သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလီဖိုးနီးယား မြန်မာစားသောက်ဆိုင်ပိုင်ရှင် ဒေါ်လာ ၄သန်း ဒဏ်ကြေးချခံရ


Rangoon Ruby ပိုင်ရှင် တဦးဖြစ်တဲ့ Max Lee (ဓါတ်ပုံ- Rangoon Ruby)
Rangoon Ruby ပိုင်ရှင် တဦးဖြစ်တဲ့ Max Lee (ဓါတ်ပုံ- Rangoon Ruby)

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို Bay ဧရိယာက နာမည်ကြီး မြန်မာစားသောက်ဆိုင်ဖြစ်တဲ့ Rangoon Ruby ဟာ ဆိုင်ဝန်ထမ်း ၃၀၀ နီးပါးအတွက် ရသင့်တဲ့လစာမပေးတာကြောင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ သန်း လျော်ကြေး ပေးဆောင်ဖို့ သဘောတူညီခဲ့ကြောင်း ကာလီဖိုးနီးယားပြည်နယ် အလုပ်သမားကော်မရှင်နာရုံးက ပြီးခဲ့တဲ့ သတင်းပတ်ကုန်မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်ဥပဒေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ခွဲခြားမှုမရှိပဲ တရားမျှတမှုရှိအောင် ဆောင်ရွက်နိုင်တဲ့ ကြီးမားတဲ့ အောင်မြင်မှုတခုဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေ Palyn Hung Mitchell က ဗွီအိုအေကို ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။

Rangoon Ruby မြန်မာစားသောက်ဆိုင် ပိုင်ရှင်တွေ လျော်ကြေးပေးဆောင်ရမယ့် ဒေါ်လာ ၄ သန်းထဲမှာ လခမရတဲ့ ဝန်ထမ်း ၃၀၀နီးပါးဟာ လစာတွေ အပြည့်အ၀ ပြန်ပြီး ရကြမှာဖြစ်သလို နစ်နာကြေးလည်း ရကြမှာဖြစ်ပါတယ်။ ဒါဟာ တရားမျှတမှုအတွက် တကယ့်ကိုကြီးမားတဲ့ အောင်မြင်မှုရလာဒ်ဖြစ်တယ်လို့ ဆန်ဖရန်စစ္စကို အခြေစိုက် ALC- Asian Law Caucus ဥပဒေရေးရာအဖွဲ့က အလုပ်သမားတွေရဲ့ အကျိုးဆောင် အမျိုးသမီးရှေ့နေ Palyn Hung Mitchell က ဗွီအိုအေကို အခုလိုပြောပါတယ်။

"တကယ့်အောင်မြင်မှုကြီးပါပဲ။ အလုပ်ရှင်တွေဘက်ကလည်း ဥပဒေနဲ့အညီ လစာပေးတာတွေကို အရင်လိုမဟုတ်ပဲ နာရီနဲ့ ပေးလာတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတာကို မြင်ရတဲ့အတွက်လည်း ကျမတို့ ကျေနပ်ပါတယ်။ နောက်ပြီးတော့ အလုပ်သမားတွေနဲ့ မိသားစုတွေအတွက် အလွန်ကြီးမားတဲ့ အောင်ပွဲဖြစ်ပြီး ပြန်ရမယ့် လျော်ကြေးငွေတွေဟာ သူတို့တွေရဲ့ ဘဝတွေကို အောင်မြင်တဲ့ အပြောင်းအလဲ ဖြစ်စေမှာပါ။"

ဒါအပြင် လျော်ကြေးငွေ ဒေါ်လာ ၄ သန်းထဲက ၁.၆ သန်းဟာ အလုပ်သမားတွေရဲ့ အချိန်ပိုလုပ်ခကြေးငွေ သက်သက်အတွက်ပေးဖို့ အလုပ်ရှင်တွေဘက်က သဘောတူခဲ့ရတာဟာ အလုပ်ရှင် အလုပ်သမားကြား လျော်ကြေးသဘောတူညီတဲ့ ငွေပမာဏ အရဆိုရင်လည်း အများဆုံးဖြစ်တယ်လို့လည်း Palyn Hung Mitchell ကပြောပါတယ်။

"လျော်ကြေး ဒေါ်လာ ၄ သန်းထဲက ၁.၆ သန်းကို အချိန်ပိုလုပ်ခကြေးငွေအဖြစ် အလုပ်သမားတွေကို ပေးဖို့ အလုပ်ရှင်က သဘောတူခဲ့တာဟာ အလုပ်ရှင် အလုပ်သမားညှိုနှိုင်းကြေလည်တဲ့ ပုံစံအမျိုးမျိုးရှိတဲ့အထဲမှာ အများဆုံးငွေကြေးပမာဏဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပြီး အလုပ်လုပ်ကိုင်နေသူ မည်သူမဆို အလုပ်သမားဥပဒေနဲ့အညီ ခံစားပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း ဒီအောင်မြင်မှုက သက်သေပြလိုက်တာဖြစ်တယ်လို့လည်း Palyn Hung Mitchell ကဆိုပါတယ်။

"ကာလီဖိုးနီးယားပြည်နယ်မှာရော ဖယ်ဒရယ် တခုလုံးမှာပါ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အလုပ်သမားဥပဒေက တန်းတူ အကာအကွယ်ပေးထားပါတယ်။ Work Authorization နဲ့ပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ်၊ ဘယ်လို ပြည်ဝင်ခွင့်ဗီဇာ ပုံစံမျိုးစုံနဲ့ပဲဖြစ်ဖြစ် အလုပ်လုပ်နေသူမှန်သမျှ အလုပ်သမားဥပဒေအရ အကျိုးခံစားပိုင်ခွင့်ရှိပါတယ်။"

ရှေ့နေ Palyn Hung Mitchell ဟာ Rangoon Ruby စားသောက်ဆိုင်တွေရဲ့စားဖိုဆောင်မှာ လုပ်ကြတဲ့ ဝန်ထမ်းစုစုပေါင်း ၁၇ ဦးရဲ့ အမှုကို ကိုယ်စားပြု လိုက်ပါ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ သူတို့ ၁၇ ဦးကပဲ Rangoon Ruby စားသောက်ဆိုင် ပိုင်ရှင်တွေက သူတို့ကို လစာမပေးတဲ့ အမှုကို ၂၀၁၇ခုနှစ် စက်တင်ဘာလမှာ ALC ဥပဒေအကျိုးဆောင်အဖွဲ့ကို စတင်ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကို ဘေးဧရိယာတဝိုက်က Palo Alto, San Francisco, San Carlos, Burlingame, Belmont က Rangoon Ruby ဆိုင်ခွဲ ငါးဆိုင်နဲ့ Palo Alto က Burma Ruby Burmese Cuisine ဆိုင်ခွဲတခု အပါအဝင် စုစုပေါင်း ဆိုင်ခွဲ ခြောက်ဆိုင်မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဟာ ရသင့်တဲ့ လစာကို မရရှိခဲ့ကြဘူးလို့ အကျိုးဆောင်ရှေ့နေအဖွဲ့က ပြောပါတယ်။ ဒီအမှုကို ALC အဖွဲ့ကနေ ကာလီဖိုးနီးယားပြည်နယ် အလုပ်သမားကော်မရှင်နာ ဥပဒေရေးရာဗျုရိုကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အလုပ်ကို အချိန်အကြာကြီးလုပ်ကြရပြီး အလုပ်ချိန်မတိုင်ခင် ကတည်းက လာပြီး အလုပ်လုပ်ဖို့ အလုပ်ရှင်က လှမ်းခေါ်တဲ့ အမိန့်ကို တသွေမတိမ်းလိုက်နာရသလို၊ အဲဒီအတွက်လည်း အချိန်ပိုလုပ်ခကြေးငွေမရကြဘူးလို့ ဆိုပါတယ်။ Rangoon Ruby စားသောက်ဆိုင်ခွဲတွေ နာမည်ကြီးတာကြောင့် Bay Area တဝိုက် ဖုန်း app တွေကနေ လှမ်းမှာတဲ့ အစားအသောက်တွေအတွက်လည်း ဝန်ထမ်းတွေ အချိန်ပို ဆင်းကြရပေမဲ့ အဲဒီအတွက်လည်း လစာမရဘူးလို့ ဝန်ထမ်းတွေက တိုင်ကြားကြောင်း ALC အကျိုးဆောင်ရှေ့နေအဖွဲ့က ပြောပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကတော့ သူပေးထားတဲ့ လစာထဲမှာ အလုပ်အတွက် ၂၄ နာရီအဆင်သင့်ရှိနေဖို့ အပါအဝင်၊ အချိန်ပိုအတွက်ပါ ထည့်သွင်းထားပြီးပြီ ဖြစ်တယ်လို့ သူတို့ကို ပြန်ပြီးပြောကြောင်း ဝန်ထမ်းတွေက ရှေ့နေတွေကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့် ကာလီဖိုနီးယားပြည်နယ်ဥပဒေအရ လုပ်ခကို တလချင်းအလိုက် သတ်မှတ်ထားတယ်ဆိုရင် အချိန်ပိုလုပ်ရတဲ့ ဝန်ထမ်းတွေတွက် လစာအပြင် အချိန်ပိုအတွက် အခကြေးငွေ ထပ်ပြီး ပေးရမှာ ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။ Rangoon Ruby စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေဟာ နာမကျန်းဖြစ်လို့ ဆရာဝန်နဲ့တွေ့ဖို့လိုအပ်နေတာတောင် ပိုင်ရှင်က ခွင့်မပြုဘူးလို့ ဆိုပါတယ်။ Sai Leng ဆိုတဲ့ ဝန်ထမ်းဆိုရင် သူနာမကျန်းဖြစ်လို့ ခွင့်ယူတာကို လက်မခံပဲ အလုပ်မလာလို့ ဆိုပြီး ပိုက်ဆံမရတဲ့အပြင် နေပြန်ကောင်းချိန်မှာ သူပျက်ထားတဲ့ ရက်တွေ ပေါင်းပြီး အစားပြန်ဆင်းရကြောင်း ALC အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ပြည်နယ်ဥပဒေအရဆိုရင် အလုပ်ရှင်တွေအနေနဲ့ ကိုယ်ရဲ့ အလုပ်သမားတွေကို သူတို့ အလုပ်ချိန် နာရီ ၃၀ မှာ တနာရီ နေထိုင်မကောင်းတဲ့ခွင့်အဖြစ် ခွင့် ပြုရမယ်လို့ ပြဌာန်းထားတဲ့အတွက် Rangoon Ruby ပိုင်ရှင်တွေဟာ ဥပဒေကို ချိုးဖောက်တာထင်ရှားတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

အနိမ့်ဆုံးလစာတွေ မပေးတာ၊ အချိန်ပိုလုပ်ခကြေး မပေးတာ၊ နာမကျန်းတဲ့အတွက် ခွင့်ရက် မပေးတာ၊ လစာပေးတဲ့နှုန်းဖေါ်ပြချက်တွေမှာ တိကျမှန်ကန်မှုမရှိတာ စတာတွေအပြင် နစ်နာကြေး ပေးဆောင်ရမှာ စတဲ့အမှုတွေအတွက် ALC ဥပဒေအကျိုးဆောင်အဖွဲ့ကနေ Rangoon Ruby စားသောက်ဆိုင်ပိုင်ရှင်တွေကို တရားစွဲဆိုထားတာကို BOFE ကာလီဖိုနီးယားပြည်နယ် အလုပ်သမားကော်မရှင်နာ ဥပဒေရေးရာဗျူရိုက စတင်စစ်ဆေးချိန်မှာပဲ တရားရုံးမှာ အပြန်အလှန်ရင်ဆိုင်ရမယ့် အခြေအနေထိ မစောင့်တော့ပဲ ပိုင်ရှင်တွေဘက်က အမှုကို ကြေအေးဖို့ သူတို့ဘက်က လျော်ကြေး ပေးဆောင်မယ်လို့ ဆုံးဖြတ်ချက် အမြန်ချခဲ့တာဖြစ်တယ်လို့ ALC အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဆန်ဖရန်စစ္စကို Bay Area တဝိုက် Rangoon Ruby Investment LLC နဲ့ Burma Ruby Investment LLC နာမည်နဲ့ Rangoon Ruby ဆိုင်ခွဲပေါင်း ခြောက်ဆိုင်ဖွင့်လှစ်ထားပြီး ပိုင်ရှင်တွေကတော့ ကိုတင်အေး ခေါ် John Lee နဲ့ Max Lee တို့ဖြစ်ပါတယ်။ Max Lee ကိုယ်တိုင်လည်း Rangoon Ruby ရဲ့ စားဖိုမှူးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG