သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆားဘီးယား ဗိုလ်ချုပ်ဟောင်း မလာဒစ်ရှ်ကို တရားရုံးမှ ဆွဲထုတ်


ဆားဘီးယား ဗိုလ်ချုပ်ဟောင်း မလာဒစ်ရှ်ကို တရားရုံးမှ ဆွဲထုတ်

ဘော့စ်နီးယား ဆာ့ဘ် စစ်တပ် အကြီးအကဲဟောင်း ရတ်ကို မလာဒစ်ရှ် (Ratko Mladic) အပေါ်တင်တဲ့ စွဲချက်တွေကို the Hague မှာရှိတဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုခုံရုံး တရားသူကြီးက အသိပေး ပြောပြနေချိန်မှာ မစ္စတာ မလာဒစ်ရှ်က နားမထောင်ဘဲ အနှောင့်အယှက် ပေးနေတဲ့အတွက် တရားခွင်ကနေ နှင်ထုတ်ခံခဲ့ရပါတယ်။

တရားခွင်ကနေ မစ္စတာ မလာဒစ်ရှ်ကို ခေါ်ထုတ်သွားဖို့ ကုလသမဂ္ဂ လုံခြုံရေး အရာရှိတွေကို အမိန့်ပေးခဲ့ပြီးနောက်မှာ တရားခွင် အကြီးအကဲ တရားသူကြီးက စွဲချက်ပေါင်း ၁၁ ခုအတွက် အသက် ၆၉ နှစ်အရွယ် မစ္စတာ မလာဒစ်ရှ်က အပြစ်မရှိကြောင်း ထုချေမယ်လို့ မှတ်ယူ ဆုံးဖြတ်ခဲ့ပါတယ်။

အရင် ဘော့စ်နီးယားနဲ့ ဟာဇီဂိုးဗီးနား အရှေ့ပိုင်းမှာရှိတဲ့ ဆာဘရန်နီဆာ (Srebrenica) မြို့မှာ ၁၉၉၅ ခုနှစ်တုန်းက မွတ်ဆလင် အမျိုးသားနဲ့ ယောက်ျားလေး ၈,၀၀၀ လောက်ကို သတ်ဖြတ်မှုအတွက် မစ္စတာ မလာဒစ်ရှ်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲထားတာဖြစ်ပြီး တနင်္လာနေ့က ဒုတိယအကြိမ် ရုံးထုတ်တာ ဖြစ်ပါတယ်။

ဆာဘရန်နီဆာက သတ်ဖြတ်မှုဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးဆုံး လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပါတယ်။

၁၆ နှစ်ကြာ ပုန်းခိုနေတဲ့ မလာဒစ်ရှ်ကို မေလမှာ ဖမ်းမိခဲ့တာပါ။ သူရွေးချယ်တဲ့ ရှေ့နေတွေကို ခုံရုံး တာဝန်ရှိသူတွေက အတည်ပြု မပေးတဲ့အတွက် အမှုစစ်ဆေးမှုကို သပိတ်မှောက်မယ်လို့ မလာဒစ်ရှ်က ခြိမ်းခြောက်ခဲ့ပါတယ်။ တနင်္လာနေ့ကတော့ တရားခွင်ကို လာခဲ့ပေမဲ့ တရားသူကြီး ပြောတာကို နားမထောင်ဘဲ အကြိမ်ကြိမ် ကြားဖြတ် ပြန်ပြောခဲ့တာပါ။

သူ့အပေါ် စွဲဆိုချက်တွေကို ကြားနာဖို့ အသင့်ဖြစ်ပြီလားလို့ တရားသူကြီးက မေးတဲ့အခါ မစ္စတာ မလာဒစ်ရှ်က လုပ်ချင်တာသာ လုပ်ပါလို့ ပြန်ပြောခဲ့ပါတယ်။ တရားသူကြီးက စွဲချက်တွေကို ပြောပြချိန်မှာတော့ သူ့ကို လာပြောပြမနေနဲ့လို့ ထပ်ခါထပ်ခါ အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG