သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ပဋိပက္ခ ယုံကြည်မှု တည်ဆောက်ရေး အချိန်ကြာနိုင်


မြန်မာဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်ပြည်နယ် မြေပုံနဲ့ ပေါက်တောမြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံးဝပ်ဆိုဒ်)
မြန်မာဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်ပြည်နယ် မြေပုံနဲ့ ပေါက်တောမြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံးဝပ်ဆိုဒ်)
ရခိုင်ပြည်နယ်မှာ လူမှုအဝန်းအဝိုင်း နှစ်ခုအကြား ယုံကြည်မှု ပြန်ပြီး တည်ဆောက်ရေးဟာ အချိန်ယူရလိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောလိုက်ပါတယ်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ အဆင့်မြင့် တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်ဘက်ဆီ နှစ်ရက်ကြာ သွားရောက်ခဲ့ပြီးတဲ့နောက် ခရီးစဉ်မှာ အတူလိုက်ပါခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အဲ့ဒီလို ပြောလိုက်တာပါ။ အခြေအနေတွေ ပုံမှန်အတိုင်း ပြန်ရောက်အောင် လုပ်ဆောင်တဲ့နေရာမှာ နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဝန်ကြီးဦးအေးမြင့်က ပန်ကြားခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေးနဲ့ သင့်မြတ်ရေးအတွက် လုပ်ဆောင်လာတာ တစ်နှစ်ကျော် ကြာလာခဲ့ပြီဖြစ်ပေမဲ့လည်း အခြေအနေတွေက ခုချိန်ထိ ပုံမှန်အတိုင်း ပြန်မဖြစ်သေးပါဘူး။

လူမှုအဝန်းအဝိုင်း နှစ်ခုစလုံးရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ဖျက်ဆီးခံရ၊ လူတွေ သတ်ဖြတ်ခံခဲ့ရတာတွေအပေါ် လူမှုအဝန်းအဝိုင်း တဘက်နဲ့တဘက် အပြန်အလှန် အပြစ်တင်တာတွေက ရှိနေဆဲဖြစ်ပြီး ခံစားချက်တွေကို ဖျောက်ဖျက်ဖို့အတွက် အချိန်ယူရမယ်လို့ ရခိုင်ပြည်နယ် လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။

လက်ရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေကို သူတို့ရဲ့ မူရင်းနေရာတွေဆီ ပြန်ချင်တဲ့ဆန္ဒ ရှိ မရှိ မေးတဲ့အခါ စိုးရိမ်စိတ်တွေ အများကြီး ရှိနေကြတယ်လို့လည်း ဝန်ကြီးဦးအေးမြင့်က ပြောပါတယ်။

“ဒီလို ပြောင်းသွားပြီးတော့ တခြားနေရာမှာ သွားနေလို့ရှိရင် လုံခြုံပါ့မလား။ လုပ်ကိုင်စားသောက်လို့ ရပါ့မလား။ သူတို့ community လေးနဲ့ သူတို့ နေနေရင် save ဖြစ်တယ်။ အစိုးရကလည်း လုံခြုံမှုတွေ ပေးထားတယ်။ သို့သော်လည်းပဲ ခုနက ပြောသလို အလုပ်အကိုင် အခွင့်အလန်းတွေ ပေါ်လာမယ်ဆိုရင် အလုပ်မှာ သူလည်းလုပ်မယ်။ ငါလည်း သွားလုပ်ကြမယ်။ အဲ့ဒီအခါကျရင် တယောက်နဲ့တယောက် ပြန်ပြီးတော့ ညီညွတ်မှုတွေ သွေးစည်းညီညွတ်မှုတွေ ရသွားမယ်ဆိုရင် ဒီကစပြီးတော့ ပြန်ပြီးတော့ ပေါင်းစည်းမှုပေ့ါလေ ဆိုတာ ဖြစ်လာမယ်။ ဒါတွေအတွက် ကျနော်တို့ လုပ်ပေးတာပါ။ ဒါကြောင့် ကျနော်ပြောသလိုပဲ ဒါက အဆောက်အဦး ဆောက်တယ်ဆိုရင် အချိန်သတ်မှတ်လို့ရတယ်။ လူတွေရဲ့ စိတ်ဆန္ဒတွေ feeling တွေကို ပြန်ပြီးတော့ တည်ဆောက်နေတဲ့အတွက် အချိန်နဲ့ ပြောလို့မရဘူး။”

အင်္ဂါနေ့က ရန်ကုန်မြို့၊ နိုင်ငံခြားရေးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးဦးအေးမြင့်ကို ဗွီအိုအေက သီးခြား မေးမြန်းချိန်အတွင်း အဲ့ဒီလို ပြောခဲ့တာပါ။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖ့ွံဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိ သူတွေနဲ့အတူ ရခိုင်ပြည်နယ်၊ စစ်တွေ၊ မောင်တော၊ မြေပုံနဲ့ ပေါက်တောမြို့နယ်တွေဆီ ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်ကြာ သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည် ထူထောင်နေတာမှာ အစိုးရဌာနဆိုင်ရာတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အလှူရှင်နိုင်ငံတွေ စသည်အားဖြင့် ပူးတွဲ လုပ်ဆောင်နေကြတာပါ။

၂၀၁၂ ခုနှစ် ဇူလိုင်လကနေ ၂၀၁၃ ခုနှစ် ဇွန်လအထိ လိုအပ်တဲ့ ရန်ပုံငွေပေါင်း အမေရိကန်ဒေါ်လာ ၈၀ ဒဿမ ၁၄ သန်းမှာ ၆၆ ဒဿမ ၇၆ သန်းကို လက်ခံရရှိခဲ့ပြီး လိုအပ်တဲ့ရန်ပုံငွေပမာဏ ၁၃ ဒဿမ ၃၇ သန်းရှိနေဆဲဖြစ်သလို နိုင်ငံတကာအကူအညီတွေကို ဆက်လက် ကမ်းလှမ်းထားဆဲပါပဲ။

