သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican အမတ် Rand Paul ၂၀၁၆ သမ္မတရွေးကောက်ပွဲဝင်မည်


အမေရိကန် အထက်လွှတ်တော်အမတ် Rand Paul ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ Republican ပါတီဘက်က ဝင်ရောက်အရွေးချယ်ခံဖို့ ကြိုးပမ်းမယ်လို့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

အသက် ၅၂ နှစ်အရွယ် Rand Paul ဟာ အခုလို ဝင်ရောက်ရွေးချယ်ခံမှုကို သူရဲ့ဝပ်ဆိုဒ်မှာ ကြေညာခဲ့ပြီးတဲ့နောက် အလယ်တောင်ပိုင်းပြည်နယ် Kentucky မှာ သူ့အပေါ်ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေး ချယ်လှယ်မှုမှာ ကင်းဝေးအောင် လုပ်ဆောင်မယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

သူဟာ Kentucky ပြည်နယ်ရဲ့ ပထမသက်တမ်း အထက်လွှတ်တော်အမတ်အဖြစ် မကြာခင်ကမှ ရွေးကောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ Rand Paul ဟာ Republican ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံဖို့ ကြိုးပမ်းဖို့ ကြေညာခဲ့တဲ့ ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ပထမကြေညာခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ Texas ပြည်နယ်က အထက်လွှတ်တော်အမတ် Ted Cruz ဖြစ်ပါတယ်။

နောက်ထပ် Republican သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံဖို့ ကြေညာမယ့် အလားအလာရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ Florida ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Jeb Bush၊ Wisconsin ပြည်နယ်အုပ်ချုပ်ရေးမှူး Scott Walker နဲ့ Florida ပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio တို့ ဖြစ်ကြပါတယ်။

ဒီမိုကရက်ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံဖို့ အလားအလာရှိသူ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကတော့ သူရဲ့သဘောထားကို ဒီလနှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာဖို့ ရှိပါတယ်။

XS
SM
MD
LG