သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ramadi ကို IS လက်က ပြန်သိမ်းယူဖို့ပြင်ဆင်


အီရတ်နိုင်ငံမှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ Ramadi မြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ အစိုးရဘက်က ထိုးစစ်ပြန်ဆင်နိုင်တဲ့ အနေအထားမှာ Shia ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ Ramadi မြို့အပြင်မှာ ဒီကနေ့ စုဝေးရောက်ရှိနေကြပါတယ်။

အရင်လတုန်းက Tikrit မြို့ကို ပြန်သိမ်းယူတဲ့ တိုက်ပွဲအတွင်းမှာလည်း ဒီပြည်သူ့စစ်တပ်ဖွဲ့တွေပဲ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတပ်ဖွဲ့တွေဘက်က ဝင်တိုက်ပေးတာ ဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ IS တွေ Baghdad မြို့တော်ဘက်ကို မြောက်ဘက်ကနေ ဆက်မတက်နိုင်အောင် တားနိုင်ခဲ့ပြီး အခုတော့ မြို့အနောက်ပိုင်းကနေ Baghdad မြို့ဘက်ကို ထွက်မသွားနိုင်ဖို့ အာရုံစိုက် တားဆီးမှာဖြစ်ပါတယ်။

ရက်အတော်ကြာ တိုက်ပွဲတွေဖြစ်နေခဲ့ပြီး Ramadi မြို့ကို IS တို့ သိမ်းပိုက်ပြီးတဲ့နောက်မှာ အစိုးရစစ်သား ၂၈ ဦးကို ကယ်တင်တဲ့ ဗွီဒီယိုကို အီရတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လိုက်ပါတယ်။ Ramadi မြို့က IS တွေ ဝင်သိမ်းတော့ အစိုးရစစ်သားတွေ မြို့ကနေ ထွက်ခွာခဲ့ကြရပြီး၊ ဝန်ကြီးချုပ် Haider al-Abadi ကလည်း Shia ပြည်သူ့စစ်တပ်ဖွဲ့တွေ အစိုးရဘက်ကနေ ဝိုင်းကူ တိုက်ပေးကြဖို့ အကူအညီ တောင်းခဲ့ရပါတယ်။

ဒီ အီရတ်နိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကို အမြဲမပြတ် သတင်းပေးနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒီမြို့ကို ပြန်သိမ်းဖို့ အီရတ်အစိုးရရဲ့ ကြိုးပမ်းမှုကို အမေရိကန်က ထောက်ခံကြောင်းလည်း အိမ်ဖြူတော်ပြောခွင့်ရသူ Eric Shultz က ဆိုပါတယ်။

အဲဒီမြို့ကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့ကစလို့ ညွန့်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း အဲဒီဒေသကို လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၃၂ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ IS တွေ Ramadi မြို့ကို ရသွားတာဟာ ဒေသခံတွေအတွက် အတော့်ကို ထိခိုက်နစ်နာမှု ဖြစ်စေတယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Martin Dempsey က ပြောပါတယ်။

XS
SM
MD
LG