သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ ဆတိုးတဲ့ မီတာခ ရန်ကုန်လူထုဆန္ဒပြ


ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးရှေ့ ဆန္ဒပြနေကြစဉ်။ (သတင်းဓာတ်ပုံ အောင်ရဲမောင်မောင်)
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးရှေ့ ဆန္ဒပြနေကြစဉ်။ (သတင်းဓာတ်ပုံ အောင်ရဲမောင်မောင်)
လျှပ်စစ်မီတာခတွေ ရုတ်တရက်တိုးမြှင့် သတ်မှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ တက်ကြွလှုပ်ရှားသူတွေ ရန်ကုန်မြို့မှာ ဒုတိယနေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြကြပါတယ်။ မီတာခတွေ ၂ ဆလောက် တိုးလိုက်တဲ့ အပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ဆန္ဒပြကန့်ကွက်မှုတွေလည်း ထွက်ပေါ်လာတာပါ။ ရန်ကုန်မြို့က လျှပ်စစ်မီတာခ လျှော့ပေးရေး တောင်းဆို ခဲ့ကြတာကိုတော့ ဆန္ဒပြပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ရန်ကုန်မြို့က ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် ကအပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့တုန်းကလည်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့သလို ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာလည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးရှေ့မှာ လူပေါင်း ၁၀၀ နီးပါးလောက်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ပြည်သူတွေ သဘောမတူဘဲ တိုးမြင့်လိုက်တဲ့ ဓာတ်အားသုံးစွဲခကို ပြန်ပြီး လျော့ချပေးဖို့ နဲ့ ဓာတ်အားခတွေ မလျော့ မပေးမခြင်း ဆန္ဒထုတ်ဖော်မှုတွေ တောက်လျောက်လုပ်သွားမယ်လို့လည်း ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ ပြည်သူတစ်ဦး ဖြစ်တဲ့ ကိုကျော်နေဝင်းက ပြောပါတယ်။

"မီတာခကို လျှော့မပေးမချင်းကို ကျနော်တို့က တောက်လျှောက်ဆန္ဒပြနေမှာပဲ။ နေ့တိုင်းလိုပြနေမယ်။ ဒီမီတာခကို လျှော့ချပေးမယ်လို့ ကျနော်တို့ကို တရားဝင်ကြေငြာမှ ပြည်သူကို အသိပေးမှ ဒီကိစ္စကို ကျနော်တို့ကရပ်မှာပါ ခင်ဗျ"

ပြည်သူတွေ ရဲ့ သဘောဆန္ဒ မပါဘဲ လျှပ်စစ်မီတာခတွေ တိုးမြင့်တာဟာ အာဏာရှင်ဆန်တဲ့ အပြုအမှု ဖြစ်တယ်လို့ လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပြီး မကြာခင်မှာပဲ ပြည်သူတွေက ဆန္ဒထုတ်ဖော်မှု တောက်လျောက်ဖြစ်လာခဲ့တာပါ။
လက်ရှိတိုးမြင့်လိုက်တဲ့ မီတာခတွေကြောင့် အခြေခံပြည်သူတွေမှာ မီတာ တိုးမြင့်တဲ့ စရိတ်တွေအပြင် အခြေခံကုန်ဈေးနှုန်းတက်တာနဲ့ လည်း ရင်ဆိုင်လာရတော့မယ်လိုက ကြည့်မြင်တိုင် မြို့နယ်နေထိုင်သူ အမျိုးသမီး တစ်ဦးကပြောပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့တုန်းက ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်အပြီးမှာတော့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဦးအောင်ခိုင် က ဆန္ဒထုတ်ဖော်တဲ့ သူတွေဟာ ပြည်သူတွေကို ကိုယ်စားမပြုဘူးလို့ ပြောဆိုခဲ့တဲ့ ကိစ္စကို လည်း ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပွဲ မှာ ပြည်သူတွေက အခုလို တုန့်ပြန်ခဲ့ပါတယ်။

"သူ မနေ့ကပြောလိုက်တဲ့ အပြည့်အစုံကတော့ ဒီလူတွေဟာ တမင်တကာ ဆူပူအောင်လှုံ့ဆော်တဲ့ ပုံစံမျိုးပေါ့။ ဒါပြည်သူ့ကို ကိုယ်စားပြုတဲ့သူတွေ မဟုတ်ပါဘူး။ တကယ်လို့သာ ပြည်သူ့ကိုယ်စားပြုသူတွေသာဆိုရင် သူက ကျနော်တို့ကို သူ ရှိခိုးလိုက်မယ်လို့ပြောပါတယ်ခင်ဗျ။ ကျနော်က ဒီအပေါ်မှာ သုံးသပ်ချင်တာကတော့ ကျနော်ဟာ ပြည်သူကိုကိုယ်စားမပြုဘူးဆိုရင် သူနဲ့ကျနော်နဲ့ ပြည်သူ့ဆန္ဒကို ခံယူတဲ့ပွဲတစ်ခုကို ကျင်းပမယ်။ တကယ်လို့ ကျနော်ရှုံးခဲ့တယ်ဆိုရင် ကျနော့်ဇက်ကို လည်စင်းခံပေးမယ်။ ကျနော်အသေခံပေးမယ်။ တကယ်လို့သာ သူရှုံးခဲ့မယ်ဆိုရင် သူရာထူးက နှုတ်ထွက်ပေးရဲသလားဆိုတာကျနော်ပြောကြားချင်ပါတယ်"

ပထမနေ့ဆန္ဒထုတ်ဖော်မှုတွေ အပြီးမှာတော့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ နေရာမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ကျော်တံတား ရဲစခန်းမှာ အမှုဖွင့် အရေးယူခဲ့ပါတယ်။
ရဲစခန်း မှာ အမှု ဖွင့်ခံရချိန်မှာ ရဲစခန်းက ရဲအရာရှိအချို့ကလည်း အခုလို မီတာ ခတွေ တိုးမြင့်တာကို သူတို့ အနေနဲ့ လည်း သဘောမတူဘူးလို့ တက်ကြွလှုပ်ရှားသူတွေကို ပြောဆိုခဲ့တဲ့ အကြောင်း ဆန္ဒထုတ်ဖော်မှု မှာပါဝင်ခဲ့တဲ့ ကိုအောင်သိန်းမင်းကပြောပါတယ်။

"အဲဒီတော့ ကျနော်တို့မိသားစုတွေကို ပြန်ပြီးပေးရတဲ့အခါမှာ သူတို့မှာလည်း ဒီလို လျှပ်စစ်မီတာခ သုံးတာတွေ မီတာခတွေ ပေါင်းအိုးနဲ့ထမင်းချက်တာတွေ ဟော့ပ်ပလိပ် သုံးတာတွေ ကို ရတဲ့လခနဲ့ မလုံလောက်ဘဲ ကျနော်တို့နှစ်ဆတိုးပြီးပေးဆောင်ရမယ်။ အဲဒီအတွက်လည်း ကျနော်တို့အတွက်လည်း အတော်ကို ဒုက္ခရောက်ပါတယ်။ ကျနော်တို့တွေက ခင်ဗျားတို့လို မပြောရဲလို့ပါဗျာတဲ့။ ကျနော်တို့ကိုယ်စားတောင်းဆိုနေတာလည်းသိပါတယ်။ ကျေးလည်းကျေးဇူးတင်ပါတယ်တဲ့။ ဒါပေမယ့် ကျနော်တို့အခုလို အရေးယူတာကိုတော့ နားလည်ပေးပါတဲ့။ ကျနော်တို့လည်းမလုပ်ချင်ပါဘူးတဲ့။ ညွန်ကြားချက်တွေကြောင့်လုပ်ရတာပါလို့ သူတို့ ကျနော်တို့ကို ပြန်ပြောပြကြတယ်။ အဲဒီ အတွက်လည်းကျနော်နာမည်တွေ ထုတ်မပြောချင်ပါဘူး။ ဝန်ထမ်းတွေအတွက်လည်း အတော်စိတ်မကောင်းဖြစ်ရတယ်။ ဒီနေ့ဒုက္ခဟာ ကျနော်တို့ ပြည်သူတွေတင်မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ထမ်းတွေကော တပ်မတော်သားတွေကော နိုင်ငံဝန်ထမ်းတွေကော အားလုံးခံစားနေရတဲ့ ဒုက္ခဖြစ်တဲ့အတွက် ပြည်သူကို ငဲ့ငှါသနားသောအားဖြင့် ယနေ့လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံခြင်းကို အမြန်ဆုံးရပ်ဆိုင်းပေးပါလို့ ပြည်သူ့ကိုယ်စားတောင်းဆိုနေရခြင်းဖြစ်ပါတယ်။"

လျှပ်စစ်မီတာခတွေ က ယခင်က တစ်ယူနစ်ကို ကျပ် ၃၅ နှုန်းနဲ့ကောက်ခံခဲ့ရကနေ လက်ရှိအချိန်မှာတော့ မီတာယူနစ် ၁၀၀ ကျော်သုံးတဲ့ သူတွေကို တစ်ယူနစ် ကျပ် ၅၀ နဲ့ နိုဝင်ဘာလ ဓာတ်အားအသုံးပြုတဲ့ စရင်းမှာ ထည့်သွင်း ကောက်ခံတော့မှာ ဖြစ်ပါတယ်။
မီတာခ လျော်ကျရေးနဲ့ ပတ်သက်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေဟာညနေ ၆ နာရီ ကနေ ၈ နာရီထိ မြေနီကုန်း မြို့နယ် ကနေ အလုံမြို့နယ် ထိ ခွင့်ပြုမိန့်မပါဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၈ ရက်နေ့ မှာတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်ကနေ စတင် ပြီး စီးတန်း လှည့်လည် လမ်းလျောက်မယ်ဆိုပြီးတော့ လည်း တရားဝင် ကြေညာသွားခဲ့ပါတယ်။
XS
SM
MD
LG