သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရနောင်းဆိပ်ကမ်း ထိုင်း တိုးချဲ့မည်


Ranong
Ranong

ထိုင်းနိုင်ငံ ရနောင်းမြို့ဆိမ်ကမ်းမှာ လုပ်ငန်းများပိုတွင်ကျယ်အောင် အခြေခံအဆောက်အအုံတွေ ထပ်မံဆောက်လုပ်သွားဖို့ ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဥ်နေပါတယ်။ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ တဘက်ကမ်း ရနောင်းမြို့မှာ အခုရက်ပိုင်းတွေအတွင်း သွင်းကုန် ထုတ်ကုန် ပမာဏ ပိုပြီးများပြားလာတာကြောင့် အခုလို လုပ်ငန်း တိုးချဲ့ဖို့ ထိုင်းနိုင်ငံက စီစဥ်လာတာပါ။ ရနောင်းဆိပ်ကမ်းမှာ ကွန်တိန်နာတွေထားဖို့ နေရာနဲ့ ဝန်ချီစက်တွေ၊ ရုံးအဆောက်အဦးတွေ တိုးချဲ့သွားဖို့ စီစဥ်နေပါတယ်။

မြန်မာနိုင်ငံ မြဝတီနဲ့ တာချီလိတ်ဒေသတွင်းက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အကြီးအကျယ် နှိမ်နင်းနေတာကြောင့် နယ်မြေ မငြိမ်မသက် ဖြစ်နေချိန်မှာ ရနောင်းဆိပ်ကမ်းကနေ ကုန်စည်စီးဆင်းမှု ပိုများလာတယ်လို့ ထိုင်း ဒုတိယ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး Manaporn Charoensri က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဒီကနေ့ မတ်လ ၉ ရက် နေ့စွဲနဲ့ ဖေါ်ပြထားပါတယ်။

မဲဆောက်-မြဝတီနဲ့ ချင်းရိုင်-တာချီလိတ် လမ်းကြောင်းကနေ ထုတ်ကုန်သွင်းကုန်တွေ ပို့ဆောင်ရာမှာ ကုန်လမ်းသာ အသုံးပြုတာဖြစ်ပေမယ့် အခုအခါ ရနောင်း ရေကြောင်းလမ်းကနေ ပြောင်းလဲတင်ပို့နေတာလို့လည်း Charoensri က ပြောပါတယ်။ ထိုင်းတောင်ပိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ရနောင်းဆိပ်ကမ်းဟာ အရေးပါလာနိုင်ပြီး ဒါဟာ ကပ္ပလီပင်လယ် ကမ်းရိုးတမ်းတလျှောက် လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ အခွင့်အလမ်းကောင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရနောင်းဆိပ်ကမ်း အာဏာပိုင်အဖွဲ့ညွှန်ချုပ် Kriengkrai Chaisiriwongsuk က ဇန်နဝါရီ ၂၀၂၄ ခုနှစ်ကနေစလို့ အထူးသဖြင့် တိရိစ္ဆာန်ကျွေးတဲ့ ပြောင်းဆံခြောက်နဲ့ ဘိလပ်မြေ အပါအဝင် သွင်းကုန်ထုတ်ကုန် ပမာဏာ တက်လာတယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၂၀၂၃ ကနေ စက်တင်္ဘာ ၂၀၂၄ ခုနှစ်အတွင်း ကုန်တင်သင်္ဘော ၂၈၁ စင်း ရနောင်းဆိပ်ကမ်းမှ ဆိုက်ကပ်ခဲ့ပြီး ဒါဟာ အဲဒီနှစ် မတိုင်ခင်နှစ်ကထက်စာရင် ၆၉ ရာခိုင်နှုန်း ပိုများလာတာပါ။ အခု ၂၀၂၅ ခုနှစ် ပထမလပတ်ထဲမှာတင် ကုန်တင်သင်္ဘော ၆၁ စင်း ဆိုက်ကပ်တာကြောင့် ဒီပမာဏဟာ ၉၁ ရာခိုင်နှုန်း ပိုများလာတာလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG