အီရတ်တပ်ဖွဲ့တွေက Ramadi မြို့ရဲ့ အဓိက အစိုးရ အဆောက်ဦးတွေရှိတဲ့ ဝန်းကြီးကို ထိန်းချုပ် ထားလိုက်နိုင်ပြီဖြစ်ကြောင်း အီရတ် စစ်ဖက်တပ်မှူးတွေကပြောပါတယ်။ ထွက်ပြေးသွားကြတဲ့ IS စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေ ချန်ထားခဲ့တဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေကို စစ်အင်ဂျင်နီယာ တပ်ဖွဲ့တွေက လိုက်လံရှင်းလင်း နေတယ်လို့ ပြောပါတယ်။
တနင်္ဂနွေနေ့နှောင်းပိုင်း အထိ အီရတ် တပ်ဖွဲ့တွေဟာ လုံး၀ အောင်နိုင်ပြီလို့ မကြေညာနိုင်သေးပါဘူး။ တမြို့လုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်း တိုက်ခိုက်နေတဲ့နေရာမှာ အသေခံဗုံးခွဲသူတွေ၊ မိုင်းတွေ၊ လက်ဖြောင့် တပ်သားတွေ ကြောင့် အဟန့်အတားတွေ ဖြစ်နေရတယ်လို့ အီရတ် စစ်ဆင်ရေး အကြီးအကဲက AP သတင်းဌာနကိုပြောပါတယ်။
IS အစွန်းရောက်တွေဟာ မြို့ရဲ့ လေးပုံ သုံးပုံကို ထိန်းချုပ်ထားဆဲဖြစ်ပြီး တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေဆဲ ရှိတယ်လို့ တပ်မှူးတွေက ပြောပါတယ်။
ညပိုင်းရောက်လာချိန်မှာတော့ Baghdad မြို့ရဲ့ အနောက်ဖက် ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ Ramadi မြို့ထဲမှာ အရပ်သားတွေ ဘယ်လောက် ရှိနေကြသေးသလဲ ဆိုတာ သည်းသည်းကွဲကွဲ မသိရပါဘူး။ စောစောပိုင်းတုန်းကတော့ မြို့သူမြို့သားအများစုကို အနီးနားမှာ ရှိတဲ့ ဆေးရုံမှာ ခိုလှုံဖို့ ရွှေ့ထားပေးပြီးပြီလို့ အီရတ် ပြောရေးဆိုခွင့် ရှိသူတဦးကပြောပါတယ်။
တနင်္ဂနွေနေ့တနေ့လုံးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု ဘယ်လောက်ရှိတယ်ဆိုတာ ခိုင်လုံတဲ့ သတင်းမရရှိသေးပါဘူး။ Baghdad မှာ ရှိတဲ့ ကျန်းမာရေးဌာန သတင်းရင်းမြစ် တခုကတော့ တနင်္ဂနွေနေ့ တရက်ထဲတင် အီရတ်တပ်ဖွဲ့ဝင် ၉၀ ကျော်လောက် ထိခိုက်ဒဏ်ရာ ရရှိထားပြီး ဆေးရုံတင်ထားရတယ်လို့ ပြင်သစ် သတင်းဌာနကို ပြောဆိုပါတယ်။