ဒီနေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ တလတာ ဥပုသ်စောင့်ကြတဲ့ သန့်ရှင်းတဲ့ ရာမဒန် လအဆုံးသတ်တဲ့ Eid ပွဲတော်ကို ကမ္ဘာတ၀ှမ်းက မူစလင်တွေ ဆင်နွှဲခဲ့ကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ စီးရီးယားနိုင်ငံက မူစလင် ၃ သောင်းကျော်ဟာ အိမ်နီးချင်း တူရကီနယ်စပ်ကို ဖြတ်ပြီး အဲဒီမှာရှိတဲ့ ဆွေမျိုးသားချင်းတွေကို အပြန်အလှန် နှုတ်ခွန်းဆက်ခဲ့ကြပါတယ်။
ဆော်ဒီအာရေးဗီးယား နိုင်ငံမှာတော့ ဘာသာရေး ခေါင်းဆောင်တွေက အစ္စလာမ်ရဲ့ ဆုံးမ သွန်သင်ချက်တွေကို လိုက်နာဖို့နဲ့ မကောင်းမှုတွေကို ရှောင်းရှားဖို့ တိုက်တွန်း ပြောဆိုတာကို အစ္စလာမ်ဘာသာဝင်တွေ စုဝေးခဲ့ကြပါတယ်။
ဒီ Eid ပွဲတော် အထိမ်းအမှတ်အဖြစ် အမေရိကန် သမ္မတ ဘရက်အိုဘားမားက ကမ္ဘာတ၀ှမ်းက မူစလင်တွေကို ဆုမွန်ကောင်း ပို့သကြောင်း မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောကြားခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ သမ္မတ အိုဘားမားက ရာမဒန် လဟာ မူစလင်တွေနဲ့ တခြား ဘာသာဝင်တို့ရဲ့ ယုံကြည် တန်ဖိုးထားမှုတွေကို အာရုံစိုက်ပြီး မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ဆင်ခြင်တဲ့ အချိန် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အထူးသဖြင့် ဒီနှစ် Eid နေ့မှာ ဘာသာရေးဆိုင်ရာ သည်းခံနိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြန်လည် စဉ်းစားဆင်ချင်ဖို့ အရေးကြီး တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခုလိုချိန်ခါမျိုးမှာ ပါကစ္စတန်က ရေဘေးဒဏ်သင့်နေသူ သန်းပေါင်းများစွာကိုလည်း ကမ္ဘာတ၀ှမ်းက ပြည်သူတွေ သတိရနေကြမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကတော့ ဒီ Eid ပွဲတော်နေ့အတွက် အထူး မိန့်ခွန်းပြောရာမှာ အစ္စရေးဟာ ပါလက်စတိုင်းကို ဖိနှိပ်တယ်ဆိုပြီး ဝေဖန်ပစ်တင်ခဲ့ပါတယ်။ ပါလက်စတိုင်းကို ဖိနှိပ်ရာမှာ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေလည်း ပါတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။