သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပူပြင်းလို့ ရခိုင်စစ်ဒုက္ခသည်တွေနေထိုင်ရေးခက်ခဲ


မြောက်ဦးမြို့ ဒုက္ခသည်စခန်းတခုထဲတွင် တွေ့ရသည့် ရခိုင် စစ်ပြေးဒုက္ခသည်တချို့။ အောက်တိုဘာ ၂၈၊ ၂၀၁၂။
မြောက်ဦးမြို့ ဒုက္ခသည်စခန်းတခုထဲတွင် တွေ့ရသည့် ရခိုင် စစ်ပြေးဒုက္ခသည်တချို့။ အောက်တိုဘာ ၂၈၊ ၂၀၁၂။

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရာသီဥတုဆိုးရွားတဲ့ဒဏ်တွေကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အထူးလိုအပ်လာပါတယ်။ ရခိုင်ပြည်နယ်တွင်း AA က သိမ်းယူထားတဲ့ မြို့နယ်တွေမှာလည်း စစ်ကောင်စီရဲ့လေကြောင်းရန်ကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲသေးပါဘူး။ ရခိုင်စစ်ပြေးဒုက္ခသည်တွေအခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်ပြောပြပါမယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော် မြောက်ဦး မင်းပြား မြေပုံ ပုဏ္ဏားကျွန်း ရသေ့တောင် ပေါက်တောနဲ့ ရမ်းဗြဲ မြို့နယ်တွေ ရက္ခိုင့်တပ်တော်AAက လက်ရှိမှာ သိမ်းယူထားတာပါ။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးပါဘူး။

စစ်ပြေးဒုက္ခသည်တွေဟာ လုံခြုံမယ်လို့ထင်ရတဲ့ နေရာတွေမှာ ကိုယ့်အစီအစဉ်နဲ့ တဲထိုးနေထိုင်ကြတာတွေရှိသလို၊ ပိုက်ဆံတတ်နိုင်တဲ့ သူတချို့ကတော့ အိမ်ငှားနေထိုင်တာတွေရှိတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး တာဝန်ရှိသူတဦး ကပြောပါတယ်။

“ သူတို့နေကြတာကတော့ တပေါ်လိပ်တွေမိုး၊သစ်ရွက်တွေ မိုးပြီးတော့ နေကြတာရှိ တယ်ပြီးရင် ဘယ်လိုပြောမလဲ ပိုက်ဆံရှိတဲ့သူတွေကလည်း ဓနိတွေဘာတွေ မိုးပြီးတော့ နေကြတယ်၊ ပိုက်ဆံမတတ်နိုင်တဲ့သူတွေကျတော့ ကောက်ရိုးတွေမိုးတယ်၊ သစ်ကိုင်းတွေ ချိုးပြီးတော့ မိုးကြတယ်အဆင်ပြေသလိုပေါ့။ သူတို့နေမကျရင်ပြီးရောအဲလိုပုံစံနဲ့ နေကြရ တာများတယ်။”

လက်ရှိမှာ အပူရှိန်မြင့်တက်လာတဲ့ ရာသီဥတုဒဏ်ကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရ ပိုခက်ခဲလာတယ်လို့ ကျောက်တော်မြို့နယ်တွင်း စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။

“ ကျနော်တို့ နေပူပြင်းတဲ့ အချိန်မှာတော့ ခိုစရာလည်းမရှိဘူး အဆောင်အောက်မှာ ကျင်းတူးပြီးတော့ မြေကြီးပေါ်မှာ လှဲနေရတာပဲ၊ပူတဲ့အချိန်မှာ ဒါကအတော်အခက် အခဲရှိတယ်၊ နေ့လည်ပိုင်းတွေမှာ နေစရာမရှိတော့ ကျင်းထဲမှာပဲ နေရတာပါ။ ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ ရှိတဲ့ တဲတွေကတော့ အပေါ်က သံဖြူနဲ့ တာပေါ်လိပ်ဆိုတော့ အပူချိန်က တော်တော်လေးပြင်းတယ်၊ မနေနိုင်ဘူး နေဖို့ထိုင်ဖို့ အတော်အခက်အခဲဖြစ်နေတယ်။”

ရခိုင်ပြည်နယ်မှာ ဧပြီလ ဒုတိယအပတ် ၁ဝရက်အတွင်း အမြင့်ဆုံးအပူချိန် ၉၂ဒီဂရီဖာရင် ဟိုက်နဲ့ အနိမ့်ဆုံးအပူချိန် ၇၅ဒီဂရီဖာရင်ဟိုက်အထိရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာလက်ရှိအချိန်ထိ ကုန်စည်စီးဆင်းမှုတွေပြတ်တောက်နေတာကြောင့် ကုန်စျေးနှုန်းတွေလည်းမြင့်တက်နေသလို စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့မှု တွေနည်းပါးတာကြောင့် ဒုက္ခသည်တွေစခန်းတွေမှာ စားနပ်ရိက္ခာတွေလည်း အခက်ကြုံနေ ရတယ်လို့ ဒုက္ခသည်က ပြောပါတယ်။

“ အခက်အခဲတော့ အများကြီးရှိတာပေါ့ ကျနော်တို့ ဘေးပတ်ဝန်းကျင်ကလည်း လှူတာတန်းတာလည်းမရှိဘူး၊ ကျနော်တို့ ကိုယ်ထူကိုယ်ထ တောတောင်းတွေကို သွားပြီးတော့ ဝါးခုတ်တယ် ထင်းခုတ်တယ်၊ ဒီလို အလုပ်လုပ်ပြီးတော့ မလောက်မငှစားနေရတယ်၊ ကုန်စျေးကလည်း ကြီးတာနဲ့ စားရတာ လုံးဝအဆင်မပြေပါဘူးခင်ဗျာ။”

ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတချို့ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ငွေသားတချို့ ထောက်ပံ့တာတချို့ရှိပေမယ့် လစဉ်ပုံမှန်မရရှိကြသလို ကုန်စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် မလုံလောက်ဘူးလို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

လက်ရှိတို်က်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာလည်း နှစ်ဘက်အပြန်အ လှန်ပိတ်ဆို့မှုတွေကြောင့် မြို့ပေါ် စားနပ်ရိက္ခာပြတ်တောက်နေပါတယ်။ ကျောက်ဖြူမြို့ နယ်ဆိုရင်လည်း ပိတ်ဆို့မှုတွေကြောင့် မြို့တွင်း ဆန်ရိက္ခာရှားပါးနေသလို ကုန်ပစ္စည်းပြတ်လပ်တာတွေလည်း ကြုံနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်က အမ်းနဲ့ ဘူးသီးတောင် မောင်တော စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AAကြား နှစ်ဘက်တို်က်ပွဲပြင်းထန်နေပါတယ်။ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်က ဒေသခံတွေအနေနဲ့ ရတဲ့နည်းလမ်းနဲ့AAထိန်းချုပ်နယ်မြေတွေကိုသွားနေကြဖို့ ရက္ခိုင့်တပ်တော်AA ၁၅နှစ်ပြည့်မှာ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုတိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG