သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်လုံခြုံရေး စိုးရိမ်မကင်းဖြစ်မှုကြောင့် ကုလမဟာမင်းကြီး မြန်မာခရီးစဉ် ရွှေ့ဆိုင်း


ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထောင်နဲ့ချီရှိနေတဲ့ စစ်ဘေးဒုက္ခသည် တွေအတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်တားဆီးမှုတွေ မလုပ်ဖို့နဲ့ အမြန်ဆုံးခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက မနေ့ တနင်္လာနေ့က အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ရဲ့ ရခိုင်ပြည်နယ်ကို သွားရောက်မယ့် အစီအစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

လက်ရှိ မြန်မာစစ်တပ်နဲ့ ရခိုင် AA လက်နက်ကိုင်အဖွဲ့ ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက စုစုပေါင်း မြို့နယ် ငါးမြို့နယ်အတွင်း ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ သွားလာခွင့်ကို ပိတ်ပင်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့ သတင်းပတ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် ICRC နိုင်ငံတကာကြက်ခြေနီ ကော်မတီနဲ့ WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် တွေရဲ့ အကူအညီ တွေကိုတော့ ကန့်သတ်ထားတဲ့ မြို့နယ် ငါးမြို့နယ်အတွင်း ဆက်ပြီးပေးဖို့ ရခိုင်ပြည်နယ်အစိုးရက ခွင့်ပြုထားပါတယ်။

အခုလို ကန့်သတ်ချက် အသစ်တွေကြောင့် အကူအညီတွေလိုအပ်နေတဲ့ ထောင်နဲ့ချီရှိနေတဲ့ စစ်ဘေးဒုက္ခသည် အရေးကို အလွန်ပဲစိုးရိမ်မကင်းဖြစ်မိပြီး ပိတ်ပင်တားဆီးမှုတွေကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂက တောင်းဆိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရအမျိုးသမီး Eri Kaneko က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်က တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ လူသားချင်းစာနာမှုအကူအညီတွေပေးရေး ကန့်သစ်တားမြစ်ချက် အသစ်တွေကြောင့် စာနာမှုအကူအညီတွေ အလုံအလောက်မရပဲဖြစ်နေပြီး အကာအကွယ်မဲ့နေတဲ့ ထောင်နဲ့ချီရှိနေတဲ့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ အတွက် ကုလသမဂ္ဂအနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်ရပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေအတိုင်း လိုက်နာကျင့်သုံးရေး သေချာစေဖို့ လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ပင်တားဆီးမှုတွေမလုပ်ပဲ မြန်မြန်ဆန်ဆန် ခွင့်ပြုဖို့ ကုလသမဂ္ဂက တောင်းဆိုထားတာကို မြန်မာအစိုးရအနေနဲ့ အပြုသဘောဆောင် တုန့်ပြန်ဆောင်ရွက်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။"

မြန်မာနိုင်ငံက ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရုံးက တိုက်ရိုက် ဆွေးနွေးပြောဆိုမှုတွေရှိနေသလို ရခိုင်ပြည်နယ်တွင်း လက်တလော အရေးပေါ်လိုအပ်နေတဲ့ နေရာတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ကုလသမဂ္ဂဘက်ကနေ ပိုပြီးတိုးပေးနိုင်ရေး မြန်မာအစိုးရကို ကမ်းလှမ်းပြောဆိုထားတယ်လို့လည်း Eri Kaneko ကဆိုပါတယ်။

ဇန်န၀ါရီလ အစောပိုင်းက စတင်ပြင်းထန်လာတဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည် ၅,၀၀၀ လောက်ရှိနေပြီး ဘုန်ကြီးကျောင်းတွေနဲ့ အခြားဘေးလွတ်ရာနေရာတွေမှာ ခိုလှုံနေကြရတယ်လို့ မြန်မာနိုင်ငံက ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး ကပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက် ကုလသမဂ္ဂ၀န်ထမ်းတွေ သွားလာဖို့ အကန့်အသတ်တွေရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောဆိုပါတယ်။

