သုံးရလွယ်ကူစေသည့် Link များ

သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှု ကန့်ကွက်ဆန္ဒပြ


မြန်မာသတင်းမီဒီယာသမားတွေ သတင်းလွတ်လပ်ခွင့်ရရေး ရန်ကုန်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။
သတင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ပေးဖို့နဲ့ သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်ကန့်သတ်တာတွေ ချက်ခြင်း ရပ်တန့်ဖို့ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းသမားတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် ပေးထားတယ်လို့ ပြောနေပေမဲ့ လက်တွေ့မှာ အစိုးရပိုင်းက သတင်းမီဒီယာအပေါ် တဘက်လှည့်နဲ့ ထိန်းချုပ်တာတွေ ရှိနေတုန်းပဲဆိုပြီး သတင်းမီဒီယာသမား ၁၅၀ လောက် စုဝေး ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကို ဆန္ဒပြပွဲ ကိုယ်တိုင်သွားရောက် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံက သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်မှုတွေ ရှိခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့် ပေးတယ်ဆိုပြီး သတင်းမီဒီယာအပေါ် တင်းကျပ်ခဲ့တာတွေကို ဖြေလျှော့ခဲ့တယ်ဆိုပေမဲ့လည်း သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရသလို သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေသေးတဲ့အတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သတင်းမီဒီယာသမား ၁၅၀ လောက်ဟာ ခွင့်ပြုချက်ရယူပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

မနက် ၉ နာရီလောက်မှာ စတင်ခဲ့တဲ့ မီဒီယာသမားတွေရဲ့ ဆန္ဒထုတ်ဖော်မှုဟာ ရန်ကုန်မြို့ မြို့တော်ခန်းမနဲ့ ဆူးလေဘုရားရှေ့ကနေ စတင်ထွက်ခွာခဲ့ပြီးတော့ ဆန္ဒထုတ်ဖော်သူတွေဟာ “သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု ချက်ချင်းရပ်၊ လွတ်လပ်စွာ သတင်းရယူခွင့်သည် ဒီမိုကရေစီ၏ အသက်ဖြစ်သည်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကို တွေ့ရပါတယ်။

“ဆန္ဒပြကြွေးကြော်သံများ”

ဇန်န၀ါရီလ ၇ ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကွန်ရက်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော် ဆန္ဒထုတ်ဖော်မှု အစီအစဉ် အသေးစိတ်ကို ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒီနေ့ခရီးစဉ်ကတော့ ဒီမှာ ကျနော်တို့စုပြီးတော့ နည်းနည်း ဒီဆန္ဒပြရတဲ့အကြောင်းအရင်းကို ရှင်းပြမယ်။ ကျနော်တို့ ဒီကနေ ဆူးလေဘုရားလမ်းအတိုင်း သွားပြီးတော့ ရွှေဂုံတိုင်၊ ရွှေဂုံတိုင်ကနေ Eleven ရုံးကို ၀င်မယ်ပေါ့နော်။ အဲ့ဒီမှာ အဆုံးသတ်မှာပါ။ ထွက်မယ့်မြို့နယ် အားလုံး ၅ မြို့နယ်၊ အစကနေ အဆုံးထိ ၅ မြို့နယ်။ မြို့နယ်တွေကတော့ ကျောက်တံတားရယ်၊ ဒဂုံရယ်၊ မင်္ဂလာတောင်ညွန့်ရယ်၊ တာမွေ၊ ဗဟန်း။”

ဆန္ဒထုတ်ဖော်တဲ့ထဲမှာ မကြာသေးခင်ရက်ပိုင်းအတွင်းကပဲ Eleven နေ့စဉ်ထုတ် သတင်းစာရဲ့ ကယားပြည်နယ်အခြေစိုက် သတင်းထောက် ထောင်ဒဏ် ချမှတ်ခြင်းခံရတာဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးစေသလို အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စပေါ် ပြန်လည် စဉ်းစား သုံးသပ်ပေးဖို့ကိုလည်း ဆန္ဒထုတ်ဖော်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ စစ်အစိုးရလက်ထက်က ရှိခဲ့တဲ့ စာပေစိစစ်ရေးရုံးနဲ့ ဆင်ဆာ စနစ်ကို ပယ်ဖျက်ပေးခဲ့ပေမဲ့၊ အစိုးရကိုဝေဖန်တဲ့ ဆောင်းပါးတွေနဲ့ အရင်အစိုးရရဲ့ လုပ်ရပ်တွေကို ပြန်လည် ဖော်ထုတ်ရေးသားတဲ့ သတင်းနဲ့ ဆောင်းပါးတွေ ပါရှိရင်တော့ ခေါ်ယူ သတိပေးတာမျိုးတွေ ရှိနေသေးတယ်လို့လည်း မြန်မာနိုင်ငံ သတင်းမီဒီယာလောက သတင်းသမားတွေက ပြောဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရ လက်ထက်ကရှိခဲ့တဲ့ မှတ်ပုံတင်စနစ်ကိုလည်း လက်ရှိအချိန်မှာ ကျင့်သုံးနေဆဲဖြစ်ပြီးတော့ သတင်းသမားတွေအပေါ်မှာ တဖက်သတ်ဆန်တဲ့ ဖိနှိပ်မှုတွေ အစိုးရက လုပ်နေဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် လုံးဝရပြီလို့ မပြောနိုင်သေးတဲ့အကြောင်း မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း MJA ရဲ့ ဒုဥက္ကဌ ဦးသီဟစော က ပြောပါတယ်။

“သူတို့ ဒီမှတ်ပုံတင်ကို ကိုင်ပြီးတော့ ထိန်းချုပ်ထားတာ၊ ပြီးလို့ရှိရင် သတင်းသမားတွေကို အရေးယူစရာရှိရင် ဥပဒေနဲ့အရေးယူတာ ဒါတွေက ဘာမှလျော့သွားတာ မရှိဘူး။ ဥပမာ - တချို့ဆိုရင် ဂျာနယ်တစောင်ခေါ်ပြီးတော့ ပြည်ထဲရေးကနေ ခေါ်ပြောတယ်။ သတိပေးတာ ဘာညာပေါ့နော်။ အဲ့ဒါမျိုးတွေက ရှင်းရှင်းပြောရရင် အရင်ဥပဒေအောက်မှာလုပ်တဲ့ ပုံစံတွေအတိုင်းပဲ။ အဲ့တော့ လွတ်လပ်ခွင့်က လိုသေးတယ်ထင်တယ်။”

အစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ပေးဖို့ ဆန္ဒမရှိတဲ့အတွက် သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေသာမက အခြားရာဇ၀တ်မှုနဲ့ဆိုင်တဲ့ ဥပဒေတွေကိုပါ အသုံးချပြီးတော့ သတင်းမီဒီယာအပေါ်မှာ ထိန်းချုပ်နေတာမျိုးတွေကိုလည်း မြင်တွေ့ရတယ်လို့ ဦးသီဟစောက ပြောပါတယ်။

“အရင်ကဆိုရင် ရှိနေတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေကို လိုင်စင်သိမ်းတာတို့ ရပ်ဆိုင်းတာတို့ ဒါမျိုး လုပ်လို့ရတဲ့ ဥပဒေရှိတယ်ဆိုတာကို ခေါ်ပြီးတော့ ခြိမ်းခြောက်လို့ရတယ်။ မရဘူးဆိုရင် တခြားရှိပြီးသားဥပဒေပေါ့ ပုဒ်မ ၅၀၀ တို့၊ ၅၀၅ တို့နဲ့ အရေးယူတာမျိုးပေါ့။ အဲ့ဒါမျိုးတွေက သူတို့မှာ control mindset ရှိနေသမျှ ကာလပတ်လုံးပေါ့ ဒါမျိုးတွေကတော့ လုပ်နေမှာပဲလေ။”

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ကတော့ ဇန်န၀ါရီလအတွင်း ပြည်သူအပေါ် ပြောဆိုထားတဲ့ မိန့်ခွန်းမှာတော့ သူ့အစိုးရသက်တမ်းအတွင်းမှာ သတင်းမီဒီယာတွေပေါ်မှာသာမက အင်တာနက်ပေါ်မှာ အစိုးရအပေါ် လွတ်လွတ်လပ်လပ် ဝေဖန် ပြောဆိုတာတွေ လုပ်နိုင်တဲ့အထိ ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လောကအတွင်း ပြန်ကြားရေးက ရေးဆွဲထားတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေအပေါ်မှာ သတင်းသမားအချို့က လက်မခံနိုင်တဲ့ အချက်တွေ ရှိနေတယ်ဆိုပြီးတော့ ကန့်ကွက်ပြောဆိုနေသလို၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲတဲ့ သတင်းမီဒီယာ ဥပဒေကိုလည်း ပြန်ကြားရေးက တဖက်သတ် လွှတ်တော်မရောက်ခင် ပြင်ဆင်မှုတွေ လုပ်တယ်ဆိုပြီးတော့လည်း အငြင်းပွားမှုတွေ ရှိနေတာပါ။

ဒီကနေ့ မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီထိ လုပ်ခဲ့တဲ့ဆန္ဒပြပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့လည်း လာရောက်ပြီး ဆန္ဒထုတ်ဖော်တဲ့ သတင်းသမားတွေကို တွေ့ဆုံအားပေးတာတွေ လုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
XS
SM
MD
LG