သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ စက်သုံးဆီအကျပ်အတည်းကြုံ



[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်း စက်သုံးဆီဈေးနှုန်းတွေမြင့်တက်ပြီး ဆီပြတ်လပ်မှုတွေကြုံနေရသလို ရခိုင်ပြည်နယ်မှာလည်း စက်သုံးဆီ ပြတ်လပ်နေပါတယ်။ စစ်ကောင်စီဘက် ကတော့ စက်သုံးဆီမပြတ်အောင် စီမံဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ ရခိုင်ပြည်နယ်တွင်းက စက်သုံးဆီရောင်းချမှုအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

“ရုရှားနိုင်ငံကယူဖို့အတွက်လည်း ယခင်ကတည်းက ကျနော်တို့ ဆောင်ရွက်ခဲ့တာမရှိတဲ့အတွက် အခုအချိန်မှာ အသစ်လုပ်ငန်းဆောင်ရွက်ရတာဖြစ်တယ်။ အခုတော့ ဒီလအတွင်းမှာ ဝယ်ယူနိုင်အောင် ဆောင်ရွက်နေတဲ့အခါမှာ ရာခိုင်နှုန်းတော်တော်များများတော့ ကျနော်တို့ အောင်မြင်ပြီးဖြစ်တယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း-စစ်ကောင်စီပြောခွင့်ရ)

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်၊ ဆီပြတ်လပ်နေတာတွေကြောင့် ခရီးသွားရေးစရိတ်တွေ မြင့်တက်လာနေသလို အခြားစရိတ်စကဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာနေတဲ့အပြင် စက်သုံးဆီ ပြတ်လာနေတာကြောင့် ပြည်သူတွေအခက်ကြုံနေရတယ်လို့ မြောက်ဦး-စစ်တွေ ကားသမားတဦးကပြောပါတယ်။

“ငါတို့ဆီမှာတော့ အခက်အခဲကြုံရတာတော့ အများကြီးပဲ၊ ငါတို့ကတော့ မြောက်ဦးစစ်တွေ ကားလိုင်းပေါ့။ အဲလို သွားနေတဲ့အခါကျတော့ ဆီကလည်း ကိုယ်လိုသလောက်ဝယ်လို့မရဘူး။ ဆိုင်တဆိုင်ဝင်လိုက်လို့ရှိရင် ၂ သောင်းဖို့ထက် ပိုမရောင်းဘူး။ တချို့ဆိုင်တွေဆိုလည်း ဆီလုံးဝပြတ်နေတယ် မရောင်းဘူး။ စစ်တွေမြို့ထဲက ထွက်လာပြီး အပြင်မှာဆီမရတော့ စစ်တွေမြို့ထဲကိုပြန်ဝင် ပြန်ထည့် အဲလို ရှာရတာ။ အခက်အခဲတွေကတော့ အများကြီးပဲ။ ဆီဈေးတက်တယ်ဆိုပြီး ခရီးသည်တွေကို ဈေးပိုကောက်တာလည်း သိပ်ပြီးမဟန်ဘူးပေါ့၊ အခုက ပြည်သူလူထုကလည်း အကုန်လုံးကျပ်နေတယ်ဆိုတော့ ကြည့်ကျက်ပြီး နားလည်မှုနဲ့ သွားနေရတယ်။အခက်အခဲက အများကြီးပဲလေ။”

အခုလို ဆီအလုံအလောက်မရတာတွေနဲ့ ဈေးနှုန်းမြင့်တက်လာတွေကြောင့် လိုင်းကားသမား အတော်တော်များများအလုပ်ရပ်နားထားရတယ်လို့လည်း အဲဒီကားသမားက ပြောပါတယ်။

“ကား ၁၀ စီးလောက်မှာ ၆ စီး ၇ စီးလောက်ကတော့ အလုပ်မဖြစ်ဘူး၊ ဆီဈေးတက်တာနဲ့ ဆိုင်တယ် ဟုတ်တယ်။”

ရခိုင်ပြည်နယ်က စစ်တွေမြို့မှာဆိုရင်လည်း စက်သုံးဆီဆိုင်ကြီးတွေမှာ ဆီ ပြတ်လပ်နေသလို အပြင်ဆိုင်တွေမှာလည်း စက်ဆီတလီတာကို ၃ ထောင်ကျော်အထိပေး နေရတယ်လို့ စစ်တွေဒေသခံ မဝေဝေဦးကပြောပါတယ်။

“အခုက ဆီဈေးတွေက ပိုတက်လာတယ်။ ဆိုင်ကြီးတွေမှာဆိုရင်လည်း တလီတာကို ၁,၈၀၀ အထိ အဲလိုမျိုးပေးရတယ်။ အပြင်မှာဆိုရင် ၃,၀၀၀ ကျော်၊ ၃,၀၀၀ လောက်အထိပေးရတာရှိတယ်။ အဲလိုမျိုး ပိုက်ဆံပေးရတာတောင်မှ ဆီထည့်မယ့်ဆိုင်ရှာလို့မရဘူး။ ဘာလို့လဲဆိုတော့ တချို့ဆိုင်တွေက ဆီပြတ်သွားပြီ၊ ဆီကုန် သွားပြီ။ အဲတာမျိုးခဏခဏကြုံရတယ်။ ဆီသွားထည့်ရင်လည်း ဆီကုန်သွားပြီ။ မနက်ဖြန်မှလာခဲ့ အဲလိုမျိုးကြုံရတယ်။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေ့စဉ် စက်သုံးဆီဈေးနှုန်းတွေကို တည်ငြိမ်အောင်ဆောင်ရွက်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ဈေးနှုန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆောင်ရွက်နေတာက ဈေးနှုန်းသည် တကမ္ဘာလုံးမှာ ဖြစ်နေတာ။ တက်နေတဲ့ဟာမျိုးတွေ ရှိတယ်။ သို့သော်မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျနော်တို့လုပ်ပေးနိုင်တာကတော့ ကျနော်တို့က အများအားဖြင့် စက်သုံးဆီက စင်္ကာပူကနေသွင်းတယ်။ စင်္ကာပူကနေ နေ့စဉ်ဖြစ်နေတဲ့ ဈေးနှုန်းပေါ်မှာ ကျနော်တို့က အနည်းဆုံး အခွန်အကောက်ရယ်၊ သယ်ယူပို့ဆောင်ရေးစရိတ်ရယ် ပေါင်းပြီးတော့ နေ့စဉ်ဈေးနှုန်း သတ်မှတ်ပြီးတော့ တည်ငြိမ်အောင် ဆောင် ရွက်ပေးလျက်ရှိတယ်။”

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုရော မလုံမလောက်ဖြစ်နိုင်မှုကိုပါ သူတို့အနေနဲ့ဖြေရှင်းနိုင်မယ်လို့ ယူဆတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြောပါတယ်။

“စက်သုံးဆီရရှိရေးနဲ့ ပတ်သက်ပြီးတော့ တင်သွင်းတဲ့လူတွေမှာလည်း အခက်အခဲတွေ ရှိတာတွေ့ရတယ်။ ကျနော်တို့အစိုးရအနေနဲ့လည်း ငွေလဲပေးတာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ပမာဏနဲ့ ချိန်ညှိပြီး လုပ်ဆောင်နေတာရှိတယ်။ ပေါများစွာ ရရှိရေးနဲ့ ပတ်သက်ပြီး တခြား နိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာရှိတယ်။ ရရှားနိုင်ငံကယူဖို့အတွက်လည်း ယခင်ကတည်းက ကျနော်တို့ ဆောင်ရွက်ခဲ့တာမရှိတဲ့အတွက် အခုအချိန်မှာ အသစ်လုပ်ငန်းဆောင်ရွက်ရတာဖြစ်တယ်။ အခုတော့ ဒီလအတွင်းမှာ ဝယ်ယူနိုင်အောင် ဆောင်ရွက်နေတဲ့အခါမှာ ရာခိုင်နှုန်းတော်တော်များများတော့ ကျနော်တို့ အောင်မြင်ပြီးဖြစ်တယ်။ အဲဒီက ဆီရလာရင်တော့ ဈေးနှုန်းကော မလုံလောက်မှုတွေကိုပါ ကျနော်တို့ ဖြေရှင်းနိုင်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။”

ရခိုင်ပြည်နယ်နည်းတူ မြန်မာနိုင်ငံဒေသအတော်များများမှာလည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်တာနဲ့ ပြတ်လပ်မှုအကြပ်အတည်းတွေ ကြုံနေရပါတယ်။ စက်သုံးဆီ ရှားပါးမှုနဲ့တဆက်တည်းမှာပဲ အခြေခံစားကုန်တွေပါ ဈေးနှုန်းမြင့်တက်ပြီး စီးပွားရေးလုပ်ငန်း အတော်များများလည်းရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်မှာ စက်သုံးဆီအကျပ်အတည်းကြုံ
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်

============


[[Unicode]]













============

XS
SM
MD
LG