သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လူငယ် ၃၀ ကျော် ရန်ကုန်လေဆိပ်မှာ အဖမ်းခံရ


 Yangon international airport
Yangon international airport

ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကိုပြန်မယ့် ဒေသခံလူငယ်တချို့ ရန်ကုန် လေဆိပ်မှာ အဖမ်းရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် ပြည်မဘက်မှာ ရှိနေတဲ့ ရခိုင်လူငယ်တွေ နေရပ်ပြန်တဲ့အခါ မကြာခဏ ဖမ်းဆီးခံနေရတဲ့အကြောင်း မစုမြတ်မွန် တင်ပြပါမယ်။

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် စိုးရိမ်မှုကြောင့် နေရပ်ပြန်ကြတဲ့ ရခိုင်ဒေသခံလူငယ်တွေကို လေဆိပ်တွေမှာ ခေါ်ယူစစ်ဆေးမှုတွေ ခံနေရပါတယ်။ စစ်ဆေးခံရသူတွေထဲမှာ စစ်မှုထမ်းဖို့ အကြုံးဝင်တဲ့ လူငယ်တော်တော်များများ ပြန်လွတ်မလာကြသေးပါဘူး။ ပြီးခဲ့တဲ့လက ရန်ကုန်ကနေ ပြန်လာတဲ့ ဒေသခံတွေကို ရခိုင်ပြည်နယ်ထဲက လေဆိပ်တွေမှာ ခေါ်ယူဖမ်းဆီးခဲ့တာဖြစ်ပေမဲ့ ဒီတခေါက်ကတော့ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရတယ်လို့ VOA က အတည်ပြုနိုင်တာ ဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်း ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပြန်မယ့်ဒေသခံလူငယ်တွေကို ရန်ကုန်လေဆိပ်မှာ ခေါ်ယူသွားတာနဲ့ ပတ်သက်လို့ အဖမ်းခံရသူတယောက်ရဲ့ ညီမဖြစ် သူက ပြောပြပါတယ်။

“ညီမတို့ အမနဲ့ မနက်ပိုင်းလောက်က အဆက်အသွယ်ရတုန်းကဆိုရင် ညီမရဲ့အမအပါအဝင် လူအယောက် ၃၀ ကျော်လောက် ရှိမယ်၊ ယောကျ်ားလေးတွေရော မိန်းကလေးတွေရော အကုန်လုံး အဖမ်းခံရတာ သူတို့ကို အဲဒီမှာ စစ်ဆေးပြီးတော့ အချုပ်ခန်းလိုမျိုး အဲလို ကားထဲမှာ တင်ပြီးတော့ ခေါ်သွားတယ်လို့ သိရတယ်။”

ဒီကနေ့ ဖမ်းဆီးခံရသူ ရခိုင်ဒေသခံတွေထဲက အသက်ကြီးပိုင်းတချို့လောက်သာ ပြန်လွတ်လာပြီး စစ်မှုထမ်းဥပဒေနဲ့ကိုက်ညီတဲ့ လူငယ်တွေကိုတော့ ရွေပြည်သာစစ်ကြောရေးမှာ ထိန်းသိမ်းထားတယ်လို့ မိသားစုတွေက စုံစမ်းသိရှိခဲ့တာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

“သူတို့နဲ့ အဲဒီနောက်ပိုင်းတော့ အဆက်အသွယ်မရတော့ဘူး၊ ညီမတို့ အဒေါ်တွေ လိုက်သွားတဲ့အခါကျတော့ လေယာဉ်ကွင်းမှာ အဆင့်ဆင့်လိုက်ပြီးမေးတော့ နောက်မှာ ရွှေပြည်သာ စစ်ကြောရေးစခန်းကို ခေါ်သွားတယ်ဆိုပြီး သိရတယ်၊ ရွေပြည်သာကို လိုက်သွားတော့လည်း မဝင်ရဘူး၊ အဲဒီအထဲကို ဘယ်သူမှ မဝင်ရဘူးလို့ ပြောတယ်တွေ့လည်း မတွေ့ခဲ့ရဘူးရှင့်။ အိမ်ကလူတွေ အကုန်လုံး စိုးရိမ်နေကြတယ်၊ ညီမလည်း စိုးရိမ်တယ် သူတို့အထဲမှာ ဘယ်လို ရှိနေမလဲ မသိဘူး၊ သူတို့ကို တခုခုမေးမြန်းပြီးတော့ အသတ်ခံရမှာတွေ အရိုက်ခံရမှာကို စိုးရိမ်နေတယ်ရှင့်။”

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရခိုင့်တပ်တော် AA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ အခုလို ရခိုင်လူငယ်တွေ ဖမ်းဆီးခံနေရတာလည်း ဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးနေတာနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြီးခဲ့တဲ့ တနင်္ဂလာနေ့က သတင်းစာရှင်းလင်းပွဲတုန်က အခုလို ပြောခဲ့ပါသေးတယ်။

“ ဒီကိစ္စတွေက တဘက်နဲ့တဘက် လူမျိုးရေးအမုန်းတရားတွေကို ပိုပြီးတော့ တိုးပွားစေသလို အနာဂတ်မှာ အတူယှဉ်တွဲနေထိုင်းရေးတွေကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေဖြစ်တယ်၊)

အခုလို ရခိုင်နဲ့ စစ်ဖြစ်နေသလို၊ စစ်အာဏာသိမ်းအုပ်ချုပ်နေတာကို လက်နက်ကိုင် ဆန့်ကျင်နေသူတွေနဲ့ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စစ်ဖြစ်နေချိန် လူငယ်အမျိုးသား၊ အမျိုးသမီးတွေ စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေကြား စိုးရိမ်နေကြပြီး အဝေးရောက်နေကြတဲ့ လူငယ်တော်တော်များများ နေရပ်ပြန်နေကြသလို၊ နိုင်ငံခြားထွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်ရှင်။

Forum

XS
SM
MD
LG