သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိုက်ဦးနယ်ဘက်မှာ ကြွက်တွေ နေရာရွှေ့


ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ကောင်ရေ ထောင်ပေါင်းများစွာရှိတဲ့ ကြွက်တွေ နေရာရွှေ့ပြောင်းတာကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တွေ့ကြရတယ်လို့ ဒေသခံတွေနဲ့ မျက်မြင်သက်တွေက ပြောကြပါတယ်။

လက်ရှိက အဲဒီဒေသဘက်မှာ စပါးမစိုက်ရသေးတဲ့အတွက် ဖျက်ဆီးခံရတာတွေ မရှိပေမဲ့ ဒီလိုဖြစ်ရပ်မျိုး အရင်က မရှိခဲ့ဘူးတာကြောင့် ဒေသခံတွေအတွက် အထူးအဆန်း ဖြစ်နေပါတယ်။ ဒီအခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ဒိုက်ဦးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု တဝိုက်မှာ ဒီရက်ပိုင်းအတွင်း မြေကြွက်ဝမ်းဖြူတွေ ညဘက်ဆိုရင် အုပ်လိုက်ထွက်တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီကြွက်အုပ်တွေကို ပြီးခဲ့တဲ့ အပတ်ထဲမှာ စတင်တွေ့ရတာဖြစ်ပြီး အဲဒီအနီးတဝိုက်မှာပဲ အုပ်လိုက် ရွှေ့နေကြတယ်လို့ သိရပါတယ်။

ဒိုက်ဦးမြို့နယ်က လယ်သမားတယောက်က စပါးမစိုက်ရသေးတဲ့အတွက် အပျက်အစီးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

“ဟုတ်တယ်၊ ဒိုက်ဦးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ တဧကကွင်းပေါ့၊ အဲဒီမှာ ညဘက် ညဘက်ဆို တအားဖြစ်နေတယ်။ ဘာကြောင့် ကျပြီး ဘယ်လိုဖြစ်မှန်း မသိဘူး။ တော်တော်များတာမှ ထောင်ပေါင်း၊ သောင်းပေါင်းလောက်ရှိတယ်။ အခုကတော့ ဖျက်ဆီးစရာတော့ မရှိသေးဘူးပေါ့လေ။ ကျနော်တို့ လယ်သမားတွေ စိုက်မှမစိုက်ရသေးတာ။ ကျနော်တို့မှာက နှိမ်နင်းစရာဆိုလို့ ဘာမှမရှိဘူးလေ။ ဖျက်ဆီးစရာကလည်း စပါးမစိုက်ရသေးဘူး။ အခုတော့ မရွှေ့သေးဘူး၊ အဲဒီနားတဝိုက်မှာပဲ။ ညဘက်ဆို အုပ်လိုက်၊ အုပ်လိုက်ထွက်ပြီး လျှောက်သွားနေတာပဲ။ ကြွက်ကတော့ သေးသေးလေးတွေ၊ ဗိုက်ဖြူလေးတွေလေ။ အဲဒီနားနေတဲ့သူ တချို့ကတော့ ညဘက်ဆို ကားလမ်းမှာ လိုက်ကောက်ပြီး ချက်စားနေတာပဲ။”

ခုချိန်ထိတော့ ဒီကြွက်အုပ်တွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနက မနှိမ်နင်းသေးဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။ ကြွက်အုပ်တွေ သွားလာတဲ့နေရာဟာ ရန်ကုန်-နေပြည်တော် ကားလမ်းပေါ်က မိုင်တိုင်အမှတ် ၄၅ ပတ်ဝန်းကျင်မှာ ဖြစ်တာမို့ အဝေးပြေးကားတွေနဲ့ ခရီးသည်တင်ကားတွေကလည်း ကြွက်တွေကို နင်းကြိတ်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က မန္တလေးက ပြန်လာတဲ့ ဘလော်ဂါ ညီလင်းဆက်က မိုင်တိုင်အမှတ် ၄၅ အနီးတဝိုက်က ကားလမ်းမပေါ်ရော၊ လမ်းဘေးဝဲယာမှာပါ ကြွက်အုပ်တွေ ပြည့်နေတာကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့အကြောင်း သူ့ရဲ့ဘလော့မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြ ရေးသားထားပါတယ်။

မနေ့ညက ထပ်သွားကြည့်တဲ့အချိန်မှာ သိပ်မတွေ့ရတော့ဘူးလို့ ကိုညီလင်းဆက်က ပြောပါတယ်။

“တွေ့တော့တွေ့ခဲ့တယ်။ ၂၆၊ ၂၈၊ အဲဒီရက်ပိုင်းတွေက၊ ၄၅ မိုင်လောက်မှာပဲဗျ။ ဟိုတနေ့ကတော့ များတယ်၊ မနေ့ကတော့နည်းတယ်ဗျ။ ကျနော်တို့ သွားတဲ့အချိန်ကလည်း နောက်ကျသွားလို့။ ကျနော်တို့က ည ဆယ်နာရီခွဲလောက်သွားတော့ အဲဒီပေါ်မှာ သိပ်မရှိတော့ဘူး။ ဒါပေမဲ့ လမ်းဘေးတွေမှာတော့ ရှိတယ်။ အဲဒီကလူတွေ အကုန်မြင်နေရတယ်။ သွားတဲ့လူတွေလည်း အကုန်တွေ့ရတယ်၊ ခရီးသွားတဲ့ လူတွေ။”

၂၀၀၆ ခုနှစ်ကုန်ပိုင်းက ချင်းပြည်နယ်မှာ ဝါးသုဉ်းမှုကြောင့် ကြွက်အုပ်တွေ တောင်ယာခင်းတွေကို ဝင်ရောက်ဖျက်ဆီးတဲ့အတွက် ရိက္ခာရှားပါးမှုနဲ့ ကြုံခဲ့ရပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ထဲမှာလည်း နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ကြွက်အုပ်ကျလို့ စပါးစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။

XS
SM
MD
LG