သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရာဇဝတ်ခုံရုံးက အလိုရှိသူ မလာဒစ်ရှ် ဖမ်းမိပြီ


ရတ်ကို မလာဒစ်ရှ်။
ရတ်ကို မလာဒစ်ရှ်။

ယူဂိုဆလားဘီးယားနိုင်ငံ နှစ်ခြမ်းကွဲသွားပြီးနောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း တာဝန်ထမ်းခဲ့တဲ့ ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့တွေရဲ့ တပ်မှူးဟောင်း စစ်ရာဇဝတ်မှုနဲ့ အလိုရှိနေသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးမိပြီလို့ ဆာဘီးယား သမ္မတ ဘောရစ်စ် တာဒစ်ရှ် (Boris Tadic) က ကြေညာသွားပါတယ်။

မစ္စတာ မလာဒစ်ရှ်ကို ဆာဘီးယား နိုင်ငံထဲမှာ ဖမ်းဆီးမိတယ်၊ သူ့ကို ကုလသမဂ္ဂ စစ်ရာဇဝတ်မှု ရုံးဆီကို လွှဲပြောင်းပေးအပ်ဖို့ စတင် လုပ်ဆောင်နေပြီလို့လည်း သမ္မတက ပြောပါတယ်။

ဆာဘီးယားဟာ သူ့ရဲ့ မကြာခင်ကမှ ရှိခဲ့တဲ့ သမိုင်းထဲမှာ နောက်စာမျက်နှာတခုကို ပိတ်လိုက်နိုင်ပြီ၊ နိုင်ငံမှာ အပြည့်အ၀ ပြန်လည် ပေါင်းစည်းရေး ဖြစ်ပေါ်ဖို့ တလှမ်းပိုပြီး နီးကပ်သွားပြီလို့လည်း သမ္မတက ဆိုပါတယ်။

အသက် ၆၉ နှစ်အရွယ် စစ်ခေါင်းဆောင်ဟောင်းကို ရှာတွေ့ဖို့ ဘာကြောင့်များ ဒီလောက် အချိန်တွေ အများကြီး ကြာခဲ့ရလဲ ဆိုတာအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့လည်း သမ္မတက ကတိပေးပါတယ်။ သမ္မတ ဘောရစ်စ် တာဒစ်ရှ်က …

“ဆာဘီးယားနိုင်ငံက The Hague မြို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့လို့ ဝရမ်းပြေး မလာဒစ်ရှ်ကို အခုလို လက်ရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မဟာဗျူဟာနဲ့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြသူတွေ အားလုံးက သူ့ကို အမိအရ ဖမ်းနိုင်လိမ့်မယ် ဆိုတာကို အစဉ်အမြဲ ယုံကြည်ခဲ့ကြတာပါ။”

ယူဂိုဆလားဘီးယား နိုင်ငံဟောင်းမှာ ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ အထူးခုံရုံးက ဘော့စနီးယားနိုင်ငံ ဆာရာယေဗို (Sarajevo) မြို့ကို ဝင်စီးထားတဲ့ ၃ နှစ်တာ ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေနဲ့ ဘော့စနီးယားနွယ်ဖွား မွတ်ဆလင် အမျိုးသားနဲ့ ကောင်လေး ၈,၀၀၀ ကို သတ်ဖြတ်ခဲ့တာအတွက် သူ့ကို တရားစွဲခဲ့တာပါ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေထဲမှာ အဲဒီ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုက အဆိုးရွားဆုံးပြစ်မှု ဖြစ်ပါတယ်။

ဘော့စနီးယားစစ်ပွဲ ပြီးသွားတဲ့ နောက်မှာတော့ စစ်ရာဇဝတ်မှုနဲ့ တရားစွဲခံရပြီး လွတ်မြောက်နေတဲ့ အဓိကပုဂ္ဂိုလ် ၃ ဦး ရှိရာမှာ မစ္စတာ မလာဒစ်ရှ်က တယောက်အပါအဝင် ဖြစ်ပါတယ်။

XS
SM
MD
LG