သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ပြေးဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်


အထက်မြတ်လှဲစစ်ရှောင်စခန်းတွင် ညနေစာစားနေသည့် ကလေးငယ်တစု
အထက်မြတ်လှဲစစ်ရှောင်စခန်းတွင် ညနေစာစားနေသည့် ကလေးငယ်တစု

ဇန်နဝါရီလ ၁၀ရက်၊ ၂၀၁၉ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ မငြိမ်းနိုင်သေးတာနဲ့အမျှ စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်စွန့် ထွက်ပြေးသူ စစ်ရှောင်အရေအတွက်လည်း တနေ့တခြား ပိုတိုးလာနေပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေတဝိုက် ကျေးရွာတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေဟာ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေနားက စစ်ရှောင်စခန်း တွေမှာ ခိုလှုံနေကြရပြီး သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး အဲဒီစခန်းတွေထဲက နှစ်ခုကို မကြာခင်ရက်ပိုင်းအတွင်းက ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းလောက်စလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ပိုပြီး ဖြစ်လာတာကြောင့် နေရပ်စွန့်ထွက်ပြေးရတဲ့ စစ်ရှောင်ဒုက္ခသည်အရေအတွက်ဟာ ခန့်မှန်းခြေ ၄,၀၀၀ လောက်အထိ ရှိနေပြီလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

အဲဒီဒုက္ခသည်တွေ ယာယီခိုလှုံနေထိုင်နေရတဲ့ ဒုက္ခသည်စခန်း ၁၀ ခုထက်မနည်းရှိနေပြီဖြစ်ပြီး အဲဒီအထဲက ကျောက်တော်မြို့ နယ်အစပ်မှာရှိတဲ့ ဝါးတောင်ဒုက္ခသည်စခန်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက အထက်မြတ်လှဲ ဒုက္ခသည်စခန်းတို့ကို မကြာသေးခင် ရက်ပိုင်းအတွင်း ဗွီအိုအေက သွားရောက်ခဲ့ပါတယ်။

အထက်မြတ်လှဲစခန်းဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့က စပေါ်လာတာဖြစ်ပြီး ဝါးတောင်စခန်းကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က စပေါ်လာတာပါ။ ဝါးတောင်စခန်းမှာ လူဦးရေ ၁,၀၀၀ ကျော်ရှိတာကြောင့် ကျောက်တော်မြို့နားမှာ လက်ရှိအချိန်အထိဆိုရင် အကြီးဆုံး စစ်ရှောင်ဒုက္ခသည်စခန်း ဖြစ်သလို အဲဒီအထဲက ၆၀၀ ကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ သိခဲ့ရပါတယ်။ အထက်မြတ်လှဲ ဒုက္ခသည်စခန်းမှာတော့ လူဦးရေ ၃၅၀ ကျော်ရှိပြီး အဲဒီထဲက ၁၀၀ ကျော်ဟာ ကျောင်းနေအရွယ် ကလေးငယ် တွေဖြစ်ကြပါတယ်။

သူတို့အားလုံးဟာ သူတို့ကျေးရွာတွေထဲမှာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာကြတာမဟုတ်ဘဲ ရွာနီးချုပ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး တဲ့နောက် စားနပ်ရိက္ခာ သယ်ယူခွင့်ကို တပ်မတော်တပ်ဖွဲ့တွေက ပိတ်ပင်ကန့်သတ်လိုက်တဲ့အတွက် အခက်အခဲကြုံရပြီး ရွာတွေ ကနေ ထွက်လာကြသူတွေပါ။

လက်ရှိအားဖြင့် ဝါးတောင်စခန်းတခုလုံးက လူတွေအနေနဲ့ သောက်ရေသုံးရေအတွက် စခန်းနားက ရေကန်ကြီးတခုတည်းကိုပဲ မှီခိုနေကြရပြီး လက်ရှိလူဦးရေအရကိုပဲ နောက် ၁၀ ရက်လောက်ဆိုရင် ရေကန်ထဲကရေ ကုန်သွားတော့မယ်လို့ ပြောကြပါတယ်။ အထက်မြတ်လှဲစခန်းမှာဆိုရင်လည်း ချိုးရေတွင်းငယ်လေးတခုကိုပဲ တွေ့ခဲ့ရပြီး အရေးပေါ်လိုအပ်နေပြီဖြစ်ပါတယ်။

အခုရနေတဲ့ သောက်ရေသုံးရေဟာလည်း သန့်ရှင်းမှုမရှိတာကြောင့် ဝမ်းပျက်ရောဂါ ခံစားကြရသူတွေရှိတယ်လို့ ဝါးတောင်စခန်း မှာ အစိုးရကျန်းမာရေးဌာနက ဖွင့်ပေးထားတဲ့ ဆေးပေးခန်းလေးမှာ ဆေးကုသပေးနေတဲ့ သူနာပြုဆရာမလေးကပြောပါတယ်။

စခန်း ၂ ခုစလုံးကို သတင်းထောက်တွေ ရောက်တဲ့အချိန်မှာ အကူအညီတွေလာပေးပို့ကြသူ အတော်များများကို တွေ့ခဲ့ရပြီး အဲဒီထဲမှာတဦးကတော့ စစ်တွေမြို့၊ ရက္ခိုင် ဂီတညီအကိုအဖွဲ့က ကိုထွန်းမြတ်ခိုင်ပါ။ သူတို့ အခုလို လာပြီးအကူအညီပေးရတဲ့ ရည်ရွယ်ချက်ကို ကိုထွန်းမြတ်ခိုင်က ရှင်းပြပါတယ်။

" ကျနော်တို့ အခုဆောင်းရာသီဆိုတော့ အရမ်းအေးတယ် ။ အိမ်မှာတော့ နွေးနွေးထွေးထွေး ဆောင်တွေခြုံပြီးတော့ နေကြတယ်။ ကယ်ဆယ်ရေးစခန်းမှာ ဘယ်လိုရှိမလဲ စစ်ဘေးရှောင်စခန်းမှာ ဘယ်လိုရှိကြမလဲ အဲလို စာနာထောက်ထားတဲ့ စိတ်လေးတခုနဲ့ ကျနော်တို့လာပြီးတော့ အကူအညီပေးတာပါ။ ကျနော်တို့ တက်စွမ်းသလောက်ပေါ့ဗျာ။"

လက်ရှိစခန်း ၁၀ ခုထက်မနည်းမှာ ရောက်နေပြီးသား စစ်ရှောင် ဒုက္ခသည်အရေအတွက်အပြင် နောက်ထပ် ပိုတိုးလာနိုင်ခြေ ရှိတယ်လို့ ဒုက္ခသည်စခန်းတွေကို လှည့်လည်သွားလာပြီး အကူအညီတွေပေးနေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားကွန်ရက်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးတင်ထူးအောင်က ဝါးတောင်စခန်းမှာ သတင်းထောက်တွေကိုပြောသလို ဘာ့ကြောင့် သူ အဲဒီလို ခန့်မှန်းတာ လည်းဆိုတာကို အခုလိုရှင်းပြပါတယ်။

"တပ်ကလည်း နေရာချထားသလို တဖက် လက်နက်ကိုင်အင်အားစုတွေကလည်း နယ်မြေစိုးမိုးမှု ရယူဖို့ ကြိုးစားတဲ့ အနေအထားတွေပေါ့နော် ။ ဆိုတော့ ဒါတွေက တိုက်ပွဲတွေဆက်ပြီးတော့ ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေ ကျနော်တို့ တွေ့ရတယ်။"

ဒါ့အပြင် အကူအညီပေးသူတွေ အဓိကကြုံရတဲ့ နောက်ထပ်အခက်အခဲတခုကတော့ အလှမ်းဝေးပြီး ပိတ်မိနေတဲ့ ကျေးရွာတချို့ ကို သွားခွင့်မရဘဲ တားဆီးခံရတဲ့အတွက် အဲဒီရွာတွေမှာ ပိတ်မိနေတဲ့ ဒေသခံတွေဆီ ကူညီကယ်ဆယ်ရေး အမြန်ဆုံးရောက်နိုင်ဖို့ ဖြစ်တယ်လို့လည်း ဦးတင်ထူးအောင်က ပြောပါတယ်။

ဒေသခံလူထ ုဒုက္ခရောက်ရတဲ့အခြေအနေကို တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးအရ ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းဘဲနဲ့တော့ ရခိုင်ပြည် နယ်မှာ ဒီဒုက္ခတွေ ငြိမ်းသွားမှာမဟုတ်ဘူးလို့ စစ်တွေအခြေစိုက် ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က သုံးသပ်ပါတယ်။

"ဒါက တကယ့်တောသူတောင်သားတွေ တောင်ပေါ်မှာနေတဲ့ ချောင်းဖြားမှာနေတဲ့လူတွေ ၊ တနေ့စာတနေ့ ထင်းခုတ် ဝါးခုတ်စားရတဲ့ သူတွေ ဒီလို အသက်လုပြီးတော့ ပြေး၊ စစ်ဘေးရှောင် ဒုက္ခသည်စခန်းထဲရောက်တဲ့လူတွေ ဖြစ်လာတယ်။"

ဗွီအိုအေက တွေ့ခဲ့ရတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ မြိုတိုင်းရင်းသားတွေဖြစ်ကြပြီး တခြားစခန်းတွေမှာ ရခိုင်တိုင်းရင်းသားတွေ လည်းရှိတယ်လို့ အကူအညီပေးသူတွေကပြောပါတယ်။ ဝါးတောင်နဲ့ အထက်မြတ်လှဲ စခန်းနှစ်ခုစလုံးဟာ ဖြစ်သလို ဆောက်လုပ် ထားတာဖြစ်ပြီး အမိုးအကာ လုံခြုံမှုမရှိသလို ညဘက် အအေးဒဏ်ကို ကာကွယ်နိုင်တဲ့ အခင်းမျိုးတွေလည်း မရှိတာကြောင့် နာဖျားမကျန်းဖြစ်ကြတယ်လို့ သူနာပြုဆရာမလေးကပြောပါတယ်။ သေချာဆောက်ထားတဲ့ သန့်စင်ခန်းတွေလည်း မတွေ့ခဲ့ရပေ မယ့် သန့်စင်ခန်းတွေမှာ အသုံးပြုဖို့ ပစ္စည်းတွေ ပေးပို့ထားတာတော့ တွေ့ခဲ့ရပါတယ်။

ဒီစစ်ရှောင်ဒုက္ခသည်တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအပါအဝင် ရခိုင်ပြည်နယ်တွင်း တခြားဒေသ တွေမှာ ပဋိပက္ခတွေဖြစ်တုန်းက ဘေးဒဏ်သင့်သူတွေကို အလုံးအရင်းနဲ့ အကူအညီပေးခဲ့၊ အကူအညီပေးနေဆဲ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေပေးကြဖို့ လက်ရှိအကူအညီပေးနေသူတွေက တောင်းဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG