပေးတဲ့ လုံခြုံရေး ယန္တရား အစီအမံတွေကို အစိုးရဘက်က အခုထက်ပိုပြီး လျင်လျင်မြန်မြန် ချမှတ် ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ တရားမဲ့ ပြုကျင့်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဥပဓိရုပ်ကို ညစ်နွမ်းစေပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုအတွက် အရှက်ရစရာ ဖြစ်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွှန့်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဓိက အားဖြင့် ကျနော်တို့ ထပ်ပြီးတော့ ပြောတဲ့ကိစ္စကတော့ ဒီကိစ္စတွေ၊ ဒီ အကြမ်းဖက် ပဋိပက္ခတွေ ချုပ်ငြိမ်းသွား နိုင်ဖို့အတွက် ဆိုရင် ကျနော်တို့ အရပ်ဘက်ကို ပံ့ပိုးတဲ့ လုံခြုံရေး ယန္တရားပေါ့။ ဒါ ဘာခေါ်မလဲဆိုတော့ aid to civilian power ဒါကို ကျနော်တို့ အသေအချာကို အခုထပ် ပိုပြီးတော့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် တိုးမြင့်ထားရမယ်။ တိုးမြင့်သင့်တယ်။ ဒါတချက် ကျနော်တို့ သဘောထား ဖော်ပြပါတယ်။ ဒုတိယတချက်ကတော့ အဲဒီဒေသမှာရှိနေတဲ့ ပြည်နယ်၊ ရခိုင်ပြည်နယ်အစိုးရအုပ်ချုပ်ရေး အာဏာကို အတတ်နိုင်ဆုံး တိုးမြင့်ပြီးတော့ ဆောင်ရွက်ပေးနိုင်မှဖြစ်မယ်။ ဒါလည်းပဲ ဒုတိယအချက်အနေနဲ့ ဖော်ပြပါတယ်။ တတိယအချက်ကတော့ အဲဒီလိုပဲ ရခိုင်ပြည်နယ်တင် မဟုတ်ဘူး။ တခြား တခြားသော ပြည်နယ်တွေ တိုင်းဒေသကြီးတွေမှာလည်းပဲ ဒီလို အရေးပေါ် ကိစ္စတွေ ဖြစ်ပေါ်လာရင် အဲဒါတွေကို အသင့်ရင်ဆိုင်နိုင်တဲ့ဟာ ဖြစ်နိုင်အောင် ကျနော်တို့ လွှတ်တော် အသီးသီးမှာလည်းပဲ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးကိစ္စတွေကို ဥပဒေပြု အာဏာနဲ့ ကြိုတင် ဆောင်ရွက်ထား သင့်တယ်။ အဲဒီအချက် သုံးချက်ကို ဖော်ပြထားတယ်။”

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေမှာ နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အမြန်ဆုံး အရေးယူပေးဖို့လည်း သမ္မတ ဦးသိန်းစိန်အစိုးရကို ဒီမိုကရေစီ မိတ်ဆွေပါတီတွေက အလေးအနက် တိုက်တွန်းတဲ့ အကြောင်းလည်း ဒီကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ခုတကြိမ်မတိုင်ခင် ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်းမှာ လည်း အနည်းဆုံး လူ ၇၇ ယောက် သေဆုံးပြီး လူနေအိမ် ၄,၈၀၀ ကျော်၊ ဗလီ ၁၇လုံး၊ ဘုန်းကြီးကျောင်း ၁၅ ကျောင်းနဲ့ စာသင်ကျောင်း ၃ ကျောင်း မီးလောင် ပျက်ဆီးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG