အမေရိကန်နဲ့ကျူးဘားနိုင်ငံကြား နှစ်ပေါင်း (၅ဝ) လောက်ကြာ တင်းမာခဲ့တဲ့ ဆက်ဆံရေးအခြေအနေကို အဆုံးသတ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးပြန်စနိုင်အောင် ဆောင်ရွက်ပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လူကိုယ်တိုင် ကျေးဇူးတင်စကားပြောကြားဖို့အတွက် ဒီနေ့တနင်္ဂနွေနေ့မှာ ကျူးဘားသမ္မတ Raul Castro ဟာ ဗာတီကန်ကို သွားရောက်ခဲ့ပါတယ်။ Argnetina နိုင်ငံဖွား ပုပ်ရဟန်းမင်းကြီး Pope Francis နဲ့ ကျူးဘားနိုင်ငံခေါင်းဆောင်တို့ဟာ တနာရီလောက်ကြာအောင် တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာ မိခင်ဘာသာစကားဖြစ်တဲ့ စပိန်စကားနဲ့ ပြောဆိုခဲ့ကြပါတယ်။
ကမ္ဘာ့ ရိုမန်ကက်သလစ် ဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး Francis ဟာကျူးဘားနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုကြား လျို့ဝှက်စေ့စပ်ညှိနှိုင်းမှုတွေမှာ အဓိက အခန်းက ပါဝင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတွေကနေတဆင့် မနှစ်ဒီဇင်ဘာလမှာ နှစ်နိုင်ငံမြို့တော်တွေမှာ သံရုံးတွေပြန်ဖွင့်ဖို့နဲ့ စီးပွားရေး အဆက်အသွယ်တွေ ပို တိုးချဲ့ဆောင်ရွက်ဖို့အထိ ခြေလှမ်းသစ်တွေ လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ကျူးဘား နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းမှုတွေအတွက် ကိုယ်စားလှယ်တွေကို အိမ်ရှင်အဖြစ်လက်ခံပြီး စေ့စပ်မှုတွေမှာ ကိုယ်တိုင်ပါဝင်ပြီး ပထမဆုံး ဆောင်ရွက်ခဲ့သူဟာ တောင်အမေရိကနိုင်ငံကလာတဲ့ ပုပ်ရဟန်းမင်းကြီး Fransic ဖြစ်ပါတယ်လို့ ဗာတီကန်က ချီးမွမ်းပြောဆိုပါတယ်။
ကျူးဘားသမ္မတ Castro က ပုပ်ရဟန်းမင်းကြီးရဲ့ ရိုးသားနှိမ့်ချမှု၊ ဉာဏ်ပညာကြီးမားမှုနဲ့ တခြား အရည်အချင်းတွေအတွက် လေးစားဂုဏ်ပြုရုံမက သူရဲ့ ဆောင်ရွက်ချက်တွေအတွက်လည်း ကျေးဇူးတော်ကို ချီးမွမ်းပြောဆိုခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးသူတွေကို အကြင်နာ ဂရုဏာထားခဲ့တဲ့ အထိမ်းအမှတ်အဖြစ် St. Martin ပုံဖော် ထွင်းထုထားတဲ့ ဆုတံဆိပ်ကို ပုပ်ရဟန်းမင်းကြီး Fransis က သမ္မတ Castro ကို ပေးအပ်ခဲ့ပါတယ်။
ကျူးဘား သမ္မတ Castro ဟာ ဒုတိယကမ္ဘာစစ် အောင်မြင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ရုရှားသမ္မတ Vladimir Putin ဖိတ်ကြားတဲ့ ရင်ပြင်နီမှာကျင်းပတဲ့ ချီတက်ပွဲအတွက် ခရီးစဉ်အပြီးမှာ အခု ဗာတီကန်ခရီးစဉ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။၊