"လုံခြုံရေးအတွက်ကတော့ သိတဲ့အတိုင်းပဲလေ ကျနော်တို့ဘက်က တာဝန်ရှိတဲ့သူတွေတောင်မှ ဒဏ်ရာတွေရတာရှိနေတဲ့အခါကျတော့ အားလုံးမြင်တဲ့အတိုင်းပဲ အန္တရာယ်ကတော့ ရှိတာပေါ့။ အန္တရာယ်ရှိတာကတော့ အမှန်ပဲလေ။ အဲဒီတော့ ကျနော်တို့ကတော့ အခုကတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC နဲ့ WFP တို့ လူသားချင်းစာနာထောက်ထားမှုအကူအညီတို့ဆိုတာတွေကတော့ ဒါတွေကို သွားလာခွင့်ပေးထားပါတယ်။"

လုံခြုံရေးအခြေအနေကြောင့် ကုလသမဂ္ဂအေဂျင်စီတွေရဲ့သွားလာခွင့်ကို ဘယ်အချိန်ထိ ကန့်သတ်ထားမလဲဆိုတာ အတိအကျမပြောနိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။

AA ရခိုင် အဖွဲနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာဟာ အရင် ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ ပြင်းထန်လှတဲ့ နယ်မြေရှင်းလင်းရေး စစ်ရေးကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ရွာတွေ ရှိနေတဲ့နေရာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခိုလှုံနေတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် မြန်မာနိုင်ငံ နေရပ်ပြန်လာရေးကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ရခိုင်ပြည်နယ်ကို လာရောက်မယ့် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ရဲ့ခရီးစဉ်ကိုလည်း လုံခြုံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရ Andrj Mahecic က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

Filippo Grandi ရဲ့ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

" ကျနော်တို့ဘက်ကတော့ Postpone လုပ်တာတော့မဟုတ်ဘူးခင်ဗျ။ အမှန်ကတော့ သူက သူ့အစီအစဉ်ကို ပြန်ပြီးတော့ ရက်ပြန်ညှိတဲ့သဘောပါ။ ဘယ်နေ့ဆိုတာတော့ မသေချာဘူး။ သိတဲ့အတိုင်းပဲ ဒီရခိုင်ဘက်မှာက AA က ၀င်တိုက်တာတွေရှိနေတဲ့အခါကျတော့ လုံခြုံရေးအရ သူလည်း အဲဒီဘက်ကို သွားဖို့အဆင်မပြေဘူးလေ။ မပြေတဲ့အခါကျတော့ သူ့ဟာနဲ့သူ ပြန်ပြီးတော့ အချိန်ညှိတဲ့သဘောပါပဲ။ ကျနော်တို့ဘက်ကတော့ Postpone လုပ်တာတော့မဟုတ်ဘူး လုံခြုံရေးအခြေအနေအရ ကျနော်တို့ အဲဒီဘက်ကို သွားဖို့လည်းအဆင်မပြေဘူးဆိုတော့ သူလည်းပဲ အဆင်ပြေတဲ့အခြေအနေကို ပြန်ညှိမယ့် သဘောပါပဲ။"

ဒီအတောအတွင်း လုံခြုံရေးကောင်စီမှာ ရခိုင်ပဋိပက္ခအခြေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးမယ့်အဆိုကို အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံက ဒီသတင်းပတ် နှောင်းပိုင်းမှာ တင်သွင်းဖို့ရှိတယ်လို့ ကုလသမဂ္ဂနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပေမယ့် မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အသိပေးအကြောင်းကြားခြင်းမရှိဘူးလို့ ဗွီအိုအေကိုပြောပါတယ်။ လုံခြုံရေးကောင်စီမှာ အလှည့်ကျ အဖွဲ့ဝင်သစ်ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေကိစ္စ လက်ရှိ လုံခြုံရေးကောင်စီမှာ အလေးပေးဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG