သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ကြေညာထားချိန် တိုက်ခိုက်မှု စွပ်စွဲချက်၊ တပ်မတော်နဲ့ RCSS/SSA အပြန်အလှန် ငြင်းဆန်


အပစ်ရပ်ကြေညာထားချိန် တိုက်ခိုက်မှု ၊ တပ်မတော် RCSS/SSA လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်သည့် ကြေညာချက်
အပစ်ရပ်ကြေညာထားချိန် တိုက်ခိုက်မှု ၊ တပ်မတော် RCSS/SSA လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်သည့် ကြေညာချက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တောင်ဘက်အခြေပြု တပ်မတော်စစ်ကြောင်းတခုကို တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS/SSA အဖွဲ့က လာရောက်ပစ်ခတ်လို့ စစ်သည်အချို့ ကျဆုံး ဒဏ်ရာရတယ်ဆိုတဲ့ တပ်မတော်ရဲ့ထုတ်ပြန်ချက်ကို RCSS ဘက်က ငြင်းလိုက်ပါတယ်။ တပ်မတော်စစ်ကြောင်းကို ပစ်ခတ်တာ သူတို့အဖွဲ့မဟုတ်ဘူးဆိုပြီး ငြင်းတာပါ။ ဒါနဲ့ပတ်သက်ပြီး တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး သွားဖို့ရှိတယ်လို့လည်း RCSS ဘက်က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

မိုင်းပန်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်း ပစ်ခတ်ခံရမှုဖြစ်စဉ်ဟာ သူတို့အဖွဲ့ရဲ့လက်ချက် မဟုတ်ဘူးလို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဦး က အခုလိုငြင်းဆိုပါတယ်။

“တကယ့်တကယ်မြေပြင်မှာကြားရတာတော့ ကျနော်တို့က တိုက်ပွဲမဖြစ်ရဘူးလို့ပြောတယ်။ PNLO က။ PNLA ပေါ့နော်။ သူတို့ကလက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ နှစ်နာရီကနေ နှစ်နာရီခွဲ။ (၅) နာရီ ကနေ (၅) နာရီ (၂၀) အထိပေါ့နော်၊ အဲဒီလိုပစ်တယ်လို့ကြားတယ်။ အခုကတဖက်သတ် ပဲဖြစ်နေ တာ။ အဲဒီပန်ပိတိုက်ပွဲဖြစ်တဲ့နေရာ ဆိုတာလေ။ ကျနော်တို့လူမရှိဘူးလို့ပြောတယ်။ ကျနော်တို့ ပစ်လို့ ဆိုပြီးတော့ သူတို့ဘက်က ဒဏ်ရာရတယ် လို့ ပြောတယ်။ ကျနော်တို့ဘက်ကတော့ ကျနော်တို့မပစ်ရဘူးလို့ အဲဒီလိုပြောတယ်။”

ကြာသာပတေးနေ့က မိုင်းပန်မြို့နယ် နောင်လေ-ပန်ပိလမ်းအကြား ပစ်ခတ်ခံရမှုကြောင့် တပ်မတော်ဘက်က စစ်သည်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့လို့ မိုင်းပန်မြို့နယ်တပ်မတော်ဆေးရုံကို ပို့ဆောင်ဆေးကုသမှု ခံနေရတယ် လို့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်အနေနဲ့ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်အတိုင်း သန္နိဌာန်စိတ်နဲ့ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်သွားမှာဖြစ်သလို တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့ အပေါ် တရားဥပဒေဘောင်အတွင်းကနေ ပြန်လည်တုံ့ပြန်သွားမယ်ဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ဒီဇင်ဘာ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။

အခုနောက်ဆုံးဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်ပိုင်းရှမ်းပြည်တပ်မတော်အဖွဲ့နဲ့ မြန်မာ့တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေအကြား တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။

“ကျနော်တို့နဲ့ပေါ့နော်။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ပြီးတော့ တွေ့ဆုံဖို့ဆိုပြီးတော့ စီစဉ်ထားတာ ရှိပါတယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ဘက်က နှစ်ဘက်နော် ဆွေးနွေးကြ မှာ ဖြစ်ပါတယ်။”

တပ်မတော်နဲ့ ထိတွေ့မှုမရှိစေဖို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကနေ RCSS/SSA လှုပ်ရှား တပ်တွေကို အမိန့် ထုတ်ပြန်ညွှန်ကြားထားတယ်လို့လည်း သူကဆိုပါတယ်။

မိုင်းပန်-နောင်လေ-ပန်ပိ ဆက်သွယ်ထားသော လမ်းကြောင်းအနီးမှာအခြေပြုထားတဲ့တပ်မတော် စစ်ကြောင်း ကို ပစ်ခတ်တဲ့အဖွဲ့ဟာ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖြစ်တယ်လို့ RCSS ဘက်က ထပ်မံစွပ်စွဲတဲ့ အပေါ် PNLO အဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဗိုလ်မှူးခွန်မင်းသိန်းက ငြင်းဆိုပါတယ်။

“ကျနော်တို့ကမြန်မာ့တပ်မတော်စစ်ကြောင်းကို ကျနော်တို့သွားပြီး ပစ်တယ်ဆိုတာ အဲဒီတိုက်ပွဲ ဖြစ်တယ်ဆိုတာ အဲတာမရှိပါဘူး။”

လက်ရှိမိုင်းပန်မြို့နယ်ဒေသအတွင်းမှာ NCA အပစ်ရပ်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ PNLO တို့အကြား အချင်းချင်း စစ်ရေးပဋိပက္ခ တွေ ဖြစ်ပွါးနေတာပါ။

ဒီဇင်ဘာ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာလဲ နှစ်ဖက်အဖွဲ့အကြားတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဗိုလ်မှူး ခွန်မင်းသိန်းက ပြောပါတယ်။

“နောက်ဆုံးအခြေအနေကဆိုတာ ကျနော်တို့ ၂၄ ရက်နေ့မှာတကြိမ်ဖြစ်တာပေါ့နော်။ မိနစ် ၅၀။ ဒီ ၂၅ ရက်နေ့ ခရစ္စမတ်နေ့ မှာပေါ့နော်။ မနက် ၉ နာရီ ၄၅ မှာတကြိမ်ဖြစ်တယ်။ ၂ နာရီလောက်ကြာ သွားတာပေါ့နော်။ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု နောင်လိန်ရွာ ပအိုဝ့်ရွာအနီးနားမှာ။”

တပ်မတော်အနေနဲ့ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေသလို ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲ ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက် အထိ စစ်ဆင်ရေးနယ်မြေ (၅) ခုမှာစစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် လက်ရှိမှာ တပ်မတော်လှုပ်ရှားမှု အရင်ကထက်ပိုများလာတယ်လို့ တောင်ပိုင်းရှမ်းပြည် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဦး က အခုလိုဆက်ပြောပါတယ်။

“တကယ့်မြေပြင်မှာက တပ်လှုပ်ရှားမှုတွေက ကျနော်တို့နယ်မြေမှာကျတော့နော်။ အရင်အတိုင်းပဲ မထူးခြားဘူး ဖြစ်နေတယ်။ နယ်မြေလှုပ်ရှားမှုတွေ ပိုပြီးတောင် လှုပ်ရှားတယ်လို့ အဲဒီလိုမြင်တယ်။”

လက်ရှိရှမ်းပြည်နယ်အတွင်းမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA တအာင်းပလောင်အဖွဲ့TNLA တို့ကြားမှာလည်း စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲရှိပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ RCSS ဘက်က ငြင်းဆိုချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို သိရဖို့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူးကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့်လည်း တယ်လီဖုန်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG