သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဗုံးကွဲ တစ်ဦးသေ


ရန်ကုန်ဗုံးကွဲ တစ်ဦးသေ
ရန်ကုန်ဗုံးကွဲ တစ်ဦးသေ

ရန်ကုန်မြို့ ကမာရွတ်လမ်းဆုံ လှည်တန်းမီးပွင့်နားက အများသုံး သန့်စင်ခန်းတခုမှာ ဒီနေ့ မနက် ဗုံးကွဲမှု တခုဖြစ်ခဲ့တာကြောင့် အမျိုးသမီး တဦးသေဆုံးပြီးတော့ အနဲဆုံး တစ်ယောက် ဒဏ်ရာရသွားပါတယ်။ ဗုံးကွဲပြီး မကြာခင်မှာ အဲဒီနေရာတဝိုက်ကို လုံခြုံရေး တင်းကြပ်ခဲ့ပြီး အခုတော့ ပုံမှန် ပြန်ဖြစ်နေပြီလို့ ရန်ကုန် မြို့ခံတွေက ပြောပါတယ်။ အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီနေမနက် ၁၁ နာရီ ကျော်ကျော်လောက်မှာ တက္ကသိုလ် ရိပ်သာလမ်းနဲ့ ပြည်လမ်းဒေါင့်မှာရှိတဲ့ အများသုံး သန့်စင်ခန်းတခုမှာ ဗုံးပေါက်ကွဲခဲ့တာပါ။ ရန်ကုန်တက္ကသိုလ်ဝင်းနဲ့ ဆက်နေတဲ့ အများသုံး အဆင့်မြင့် အိမ်သာဖြစ်ပါတယ်။ ဗုံးကွဲမှုကြောင့် အမျိုးသမီးတယောက် သေဆုံးသွားခဲ့ပြီး နောက်ထပ် အမျိုးသမီး တယောက် ဒဏ်ရာရသွားခဲ့ပါတယ်။ ဗုံးကွဲတဲ့နေရာကိုသွားကြည့်ခဲ့သူ ပြောပြတာကတော့ -

"၁၁ နာရီ ၅ မိနစ်လောက်က ဗုံးကွဲတာ။ သူက သန့်စင်ခန်းမှာ ပေါက်တာ။ အိမ်သာမှာ ပေါက်တာ။ ပိုက်ဆံကောက်တဲ့ ကောင်မလေး သေသွားတာ။ မြစန်းရီတဲ့ နံမည်က။ အနားမှာရှိတဲ့ သတင်းတွေ၊ မီဒီယာတွေ ဘာတွေ ပြောတာကတော့ ဒီ အထုပ်ကို တယောက်က ထားသွားတယ်။ အဲဒီ ထားသွားပြီး စားပွဲပေါ်ကနေပြီးတော့ ၁၁ နာရီ ၅ မိနစ်လောက်မှာ ထကွဲတာလို့ ပြေတယ် ခင်ဗျ။"

ဗုံးကွဲပြီးတဲ့နောက် မြင်ရတဲ့ အခြေအနေကိုလဲ သူက ခုလို ပြောပြပါတယ်။

"မြင်တာဆိုလို့ရှိရင်၊ ဒီ အိမ်သာကြီးက အမိုးတွေဘာတွေ အကုန် စုတ်ပြတ်သတ်သွားတာ။ နံရံတွေ ဘာတွေကတော့ သိပ်မဖြစ်ဘူး။ နဲနဲ ပါးပါးလောက်ကလေးပဲ ထိတယ်။ ကျန်တာကတော့ အကုန်လုံး ဒီအတိုင်းပဲပေါ့နော်။ ခေါင်မိုးတွေ ဘာတွေကတော့ အကုန်လုံး စုတ်ပြတ် ထွက်သွားတာပဲ။ သွပ်တွေ ဘာတွေကို လှန်သွားတာပဲ။ စစ ၃ ချပ်လောက်ကတော့ အပြင်ဖက်ကတွေ ဘာတွေကို လွှင့်စင် ကျသွားတာ။ လူတွေလည်း အများကြီးပဲ ကြည့်နေတယ်။ သတင်းထောက်တွေရော။"


ဗုံးကွဲပြီးတဲ့နောက်မှာ အခင်းဖြစ်တဲ့ နေရာကို စစ်ဆေးတဲ့အခါ နောက်ထပ် ဗုံးတွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမဲ့ ကမာရွတ်မြို့နယ်မှုးရုံးက မဟုတ်ပါဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ ကမာရွတ် ရဲစခန်းကတော့ ပြောပိုင်ခွင့် မရှိပါဘူးဆိုပြီး ဗုံးကွဲတာကိုတောင် အတည်ပြုချက် မပေးပါဘူး။ ဗုံးကျွမ်းကျင်သူတွေလာပြီး စစ်ဆေးမှုတွေ လုပ်တာကိုတော့ သွားကြည့်တဲ့သူတွေ မြင်ခဲ့ရပါတယ်။

"ပထမပိုင်း ရောက်တဲ့အချိန်က သူတို့ ဒီ ဗုံးက ဘယ်လောက် ပြင်းအားရှိသလဲ ဘာလဲ ဖောက်ခွဲရေးတပ်က လာပြီးတော့ စုံစမ်းရေးတွေ လုပ်တယ်ပေါ့။ စစ်ဆေးရေးတွေ ဘာတွေ ညာတွေ အကုန်လုံး လုပ်သွားတယ်။ တော်တော် ပြင်းတယ်လို့ပဲ ဒါလောက်ပဲ ပြောတယ်။ ကျန်တာတော့ ဘာမှ မပြောဘူး။ ဖြစ်ခါစကတော့ ရဲတွေရော၊ မီးသတ်ကားတွေရော၊ ကြက်ခြေနီကားတွေရော ရှိတယ်။ တနာရီခွဲလောက်မှာ ပုံမှန်အတိုင်း အကုန်လုံး ပြန်ဖြစ်သွားပြီ။ လမ်းကတော့ ရှင်းသွားတယ်။"


ဒီကနေ့ ဗုံးကွဲမှုနဲ့ ပါတ်သက်လို့ ဘယ်အဖွဲ့ကမှတော့ တာဝန်ခံ ပြောကြားခြင်း မရှိသေးပါဘူး။ နိုဝင်ဘာ လလယ်တုန်းကလဲ မြစ်ကြီးနားမြို့မှာ ဗုံးပေါက်ကွဲလို့ ကလေး ၁၀ ယောက်ကျော် သေဆုံးခဲ့ပါတယ်။ တခါ ဇွန်လထဲမှာလည်း နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေမှာ တချိန်တည်းနီးပါး ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။

မေလမှာတုန်းကတော့ နေပြည်တော်ခရိုင် တပ်ကုန်းမြို့နယ်ထဲက ရွှေမြို့နှင့် ဆင်သေ ဘူတာကြားမှာ ဗုံးကွဲခဲ့လို့ ၂ ယောက်သေဆုံးခဲ့ပါတယ်။ မဟာာမဲခေါင် ဒေသခွဲနိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ထိပ်သီးစည်းဝေးပွဲ နေပြည်တော်မှာ ကျင်းပခဲ့ပြီး နောက်တရက်မှာပဲ ရန်ကုန်မှာ ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG