သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် ဦးစားပေးဖို့ Ramon Magsaysay ဆုရှင်တွေတိုက်တွန်း


Ramon Magsaysay ဆုရှင်များ
Ramon Magsaysay ဆုရှင်များ

လူထုအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် လွတ်လပ်တဲ့ သတင်းစီးဆင်းမှု ရှိဖို့နဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရဖို့လိုတယ်လို့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကပြောပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်အတွက် Ramon Magsaysay ဆု ချီးမြှင့်ခံရသူတွေထဲမှာ တဦးအပါအဝင် ဖြစ်ပြီး ဆုကို လက်ခံရယူဖို့အတွက် တခြား ဆုရှင်တွေနဲ့အတူ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ရောက်နေပါပြီ။ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း Ramon Magsaysay ဆုရှင်တွေရဲ့ ပြောဆိုချက်တွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြပါမယ်။

ကိုဆွေဝင်းဟာ Ramon Magsaysay ဆု ချီးမြှင့်ခံရတဲ့ ခုနစ်ဦးမြောက် မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ သူဟာ လွတ်လပ်ပြီး ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီတဲ့ လူမှုဘဝတွေအကြောင်း ထဲထဲဝင်ဝင် ဖော်ထုတ် ရေးသားတဲ့ စာနယ်ဇင်းပညာကို လက်ကိုင်ပြုပြီး တရားမျှတမှုနဲ့ အမှန်တရားကို ရှာဖွေရာမှာ မဆုတ်မနစ် ကြိုးပမ်းခဲ့သူ ဖြစ်တာကြောင့် ဒီဆုကိုချီးမြှင့်တာလို့ Ramon Magsaysay ဆု ဖောင်ဒေးရှင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သတင်းစီးဆင်းမှု မလွတ်လပ်ဘဲ မှန်ကန်တဲ့ သတင်းအချက်အလက်မရဘဲ အထူးသဖြင့် ရွေးကောက်ပွဲကာလတွေအတွင်း လူ့အဖွဲ့အစည်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဘာမှမသိရဘူးဆိုရင် လူထုအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လို ချမှတ်နိုင်မှာလဲလို့ မနီလာမြို့တော်မှာ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ကိုဆွေဝင်းက မေးခွန်းထုတ်ထားပါတယ်။

ကိုဆွေဝင်း ။ ။ “အဲဒီလိုဖြစ်နေရင် နိုင်ငံရေးစနစ်မှာ လူထုက ဘယ်လိုများ ပါဝင် လုပ်ဆောင်နိုင်မှာပါလဲ။ ဒါကြောင့် စာနယ်ဇင်း ပညာဟာ ဒီနေရာမှာ တကယ်တမ်း အရေးအကြီးဆုံးလို့ ကျနော် ထင်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာသာမက တခြား နိုင်ငံအများအပြားက အာဏာရှင်တွေဟာ သတင်းမီဒီယာကို ဖိနှိပ်ထားချင်ပြီး ဝါဒဖြန့်ချိတာတွေကိုပဲ လူထုကို ပေးချင်ကြတာပါ။ ဒါမှသာ လူထုကို ဇဝေဇဝါဖြစ်အောင် လုပ်နိုင်ပြီး မှားယွင်းတဲ့ လမ်းကြောင်းပေါ် ဆွဲခေါ်သွားနိုင်မှာကြောင့်ပါပဲ။”

ကိုဆွေဝင်းနဲ့အတူ ဒီနှစ် ဆုချီးမြှင့်ခံရသူတွေကတော့ ဖိလစ်ပိုင်နိုင်ငံက ဂီတပညာရှင် Ryan Cayabyab တောင်ကိုရီးယားနိုင်ငံ က အနိုင်ကျင့်မှုတိုက်ဖျက်ရေး လှုံ့ဆော်စည်းရုံးသူ Kim Jong-Ki ၊ အိန္ဒိယနိုင်ငံက ရုပ်သံသတင်းတင်ဆက်သူ Ravish Kumar ၊ ထိုင်းနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ Angkhana Neelapaijit တို့ ဖြစ်ပါတယ်။

Kim Jong-Ki ဟာ သူ့ရဲ့ သားဖြစ်သူ အနိုင်ကျင့်ခံရတာကြောင့် ကိုယ့််ကိုယ်ကို သတ်သေသွားပြီးတဲ့နောက် တောင်ကိုရီးယား ကျောင်းတွေမှာ အနိုင်ကျင့်တာနဲ့ အကြမ်းပတမ်းလုပ်ရပ်တွေ ပပျောက်ရေး ဦးတည်လုပ်ဆောင်တဲ့ အဖွဲ့အစည်းတခုကို တည်ထောင်ခဲ့သူပါ။