“နိုင်ငံတကာအနေနဲ့ကတော့ ကျနော် ပြောသလိုပဲ အပြုသဘောဆောင်တဲ့ အကူအညီတွေ၊ အပြုသဘောဆောင်တဲ့ အကြံဉာဏ်တွေ ပေးမယ်ဆိုရင် ကျနော်တို့က အမြဲတမ်း လက်ကမ်းကြိုဆိုနေပါတယ်။ ဒါတွေအတွက်လည်း ကျနော်တို့က ရှင်းရှင်းပြောရရင် ဖိတ်ခေါ်နေပါတယ်။”

ရခိုင်ပြည်နယ် လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ပါ။
ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ မြို့နယ်မှာ ဘင်္ဂါလီလူမျိုးမရှိတဲ့ မြို့နယ်က ဂွ၊ အမ်း၊ တောင်ကုတ် သုံးမြို့နယ်ပဲ ရှိပါတယ်လို့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးလှသိန်းက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် လူမှု အဝန်းအဝိုင်းနှစ်ခုဟာ အတူယှဉ်တွဲ မနေထိုင်နိုင်တော့ဘဲ သီးခြားစီ ဖြစ်သွားပြီးတော့ ဘင်္ဂါလီလူမျိုးတွေကို အစိုးရက သက်ဆိုင်ရာ သူတို့နေရာတွေဆီ ပြန်နေနိုင်အောင် လုပ်မပေးဘဲ ကန့်သတ်ထားတယ်ဆိုတဲ့ ဝေဖန်ချက်တွေကလည်း ထွက်ထားတာပါ။

ဒါဟာ အစိုးရက သတ်သတ်စီ ခွဲထားတာမဟုတ်ဘဲ သူတို့သဘောနဲ့သူတို့ ကွဲသွားတာသာ ဖြစ်ပါတယ်လို့ ရခိုင်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးလှသိန်းက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

“ဒီပဋိပက္ခမတိုင်ခင်မှာ ရခိုင်နဲ့ ဘင်္ဂလီလူမျိုးတွေရဲ့ တဘက်နဲ့တဘက် မနှစ်မြို့တဲ့ သမိုင်းအရှည်ကြီး ရှိခဲ့ပါတယ်။ ဒီသမိုင်းနောက်ခံကို အခြေပြုပြီးတော့ အခုဖြစ်ပေါ်လာတဲ့ ပဋိပက္ခမှာ တဘက်နဲ့တဘက် အိမ်တွေကို မီးရှို့တယ်။ နောက်တခါ တဘက်နဲ့တဘက် တိုက်ခိုက်တယ်။ တဘက်နဲ့တဘက် သတ်ကြတဲ့အတွက်ကြောင့် သူတို့မှာ အခုထိ အပြန်အလှန် ဒေါသ မီးလျှံတွေဟာ ရင်ထဲမှာ ရှိတုန်းပါပဲ။ အဲ့ဒါအတွက်ကြောင့် လုံခြုံရေးနဲ့ ကျနော်တို့က ဘင်္ဂါလီလူမျိုးတွေ နေတဲ့နေရာမှာ ကျနော်တို့က လုံခြုံရေးနဲ့ အကာအကွယ် ပေးထားတာဖြစ်ပါတယ်။ ကျနော်တို့က ကန့်သတ်တာမဟုတ်ဘဲနဲ့ သူတို့ကို လုံခြုံရေးအရ စောင့်ရှောက်ထားတာသာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ခဲ့တဲ့ မြို့နယ် ၁၁ မြို့နယ်မှာ အရေးပေါ် အခြေအနေ ကြေညာထားဆဲဖြစ်ပြီး အမိန့်စထုတ်ချိန်တုန်းက ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ဖို့ ကန့်သတ်ခဲ့ပေမဲ့ အခုတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ အချိန်ကို လျှော့ပေါ့ပေးထားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပဋိပက္ခဖြစ်စဉ်တွေနဲ့ဆက်စပ်ပြီးတော့ မြို့နယ် ၁၃ မြို့နယ်မှာ ပြစ်မှုပေါင်း ၂၇၉ မှုနဲ့ လူပေါင်း ၁၁၈၉ ဦးအပေါ် စွဲချက်တင် စစ်ဆေးနေပြီး အဲဒီထဲက ပြစ်မှုပေါင်း ၁၉၅ မှု၊ လူပေါင်း ၅၀၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောပါတယ်။

ပဋိပက္ခတွေဖြစ်ခဲ့ပြီးတဲ့နောက် အိုးအိမ်မဲ့ဖြစ်သွားတဲ့ လူဦးရေစာရင်းကို သိရဖို့ ကောက်ယူခဲ့ပေမဲ့ အခက်အခဲတွေ ကြုံခဲ့ရတဲ့အတွက် ရပ်ဆိုင်းခဲ့ရတယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုအခါမှာတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသံရုံးတွေက ကိုယ်စားလှယ်တွေ၊ ပြည်တွင်း ပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နှစ်ဘက် လူ့အဖွဲ့အစည်းက အဖွဲ့တွေ ပူးတွဲပြီး ပြန်ကောက်ခံဖို့ လုပ်နေပြီးတော့ ဒုတိယအဆင့်မှာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောခဲ့ပါတယ်။
XS
SM
MD
LG