Kim Jong-Ki ။ ။ “ပထမတော့ ဘယ်သူကမှ ကျနော်တို့ပြောတာကို နားမထောင်တာကြောင့် သိပ်ကိုခက်ခဲခဲ့ပါတယ်။ ကျနော်တို့ လှုပ်ရှားမှုမှာ ဘယ်သူမှပါမလာပါဘူး။ သတင်း မီဒီယာအားလုံးနဲ့ ကျနော်တွေ့ဆုံပြီး ကျောင်းတွေမှာ ဖြစ်ပျက်နေတာတွေက ဘယ်လောက်တောင် ဆိုးနေတယ်ဆိုတာ သေသေချာချာပြောပြတော့မှပဲ အစိုးရက နားထောင်လာပြီး အပြောင်းအလဲ ဖြစ်လာတာပါ။”

အိန္ဒိယ ရုပ်သံသတင်းတင်ဆက်သူ Ravish Kumar ဟာ အစိုးရရဲ့ ဆင်ဆာလုပ်မှု ပပျောက်ရေး သူ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် အသိအမှတ်ပြုခံရသူပါ။

Ravish Kumar ။ ။ “စိတ်မသက်မသာ ဖြစ်စရာ ဘယ်လို ကိစ္စကိုမဆို ကြားရဖို့ အဆင်သင့် ရှိနေသင့်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် တော့ ခင်ဗျားဟာ ဒီမိုကရေစီလိုလားသူ မဟုတ်ပါဘူး။ မကြားရသေးခင်၊ မဖတ်ရသေးခင်၊ မကြည့်ရသေးခင်မှာ သတ်မှတ်ချက် တွေထားမယ်ဆိုရင်လည်း ခင်ဗျားဟာ ကောင်းမွန်တဲ့ နိုင်ငံသား တဦး မဟုတ်ပါဘူး။ ဒါကြောင့် ဆင်ဆာလုပ်တာက အဖြေမဟုတ်ပါဘူး။ ဘယ်လိုပုံစံမျိုးနဲ့မှ ရှိမနေသင့်ပေမယ့် ဝမ်းနည်းစရာက ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေတာပါပဲ။”

နောက်ထပ်ဆုရှင်တဦးဖြစ်တဲ့ Angkhana Neelapaijit ကတော့ ထိုင်းနိုင်ငံ၊ လူ့အခွင့်အရေးကော်မရှင်မင်းကြီးဟောင်း၊ လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူ ဖြစ်ပါတယ်။ သီးခြားခွဲထွက်ရေး လက်နက်ကိုင်ပုန်ကန်နေတဲ့ ထိုင်းတောင်ပိုင်းက အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို အဓိက အာရုံစိုက်လုပ်ဆောင်တဲ့ အဖွဲ့အစည်း တခုကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

Angkhana Neelapaijit ။ ။ “လူ့အခွင့်အရေးကို ကာကွယ်သူအများစု၊ အထူးသဖြင့် သူတို့ဟာ အမျိုးသမီးတွေဆိုရင် ဆိုးရွားတဲ့ နှောင့်ယှက်ခြိမ်းခြောက်မှုတွေနဲ့ ကြုံကြရပါတယ်။ လူ့အခွင့်အရေးကာကွယ်သူ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပို ဘေးကြုံကြရပြီး တကယ်လုပ်နေတဲ့သူ အများစုက အမျိုးသမီးတွေပါ။ သူတို့ရဲ့ သဘာဝအရင်းအမြစ်တွေ၊ သဘာဝပတ်ဝန်းကျင် စတာတွေကို ကာကွယ်ဖို့ကြိုးစားရင်း အတော်များများ အသတ်ခံခဲ့ကြရပါတယ်။”

၁၉၅၇ နှစ်မှာ စတင်ခဲ့တဲ့ Ramon Magsaysay ဆုကို အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားပြောဆိုကြပါတယ်။ မြန်မာနိုင်ငံသား တွေထဲ ဒီဆုကိုရထားတဲ့ တခြားသူတွေကတော့ ၁၉၅၉ ခုနှစ်မှာ သတင်းစာဆရာ ဦးလောရုံနဲ့ ပရဟိတအလှူရှင် ဒေါ်တီတီလုစ်၊ ၂၀၀၂ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်၊ ၂၀၀၉ ခုနှစ်မှာ ကရင်တက်ကြွလှုပ်ရှားသူ ကဆောဝါး၊ ၂၀၁၃ ခုနှစ်မှာ မေတ္တာဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း တည်ထောင်သူ ကချင်အမျိုးသမီး လဖိုင်ဆိုင်းရော်၊ ၂၀၁၅ ခုနှစ်မှာ နာရေးကူညီမှုအသင်း တည်ထောင်သူ ဦးကျော်သူတို့ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုပေးပွဲကို မနီလာမြို့တော်မှာ စက်တင်ဘာလ ၉ ရက်၊ တနင်္လာနေ့ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG